Saturday, October 18, 2008

အဖိုးရဲ့ဒေါသ

ကျွန်တော်အဖိုးလုပ်တဲ့သူက အမတန် စည်းကမ်းကြီးပြီးတော့ အတော်လည်း စေ့စပ်သေချာတယ်။ ရပ်ရေးရွာရေး ကိစ္စရှိလို့ စားပွဲ ကုလားထိုင်တွေလာငှားတယ်ဆို ပေးလိုက်တယ်။ဒီတိုင်းတော့ မဟုတ်ဘူး။သူ့သစ်သားချိန်ခွင် အကြီးကြီးနဲ့ ချိန်တယ်။အလေးချိန် မှတ်ထားတယ်။ ပြန်လာအပ်ရင် တစ်ခါ ပြန်ချိန်တယ်။ ငှားသွားတုန်းက အချိန်နဲ့လွဲနေရင်တော့ ဒါသူ့ပစ္စည်း မဟုတ်ဘူးပေါ့ဗျာ။အဲလို လူမျိုး ။

သူ့မိတ်ဆွေတစ်ယောက်က အတော်အငှားအရမ်း ထူတယ်ဗျ ။ အမြဲတန်း ထီးလာလာ ငှားတယ် ။ကြာလာတော့ အဖိုးလည်း စိတ်တိုလာပုံ ရတယ်။ ဒီတစ်ခေါက် ထီးလည်း လာပြန်ပေးရော ။ “ကဲ..ဟေ့လူ ဒီထီးရှိတော့ ခင်ဗျားလည်း လာလာ ငှားနေရတာ အလုပ်ရှုပ်တယ် ။ကျုပ်လည်း ထုတ်ထုတ် ပေးရတာ အလုပ်ရှုပ်တယ် ။ဒီတော့ ချိုးလိုက်တာ ပြီးရောဗျာ ” ဆိုပြီး သူ့ရှေ့တင်ချိုးပြီး လွှင့်ပစ်လိုက်တယ်တဲ့ဗျာ။
လင်းဒီပ
၁၈.၁၀.၀၈

