နာမည်ဆိုတာ ကျွန်တော်တို့ စကားမပြောတတ်ခင် ( ကြိုက်တယ် မကြိုက်ဖူး ပြန်မပြောတတ်ခင်)မှာဘဲ လူကြီးတွေက မေး စမ်း တွက် ချက် လို့ မှည့်ပြီးသား ဖြစ်နေတတ်သည် ။ ကျွန်တော်တို့ ဘယ်လိုမှ ရွေးချယ်ခွင့် မရသော ကိစ္စလည်း ဖြစ်သည် ။ သို့သော် ဘဝတွင် အတော်လေးတော့ အရေးပါသည် ။ လူကို မမြင်ဖူးခင် ကျွန်တော်တို့က နာမည်ကို စကြားရသောကြောင့် ဖြစ်ပါသည် ။ ဗလာစာအုပ်အဖုံးမှာ စာအုပ်ထောင့်နားလေးမှာ ပစ္စည်းတစ်ခုခုမှာ ရေးထားသော နာမည်နှင့် လက်ရေးကို ကြည့်ပြီး ကျွန်တော်ကို သုံးသပ်ကြ ထင်ရာတွေပြောကြ ပြုံးစိစိ လုပ်တတ်ကြပါသည် ။
ကျွန်တော့် ပထမဆုံးနာမည်မှာ သော်တာထွန်း ဖြစ်သည် ။ သူငယ်တန်း စတက်ကတည်းက မူလတန်းကျောင်းသားဘဝ တလျှောက်လုံး ဆရာမတွေက မသော်တာထွန်းလို့ မှားခေါ်လေ့ရှိပြီး တစ်ခန်းလုံးက ဝိုင်းရယ်ကြသည် ။ အိမ်ရောက်တဲ့အခါ လူကြီးတွေကို ငိုပြီး ပြန်ပြော အရေးဆိုတော့ စတုတ္ထတန်းမြို့နယ်စစ် စာမေးပွဲ မတိုင်ခင် အိမ်က ယောက်ျားဆန်ဆန် နာမည်တစ်ခု ပြောင်းပေးလိုက်သည် ။ ဒါက နာမည်နဲ့ ပတ်သက်ပြီး ပထမဆုံး အမှတ်တရပင် ။
(ခ)
ဆယ်တန်းရောက်လို့ day special (လူနှစ်ဆယ်လောက် စုထားသည့် စာသင်ဝိုင်း) တက်တော့ ရွှေအိဆိုသည့် အသားဖြူဖြူ ကောင်မလေးတစ်ယောက်လည်း ပါလာသည် ။ ကောင်မလေးက ရန်ကုန်မှာ မွေးပြီး ရန်ကုန်မြို့ရဲ့ အထင်ကရ အထက်ကျောင်းတစ်ခုမှ ဖြစ်သည် ။ ကျွန်တော်တို့အားလုံး သူမ နာမည်ရင်းကို မသိကြ ။ သူမ ဗလာစာအုပ်မှာလည်း ရွှေအိလို့ပဲ ရေးထားတတ်သည် ။ တစ်ရက် သူမကျောင်းသားကဒ်လေးကို သူငယ်ချင်း မျောက်လောင်းမှ တဆင့် လက်ထဲရောက်လာတော့ နာမည်ရင်းက ကျွန်တော်တို့ အဖွားခေတ်က နာမည်မျိုးကြီး ။ ခပ်ရိုးရိုးနှင့် တောဆန်ဆန် ။ ဒါကြောင့်လည်း ဒီကောင်မလေး သူ့ကိုယ်သူ ရွှေအိလို့ပဲ မိတ်ဆက်ထားတာ ဖြစ်ပေလိမ့်မည် ။