Friday, October 17, 2008

ငှက်တစ်ကောင်ကျန်ခဲ့တဲ့မြို့လေး


(က)
နယ်မြို့လေး၏ ဘူတာရုံအိုအိုလေးသည် အမှောင်အောက်မှာ မှုန်တိမှုန်ဝါးနှင့် ။ ဘူတာနှင့်ကပ်လျက် လက်ဖက်ရည်ဆိုင်ထဲတွင် ဘောလုံးပွဲပြနေပြီး အားပေးနေသူလည်း အတော်များသည် ။ နောက် မလှမ်းမကမ်း ကာရာအိုကေဆိုင်ထဲမှာ ကိုစိုးမိုး၏ ..ကဲ အခုတော့ ဘာပြောမလဲ ဖွင့်ပြောရဲတဲ့ တစ်ယောက်နဲ့တွဲပြီ..ဆိုတဲ့ မူးမူးနှင့်ဆိုနေတဲ့ အသံကြီးက အိပ်ငိုက်နေတဲ့ ဆိုက်ကားသမားတွေ ဆဲလောက်အောင် ကောင်းနေသည် ။ အင်းလေ ခင်ဗျားက မူးမူးနေမှတော့ ဟိုတစ်ယောက်က ထားခဲ့မှာပေါ့ဗျ လို့ တစ်ယောက်တည်း ပြောလိုက်မိသည် ။ ဘူတာလေးထဲမှာ ကောင်ညင်းပေါင်းရောင်းနေသည့် အဒေါ်ကြီးကို အဏ္ဏဝါနဲ့စိုးကြီး သွားရစ်နေသည်။ ဒီကောင်တွေက မူးလာရင် ဒီလိုပဲ ပေါက်တတ်ကရ လုပ်ဖို့ အမြဲ့အသင့် ။သူ့ခါးမှာ walkie talkieကြီး ချိတ်ထားတော့ ကောင်ညင်းပေါင်းသည်ကြီးကလည်း ဘာမှန်းမသိတော့ ကြောက်နေသည်။ တကယ်ကတော့ ဘာကောင်တွေမှမဟုတ် ။ site ထဲကယူလာတဲ့ ကားအကောင်းစားကြီး လမ်းမှာပျက်ရင် site နဲ့ဆက်သွယ်လို့ရအောင် ယူလာရတာ ။ ရထားကခုထိဝင်မလာသေး ။ တစ်နာရီလောက်တောင် နောက်ကျနေပြီလေ ။ ဆေးလိပ်တစ်လိပ် ထပ်ထုတ်ဖွာရင်း စုလှိုင်အကြောင်းတွေးမိတော့ တစ်ယောက်တည်းပြုံးမိသည် ။ တစ်ရက်ထက်တစ်ရက် မြင့်မြင့်တက်လာတဲ့ သံဃောဇဉ်တွေကို ဘယ်လို ရှင်ခန်းဖြတ်ရပါ့လေ ။
ရထားဝင်လာတော့ စီနီယာအင်ဂျင်နီယာ အစ်ကိုကြီးကို ရထားပေါ် အထုတ်တွေ ကူတင်ပေးပြီး ရထားထွက်တော့ အဏ္ဏဝါနဲ့စိုးကြီးကို မနည်းရှာယူသည်။ ကောင်ညင်းပေါင်းသည်ကြီးနှင့် ဘယ်လိုလေကြောတည့်နေသည်မသိ ။ပြန်ဖို့ကို မနည်းခေါ်ယူရသည်။ ကိုစိုးမိုးကတော့ ခုချိန်ထိ ကာရာအိုကေဆိုင်ထံမှာ ဖွင့်ပြောရဲတဲ့ တစ်ယောက်နှင့်တွဲနေတုန်း ။ သူလည်းမြန်မြန်ခေါ်ဦးမှ ။ ဒါတောင် သူက တစ်ညလုံး ဆိုမှာ လုပ်နေတုန်း။
ဘူတာဘက်ကပြန်ထွက်လာပြီး ကားက စုလှိုင်တို့အိမ်ရှေ့ကဖြတ်တော့ တချက်ငေးမိသေးသည်။ စုလှိုင်တို့ဖေဖေဆေးခန်းလေးက လမ်းမီးဝါဝါတွေအောက်မှာတိတ်လို့။စုလှိုင်လည်း အိပ်နေလောက်ရောပေါ့ ။ဒါမှမဟုတ် ”ကို့ အဲဒီကားတွေက အရမ်းရယ်ရတာပဲ”လို့ ပြောလေ့ရှိသည့် ဟာသရုပ်ရှင်ကားတွေ ကြည့်နေတာလည်း ဖြစ်လောက်သည်။ ငြိမ်းချမ်းပါစေ ညီမလေးရယ်။
(ခ)
စုလှိုင်ရေ..ဟောဒီလောကကြီးကညီမလေးသိတာထက်အများကြီး ကျယ်ပြောပါရဲ့..ရှုပ်ထွေးပါရဲ့..ညီမလေးသိတာက ဒေါ်ခင်ဝင်းအသုပ် ဆိုင်ရယ်..ဒီဇိုင်းအသစ်တွေရောက်ရင် အမြဲသတင်းပေးတဲ့ အန်တီနွယ်တို့အထည်ဆိုင်.. နောက်ညီမလေးတို့ လမ်းထိပ်က Beauty Solon .. ညီမလေး သိတဲ့ဘဝက ဟောဒီလမ်းကလေးရယ် ရေမုန့်ကောင်းကောင်းတွေရတဲ့ဘူတာရုံနားက ဆိုင်လေးရယ်..နောက် ကိုယ်တို့မနက်စောစောထိုင်နေကျ ပဲပလာတာနဲ့ လက်ဖက်ရည်ကောင်းကောင်းရတဲ “့ရွှေကဖေး”….
ညီမလေးတို့မြို့အဝင်က လှိုက်လှဲစွာကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကြီးအလွန်မှာ ညီမလေး မတွေးမိသေးတာတွေ အများကြီး ရှိသေးတယ်လေ။ ကျယ်လွန်း ကြမ်းလွန်း လေ့လာစရာတွေ များလွန်းတဲ့ အတောင်ပံတွေ ထပ်ဖြန့်ရဦးမယ့် လောက လွင်ပြင်ကျယ်ကြီးပေါ့ စုလှိုင်ရေ။ ကိုယ်က ဗိသုကာပညာကို ဟိုးငယ်ငယ် ဗိသုကာဘာသာရပ်မှန်း မသိခင်တည်းက စိတ်ဝင်စားခဲ့တာ ။ဒါဆို စုလှိုင်ကို စိတ်ဝင်စားတာထက် အများကြီး စောတယ်ပေါ့ လို့စကားနာထိုးရင်လည်း ခံရမှာဘဲ။ ဒီမြို့ ဒီစီမံကိန်းကို ရောက်လာတာလည်း ကိုယ့်လေ့လာထားတဲ့ ပညာတွေကို အသုံးချဖို့ပဲလေ။အဲဒီမှာ စုလှိုင်ဆိုတဲ့ အရိုင်းစံပယ်လေးနဲ့ တွေ့တာ။အမြဲတမ်း အဆောက်အဦးဒီဇိုင်းတွေ အလင်းအမှောင်တွေ..function တွေ ..form တွေနှင့်ပဲ လုံးလည်လိုက်နေ…Drawing တွေနဲ့ပဲနေထွက်နေဝင်တတ်တဲ့ လူတစ်ယောက်အတွက် စုလှိုင်က ဘုရားပေးတဲ့လရောင်ပါပဲကွယ် ။