ဆက်ပြီး ဝန်ခံရလျှင် အလှရွှန်းစို သာမောသော မြကျွန်းညို ကဗျာတောမှာ ရွှေအိနှင့် ပြန်တွေ့သောအခါ သူမအလှတရားတွင် ကျွန်တော့်နှလုံးသားလေး ပုံလျက်သား လဲကျသွားခဲ့သည် ။ ရွှေအိဓာတ်ပုံကို သူငယ်ချင်းများကို ပြသောအခါ မင်းက ကံကောင်းသားပဲလို့ လုပ်ကြသည် ။ နာမည်ကို ပြောပြလိုက်သောအခါ မနောက်ပါနဲ့ကွာ ဆိုတာ ကြားနေကျစကားပင် ။ သူမရဲ့ အနစ်နာခံတတ် ကြင်နာတတ် အလျော့ပေးတတ် ဘာသာတရားကိုင်းရှိုင်းသော စိတ်ဓာတ်များကြောင့် သူမကို ကျွန်တော် ဂျနီဖာလိုပါဇ်နှင့် ဒဲ့ဒဲ့ချင်းပင် မလဲနိုင်ခဲ့ပါ ။( လေဒီဂါးဂါးပါ အဆစ်ထည့်ပေးမည် ဆိုလျှင်တော့ စဉ်းစားရပေလိမ့်မည် :D )
ချစ်သူဘဝမှာ အိမ်ကို ခေါ်သွားတော့ ဖေဖေက “ မင်းကောင်မလေး မိဘတွေက ရှေးဟောင်းပစ္စည်းတွေ မြတ်နိုးပုံရတယ်ကွ ။ဒါကြောင့် သူတို့သမီးကို ရှေးတုန်းက နာမည်မျိုး မှည့်ထားတာ” လို့ စပါသည် ။ သူမမှာ ကံကောင်းတာလည်း ရှိပါသည် ။ နာမည်အရင်းနဲ့ ဂျီးမေးလ်အကောင့်လုပ်တော့ ချက်ချင်းရသည် ။ နာမည်တူ မရှိ ။သူများတွေလို ဝမ်းတူးသရီးတွေ dot တွေ ထည့်နေစရာ မလို ။ တခါတလေတော့ သူမကို ကျွန်တော်က စပါသည် ။ “ဝိုင်းစုခိုင်သောင်းတို့ နန်းစုရတီသောင်းတို့ ပြောင်းလိုက်ရင် မကောင်းဘူးလား” လို့ ။ စိတ်လိုလက်ရရှိသည့်အခါ ကလေးလေးတွေ မွေးလာတဲ့အခါကျရင် နာမည်လှလှလေးတွေ ပေးရအောင်နော်လို့ ပြောတတ်ပါသည် ။ ထိုအခါ ကျွန်တော်က ကျွန်တော်နှင့် အီစီကလီဖြစ်ခဲ့ဖူးသော မိန်းကလေး နာမည်တွေ ရွတ်ပြပြီး အဲလိုနာမည်လေးတွေ ပေးတာပေါ့လို့ မျက်စောင်းလှလှလေး လိုချင်စိတ်ဖြင့် စနောက် မိတတ်ပါသည် ။
တကယ်တမ်းတော့ သူမနာမည်သည် ကျွန်တော့်ဘဝမှာ အဓိက မကျခဲ့ပါ ။ ကျွန်တော်နှင့်အတူ အေးအတူ ပူအမျှ လောကနေ့စွဲတွေကို ကူးဖြတ်ရဲတဲ့ ကူးဖြတ်ချင်စိတ်က သူမရဲ့ တန်ဖိုး ဖြစ်ပါသည် ။ နာမည်လှလှလေးနှင့် ချစ်စဖွယ်ရှိနေတတ်သော်လည်း တကယ်တမ်း ဘဝတစ်ခုတည်ဆောက်ဖို့ကို လိမ်မာစွာ ငြင်းပယ်သွားခဲ့သော မိန်းကလေးများထက် ကျွန်တော့် ရှေးဟောင်းပစ္စည်းလေးက ပိုမက်မောဖွယ် ကောင်းခဲ့ပါသည် ။ ငယ်စဉ်က သူငယ်ချင်းများနှင့် သူမကို မိတ်ဆက်ပေးတဲ့အခါ သူမနာမည်ကို ထွက်ဖို့ သူမကော ကျွန်တော်ပါ နှုတ်ရွံ့နေတတ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပေါင်းစည်းမိတဲ့နောက်မှာတော့ ဘာမှ မဟုတ်တဲ့ ကိစ္စလေးတစ်ခုအဖြစ် ကျွန်တော်တို့ကြားက ထွက်ခွာသွားခဲ့ပေတော့သည် ။