ကိုယ်တို့နှစ်ယောက် ချစ်သူဖြစ်ပြီးတဲ့နောက်မှာ စုလှိုင် အမေက အေးအေးဆေးဆေး ခေါ်တွေ့တယ် ။သူတို့ရဲ့ တစ်ဦးတည်းသော သမီးလေးနှင့်လက်ဆက်ပြီး ဒီမြို့လေးမှာပဲနေဖို့…စုလှိုင်တို့ မိသားစုပိုင်လုပ်ငန်းတွေကိုပဲ ဦးစီးလုပ်ကိုင်ဖို့။စုလှိုင်ဖေဖေဆိုလည်း ဒီမြို့လေးရဲ့ဆေးရုံမှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်ပိုင် ဆေးခန်းလေးနဲ့ မိသားစုဘဝလေးကို ငြိမ်းချမ်းစွာ ဖြတ်သန်းနေတာ။အန်တီ ပြောပြတာတွေက ဟုတ်တော့ ဟုတ်ပါတယ်။ဒါပေမယ့် မပြီးဆုံးသေးတဲ့ ကိုယ့်အိပ်မက်တွေ အတွက် ကိုယ်ခရီးဆက်ရဦးမှာ။ ကိုယ့်အိပ်မက်တွေကို နယ်မြို့လေးတစ်မြို့မှာ ဘယ်လိုသတ္တိမျိုးနဲ့ကို အဆုံးသတ်ရမလဲ။ ကိုယ် စုလှိုင်ကို မုန်းလို့မှ မဟုတ်တာ။ ကိုယ်လျှောက်ထားတဲ့ နိုင်ငံခြား တက္ကသိုလ်တစ်ခုမှာ ဗိသုကာနဲ့ ပတ်သက်တဲ့ Master တစ်ခုယူမယ်။ နိုင်ငံခြား တိုင်းပြည်တစ်ခုမှာ အချိန်တစ်ခုထိနေမယ် ။ပြီးရင်ပြန်လာမယ်။ မြန်မာပြည်မှာ ပြန် အခြေချမယ် ။ ကိုယ်ဆက်မယ့်ခရီးမှာ မုန်တိုင်းတွေလည်း ရှိရင်ရှိနေမှာပေါ့ စုလှိုင် ။ဒါပေမယ့် ကိုယ်သွားရလိမ့်မယ်။ သူတို့ရဲ့တစ်ဦးတည်းသော သမီးလေးကို ကိုယ်နဲ့ထည့်လိုက်ဖို့ လူကြီးတွေ စိတ်မချတာလည်း သဘာဝကျပါတယ်။မိဘမေတ္တာကို ကိုယ်နားလည်တယ်။ ကိုယ်ကလည်း ဒီခရီးကိုဆက်မှ ဖြစ်မှာလေ။
ကိုယ်ပြန်လာမှာတော့ သေချာတယ် ။ဒါပေမယ့် ကိုယ့်ကို ဆက်ဆက်စောင့်နေပါလို့တော့ ကိုယ်မပြောဘူး စုလှိုင် ။ ကတိစကားတစ်ခုနဲ့ စုလှိုင်ကို ချုပ်နှောင်မထားခဲ့ချင်ဘူး ။အဆင်ပြေမယ့် တစ်ယောက်ယောက် တွေ့ခဲ့ရင် ရွေးချယ်လိုက်ပါ ညီမလေး ။ဘဝခရီးက အရှည်ကြီးလေ ။ ရှေ့ဘာတွေဖြစ်လာမယ် ဆိုတာဘယ်သူက သေချာပြောနိုင်မှာလဲ ။
သေချာတာက စုလှိုင်ကို ကိုယ်ချစ်တယ်။ဒီမြို့လေးကို ကိုချစ်တယ်။ ကိုယ်ပြန်ရောက်လာတဲ့အချိန် အနားမှာ ဘယ်သူမှ မရှိသေးရင် ကိုယ့်ကို ပြန်လည်နားခိုခွင့်ပြုပါ ။ တစ်ယောက်ယောက် ရှိနေခဲ့ရင်တော့ ကိုယ့်ကိုသူနဲ့ လက်ဆွဲနှုတ်ဆက်ခွင့်ပြုပါ။ ငြိမ်းချမ်းပါစေ ညီမလေးရယ်။
လင်းဒီပ
၁၇.၁၀.၀၈

Wednesday, October 15, 2008

သူခိုးကြီးနဲ့ သူခိုးလေး


ကျွန်တော် နယ်က Project တစ်ခုမှာ အလုပ်လုပ်နေတော့ သင်္ကြန်တစ်ခုမှာ မပြန်ဖြစ်ဘူးဗျ ။ site duty ဆိုပြီး နေဖြစ်တယ် ။ site ထဲက ကျောက်ပြားတွေ.သံချောင်းတွေကစလို့ ကေဘယ်တွေ လျှပ်စစ်ပစ္စည်းတွေ အထိပေါ့ဗျာ ။မပျောက်အောင် ဝိုင်းဝန်းစောင့်ကြရတာပေါ့ ။အနီးအနားရွာတွေက လာလာခိုးတတ်တယ်ဗျ ။ ဖြစ်ချင်တော့နှစ်ဆန်းနှစ်ရက်နေ့မှာ ကျောက်ပြားတွေပျောက်ကော..။မြင်လိုက်တဲ့လူတွေ ပြောစကားအရ အနားကရွာတစ်ရွာက ဆိုင်ကယ်နဲ့လာသယ်သွားတာ တွေ့တယ်တဲ့။ ဒီတော့ မန်နေဂျာက Duty ကျတဲ့ လူတွေစုပြီး ရွာထဲကိုဝင်ဖို့ လုပ်တယ် ။ ရွာထဲကို ကျွန်တော်တို့ကားကြီး မီးထိုးပြီး ဝင်ချသွားတော နည်းနည်းတောင် မှောင်နေပြီ ။ ကားပေါ်မှာ မန်နေဂျာ ရယ် ၊ကျွန်တော်တို့ Duty စောင့်တဲ့ အင်ဂျင်နီယာတွေရယ် ရဲကင်းက ရဲနှစ်ယောက်ရယ်ပေါ့ ။ပထမဆုံး ရွာလူကြီး ဝင်ခေါ်တယ် ။နောက် သတင်းရထားတဲ့အိမ်ကို ဝင်ရှာတော့ ၊အိမ်ရှေ့က ကောက်ရိုးပုံထဲမှာ ဖွက်ထားတဲ့ ကျောက်ပြားတွေ တွေ့တယ်ဗျ။ ဒါနဲ့ ခိုးတဲ့ကောင်လေး ခေါ်ထုတ်တော့ ပထမတော့ငြင်းတယ် ။နောက်မြင်တဲ့လူတွေစကားအတိုင်း ထောက်စစ်တော့ ဝင်ခံပါတယ် ။ ကောင်လေးက လာသာခိုးသာ ခြေထောက်လေးတစ်ဖက်က ဆာနေတယ် ။ မန်နေဂျာလုပ်တဲ့သူပေါ့ဗျာ ..အဲဒီကောင်လေးကို လူတွေ ဝိုင်းကြည့်နေတဲ့ကြားထဲမှာ ပထမ ခြေထောက်နဲ့ကန်တယ်..နောက်ပါးတွေကို ရိုက်လိုက်တာဗျာ ..ဖြောင်းကနဲ။နောက်တော့ ကောင်လေးကို ရဲစခန်း ပို့လိုက်တယ်ပေါ့ဗျာ ။
…………….
နောက်လေးငါးလကြာတော့ siteကို ကျွန်တော့်တို့ ကုမ္ပဏီကပါပဲ စာရင်းစစ်ဝင်တယ်ဗျ။စာရင်းတွေက သိန်းရာနဲ့ချီပြီးကွာနေပါရော ။မန်နေဂျာရယ် စတိုတာဝန်ခံရယ်ကို ရုံးချုပ်ပြန်ခေါ်ပြီးစစ်တာပေါ့ဗျာ ။အားလုံးစစ်ဆေးပြီးတော့ မန်နေဂျာရယ် စတိုတာဝန်ခံရယ် အလွဲသုံးစား လုပ်ထားတာတွေ ပေါ်ပြီး ပြုတ်သွားတယ် ။ ထောင်တော့ မကျပါဘူး ။
…………….
ကျွန်တော် ပြန်ပြီး စဉ်းစားမိတာက ကျောက်ပြားခိုးတဲ့သူခိုးလေးကို လူတွေအများကြီးကြားမှာသူရိုက်နှက်လိုက်တာက ဒါလေးတောင် အသုံးကျအောင်မခိုးနိုင်ဘူးဆိုပြီး သူခိုးကြီးက သူခိုးလေးကို ဆုံးမလိုက်တာများလားလို့လေ။
လင်းဒီပ
၁၅.၁၀.၀၈
Photo Source:picture by kristy-anne
media.photobucket.com