(ဂ)
ကျွန်တော်တို့ ခရီးဆက်မယ့် ဟိုင်းဝေးလမ်းမကြီးမှာ ကြယ်တွေ လင်းနေသည် ။ အဝေးပြေးကားဆရာက ကျွန်တော့်မှတ်ပုံတင်နံပါတ် မေးစဉ် သေချာ မကြားလိုက်ဘဲ သူမနာမည်လေးကို ယောင်ရမ်းဖြေမိသွားပါသည် ။
လင်းဒီပ
၃၁.၀၁.၁၂
14 comments:
---သောင်းဆိုတော့ တန်ဖိုးကြီးမှာနော့လေ :P
ဆောင်းဦးလှိုင်ရဲ့ ဟိုင်းဝေးလမ်းမကြီးသီချင်းကိုဆိုသွားပါတယ်
ရွှေအိ ဆိုတဲ့ နာမည်လေးလည်း ချစ်စရာလေးပါ.. ရွှေမိမှ မဟုတ်တာ.. :D
အရေးကောင်းလို့လားမသိဘူး.. ဖတ်လို့ကောင်းလိုက်တာ... သူမရဲ့ နာမည်လေး သိချင်လိုက်တာ.. :D..
ခင်မင်လျက်
နေ၀သန်
သော်တာထွန်းကတော့ ဘယ်အချိန်ပြန်ကြားကြား ပြုံးမိတဲ့ နာမည်။
ပို့စ် ဖတ်ပြီး နီကိုရဲ ရဲ့ ကျွန်မ၏ပြား ကို သွားသတိရတယ်။ :P
"ကျွန်တော်နှင့်အတူ အေးအတူ ပူအမျှ လောကနေ့စွဲတွေကို ကူးဖြတ်ရဲတဲ့ ကူးဖြတ်ချင်စိတ်က သူမရဲ့ တန်ဖိုး ဖြစ်ပါသည်" ... လို့ နတ်သမီး ကို ဖွဲ့နွဲ့ထားတာလေး လှတယ်။
ကိုလင်းဒီပ ကံကောင်းတယ်။
း))
what a lovely essay for (newly &) lovely wife... she will love it... :))
zz
ကိုလင်းဒီပ ရေ ခင်ဗျားဆိုဒ်ကို ကျွန်တော် RSS ယူထားတာ ဒီဝတ္ထု တစ်ပုဒ်ထဲနဲ့ ကိုတန်တယ်လို့ ခံစားရပါတယ်။အရမ်းကြိုက်ပါတယ်။
ဒီပိုစ့်လေူကိုဖတ်ပြီးသူငယ်ချင်တစ်ယောက်ရဲ့ အမည်နဲ့သူ့ကိုသတိရနေမိတယ်
သူ့နာမည်က (သိန်းတစ်ရာဝင်း)တဲ့
ကွန်မတို့ အားလုံးလဲ ခရီးဆက်မယ့် ဟိုင်းဝေးလမ်းမကြီးမှာ
ပေါ့နော်
အရေးအသားအရမ်းကောင်းပါတယ်
စာလေးက ချစ်ဖို့ကောင်းလိုက်တား)
Haha , like it too much .I never know u have eisikali with pretty named girl .:)
Haha , like it too much .I never know u have eisikali with pretty named girl .:)
Haha , like it too much .I never know u have eisikali with pretty named girl .:)
မလင်းဒီပ။
ဒီစာက တကယ့်ကို ချစ်စရာကောင်းတဲ့ စာ။
Post a Comment