Tuesday, October 14, 2008

ကျွန်တော်နှင့်ယိုးဒယား(၂)


စက်ရုံထဲ ဝင်လိုက်တော့ အရာရာသည် ကျွန်တော်အတွက် အသစ် ။ Textile Factory …ကျွန်တော်တစ်ခါမှ ခြေမချဖူးသောနေရာ ။
ရောက်လာတဲ့နေရာမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစား လုပ်ရမှာပဲလို့ စဉ်းစားမိပါတယ် ။ စက်တွေကြည့်လိုက်တော့ အတော်လေး အိုနေတဲ့ Germany made တွေ ။ အသစ်ဆုံးဆိုတဲ့စက်တောင် လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်လောက်က ဆင်ထားတာမျိုးလေ ။ အတော်လေး သစ်တဲ့စက်တွေကတော့ Color Lab ထဲက စက်တွေ ။ ကျွန်တော့်ကို ခေါ်လာတာက စက်ရုံရဲ့ Electronic ပိုင်းတွေ ပြုပြင် ထိန်းသိမ်း ဖို့။ကျွန်တော့်မိတ်ဆွေကြီးက Textile အတွေ့အကြုံရှိသူ ။သူကိုတော့ Electrical ပိုင်းအတွက်ပေါ့။

စက်ရုံဝန်ထမ်းတွေကတော့ မြန်မာရယ် ကန်ဘောဒီးယားနဲ့ အိမ်ရှင် ထိုင်းလူမျိုးတွေ။ အသစ်ရောက်ခါစ ဘာလုပ်ရမှန်း မသိခင်မှာပင်
ပြဿနာက ဝီရိယကောင်းစွာ ကြိုကြိုတင်တင် စောင့်နေပါတယ်။ ကျွန်တော်တို့မရောက်ခင် စက်ရုံမှာ ရှိပြီးသား စီနီယာအင်ဂျင်နီယာတစ်ယောက် ရှိသည်။ ထိုအစ်ကိုကြီးနာမည်က ဂျိမ်း(James) …ဒီမှာပြောစရာရှိတာက ကျွန်တော်တို့ကိုလည်း တစ်ယောက်နှင့်တစ် ယောက်ခေါ်ရလွယ်အောင်လို့ ဘိုနာမည်တွေပေးတယ်ဗျ..ကျွန်တော့်နာမည်က စတီဗင်(Steven) ..ကျွန်တော့်အဖော်နာမည်က ဗင်းဆင့်(Vincent) ဖြစ်သွားရော..။ရစ်ချတ်(Richard) တို့..ဒေးဗစ်(David) တို့လည်းရှိတယ်ဗျာ ။ ကျွန်တော်တို့မရောက်ခင် တည်းက မြန်မာပြည်က ထပ်ခေါ်လာတဲ့ လူသစ်တွေ ရောက်ရင် အဲဒီကိုဂျိမ်းကို အဖက်လုပ်စရာ မလိုတော့ဘူး ဆိုတဲ့ပုံမျိုး ဘောစ့်က လုပ်ထားတယ်ဗျ ။ဆိုတော့ အလုပ်ထဲစဝင်တည်းက ကိုဂျိမ်းက ကျွန်တော်တို့နှစ်ယောက်ကို မကြည်လည်းမကြည်..သွေးတိုးလည်းစမ်းပေါ့။
ကျွန်တော့်မိတ်ဆွေကြီး ကိုဗင်းဆင့်ကလည်း ဘောစ့်နှင့်ရန်ကုန်က အထည်ချုပ်စက်ရုံမှာ အလုပ်တွဲလုပ်ဖူးတယ်။ကိုဗင်းဆင့်ကလည်း ဘာတွေ လုပ်ပြထားတယ်မသိ ။ဘောစ့်က ဗင်းဆင့်ဆို သိပ်အထင်ကြီးတာ ဘာမဆို ဗင်းဆင့်လုပ်နိုင်တယ် ဆိုတာချည်းပဲ..သူက ဒီလိုပြောလေ ကိုဂျိမ်းက ပိုတင်းလေပေါ့ဗျာ ။ ကိုဂျိမ်းကလည်းကျွန်တော်အမြင့် တော်တော်လည်းတတ်တယ် .မာနလည်းကြီး တယ်…ဂျစ်တစ်တစ်ပေါ့ဗျာ..ကျွန်တော်ကတော့ သူ့ကို အထင်ကြီးတယ်ဗျ..သူနှင့်လည်း တွဲပြီးအလုပ်လုပ်ချင်တယ် ။ဘောစ့်ကပေး မလုပ် ဘူး…မသိတာမတတ်တာ ကိုယ့်ဘာသာလေ့လာတဲ့။လုံးဝလည်းပေးမတွဲဘူး။ ဗင်းဆင့်ရယ် ကျွန်တော်ရယ်နှစ်ယောက်ပေါင်းပြီးစက်တွေပြင်။ မပြီး ။တစ်ကိုယ်လုံးလည်း စက်ဆီတွေနဲ့ ညစ်ပတ်ပေပွ ။ကိုဂျိမ်းက အနားလာ ဘာမှမပြောဘဲ ပြုံးပြုံး ပြုံးပြုံးနဲ့ ပြန်သွား ။ဘောစ့် က အချိန်ဖြုန်းတယ်လို့လာဟောက် ။ယိုးဒယားအလုပ်သမားတွေက ထိုင်ရယ်နေ ။ ကျွန်တော်တို့နှစ်ယောက်ကလည်း ဟိုလိုလုပ်ပါလား ဒီလိုလုပ်ပါလား ဆိုပြီး တစ်ယောက်နှင့် တစ်ယောက် ရန်ဖြစ်နေ ။ အဲဒီရက်တွေက ညညဆို လေယဉ်ပျံတွေ ပျံသွားတာ ငေးကြည့်ရင်း မေမေရေလို့ တစ်ယောက်တည်း တိုးတိုးလေး အော်နေတတ်တယ်။

နောက်တစ်ခုဆိုးတာက ဘောစ့်က သူကို့သူ သူဌေးဂိုက်က အပြည့် ဘာမှမတတ်တဲ့ ကောင်လေးတွေ ရွာကခေါ်လာတဲ့ မျက်နှာပေးနဲ့ ဆက်ဆံတာ..တော်သေးတာ..တရားဝင်ဝင်လာလို့..မဟုတ်ရင် ဘယ်လောက်နှိမ်လိုက်မလဲ ။(ဘောစ့်က တရုတ်လူမျိုး တရုတ်စကား မြန်မာစကား ဖာစာထိုင်း အကုန်ရတယ်…ဘယ်မှာ မွေးတယ်တော့ မသိဘူး..မိန်းမကတော့ ထိုင်းလို့ပြောတာပဲ)။

တစ်ရက်ဗျာ..ဆိုးလိုက်တဲ့အဖြစ် ပြောရဦးမယ်..ကျွန်တော်တို့နှစ်ယောက် Dye Section(ဆေးဆိုး)က အဲကွန်းကို တက်ပြင်ကြ တယ်..အမှန်ကတော့ Outdoor unit ကြီးကို အပေါ်မှာတင် ပြင်လို့ရတယ်ဗျ..ဒါပေမယ့် နှစ်ယောက်လုံးက မကျွမ်းကျင်တော့
Outdoor unit အလေးကြီးကို ခဲရာခဲဆစ်အောက်ချတယ်။ Ceiling ပေါ်တက်ပြီးတန်းလေးတွေပေါ်က သတိထားပြီး လျှောက်ရတာ ။အောက်မှာက Dye က ဝန်ထမ်းတွေ အလုပ်လုပ်နေကြတာ။ Ceiling က ကျောက်ပြားတွေကပ်ထားတာ အတော်တောင် ဟောင်းနေပြီ။
ချတုန်းက အိုကေပဲ ။ပြင်ပြီး အဆင်ပြေပြီ ပြန်တင်ပြီးတော့ Ceiling တန်းတွေပေါ်မှာနောက်ပြန်အဆုတ် ခြေချော်ပြီးတော့ နှစ်ပေပတ်လည်ကွက်ထဲက ပြုတ်ကျပါလေရော…ဝုန်းကနဲ..။ တော်သေးတာက အောက်က အဝတ်ပုံပေါ်တည့်တည့် ပြုတ်ကျလို ။Dye ကကောင်မလေးတွေက လူကြီးတစ်ယောက်လုံး Ceiling ကြီး ပေါက်ပြီး ထွက်ကျလာတော့ ဘာပြောကောင်းမလဲ..ပထမ ကြောင်သွားပြီး..နောက် ဝိုင်းရယ်ကြတာပေါ့ဗျာ..

ကျွန်တော်လည်း Maintaince လိုက်လုပ်ရတာ အတော် စိတ်ပျက်လာတယ် ။ PLC လည်း မသိချင်တော့ဘူး။Speed Control လည်း နားမလည်ချင်တော့ဘူး။Air-con System လည်းမလေ့လာချင်တော့ဘူး။ ရှေ့ဆက်ရမယ့်ရက်တွေမှာဘာတွေဆက်ဖြစ်လာဦးမယ်မသိဘူး။
လင်းဒီပ
၁၄.၁၀.၀၈

Monday, October 13, 2008

အချစ်အကြောင်းတွေးလိုက်ရင်


အချစ်လားလို့ တွေ့တွေ့ချင်းလှမ်းမေးတော့ သူက မသိဟန်ဆောင်ပြီး ထွက်သွားသည်။ ကျွန်တော်က ပိတောက်ပန်းတွေ ပန်ထားသော အုန်းလက်မဏ္ဍပ်လေးမှာ တိတ်ဆိတ်စွာ ကျန်ခဲ့ပါသည် ။ တကယ်ကတော့ ကျွန်တော်သည် အချစ်ကိုတစ်ခါမှ မတွေ့ဘူးသေးသောကြောင့် မှားယွင်း နှုတ်ဆက်မိခြင်းလည်း ဖြစ်နိုင်ပါသည်။အချစ်သည် အပြာရောင်လား အဖြူဆွတ်ဆွတ်လေးလား ..မွှေးရနံ့ရှိပါသလား ..မည်သို့ စမ်းသပ် အတည်ပြုနိုင်ပါသနည်း..မသိနိုင်ပါ။ ထိုညနေက အိမ်ပြန်လာတော့ ရေစက်လက် လူတွင်စိုနေသလို စိတ်ထဲတွင်လည်း အချစ်ကို သိလိုစိတ် အတွေးတွေ စက်လက် စိုနေပါသည်။
ထိုနောက် ညများစွာ နေများစွာကို အလယ်လူတစ်ယောက်အဖြစ် ကျွန်တော် ဖြတ်သန်းလာခဲ့သည်။ စမ်းချောင်းလေးဘေးတွင်လည်း ပျင်းလျှင် သွားထိုင်နေဖြစ်သည်။ ရေစီးသံကိုလည်း နားထောင် ဖြစ်လာသည် ။ တခါတရံ ငါးလေးများ ကူးခတ်နေသည်ကိုလည်း ဘယ်အရပ်သွားနေကြပါလိမ့်ဟု ငေးကြည်နေမိသည်။ ပန်းတွေ ပွင့်ပုံ ကြွေပုံလည်း အချိန်ပေး စဉ်းစားမိလာသည် ။ အချစ်သည် စမ်းရေထဲမှာများ မျောပါလာ လေမလား ..ရေစီးသံထဲတွင်ပဲ သီချင်းတစ်ပုဒ်အဖြစ် လိုက်လာလေမလား..ရွှေငါးလေးတစ်ကောင်လို ကိုယ်ရောင် ဝှက်နေတာလား…ဒါမှမဟုတ် ပန်းကလေးတစ်ပွင့်လိုများ ကြွေကျလာမလားလို့ ရင်ခုန်စိုးထိတ် နေခဲ့ပါသည် ။ ထိုရက်များတွင် အိမ်ပြန်နောက်ကျခဲ့ပါသည် ။အိပ်ချိန်ညဉ့်နက် ခဲ့ပါသည် ။(နောက်ကျရထားကို စောင့်နေသော လူတစ်ယောက်ပေါ့လေ)
ခက်သည်က အချစ်၏ပုံပန်းသဏ္ဍန်ကို ကျွန်တော် လုံးဝမသိ ။ အချစ်သည်ဘာမှ မရေးခြစ်ရသေးသည် စာရွက် တစ်ရွက်လည်း ဖြစ်နိုင်ပါသည်။ဖြေဆိုချိန် သုံးနာရီသာ ပေးထားသော မေးခွန်းတစ်ခုလည်း ဖြစ်နိုင်ပါသည် ။ရွှေ ရောင်ဆံညှပ်ကလေး ဖြစ်နိုင်သလို. အနီရောင်ပုံတော်ဖိနပ်လေးလည်း ဖြစ်နိုင်ပါသည် ။တခြား ဖြစ်နိုင်ခြေများ လည်း အများကြီး ရှိနိုင်ပါသည် ။ ဖြစ်နိုင်ခြေများထဲမှ အဖြေတစ်ခုကို ကြိုးစားရှာနေမိသည်။ အဖြေက မထွက် လာသေးပေ။
ကျွန်တော်သည် အချစ်ရှိနိုင်မည် ထင်သောနေရာများကို စိတ်ပါလက်ပါ လိုက်ရှာပါသည်။ကြာပန်းလေးများ ပွင့် နေသော ရေကန်လေးဆီလည်း ရောက်ပါသည် ။ လူသိပ်မများသော ကော်ဖီဆိုင်လေးဆီလည်း ရောက်ပါ သည်။ တောင်ပေါ်မြို့လေးတစ်မြို့ဆီလည်း ရောက်ပါသည် ။အချစ်က ကျွန်တော့်ကို တွေ့လျှင်လည်း မြင်နိုင် ရန် လှမ်းခေါ်နိုင်ရန် မကြာခဏလည်း လူလုံးပြပါသည်။ အချစ်သည်ကျွန်တော့်ကို မတွေ့ခဲ့။ကြောက်နေတာ တစ်ခုလည်းရှိသေးသည် ။ကျွန်တော်က အချစ်ထင်ပြီးနှုတ်ဆက်လိုက်မည် ။သူကလည်း ဟုတ်ပါသည်ဟု ပြောမည်။ တကယ်တမ်း ရင်ထဲ တပ်ဆင်ပြီးကာမှ အချစ်မဟုတ်ပဲ မျှော်လင့်မထားသည့်တစ်ခုခု(ဥပမာ အမုန်း)ဖြစ်နေခဲ့ရင်ကော..တကယ်လို့ ဓာတ်ပြယ်သွားရင်ကော…Side Effect တစ်ခုခုတော့ နှလုံးသားသည် ခံစားရမည် ထင်ပါသည်။
ဒီလိုနေထိုင်ရင်း ဥတုသုံးပါးလုံး အချစ်ကို တိတ်တဆိတ် လိုက်ရှာနေမိပါသည် ။တချို့သူငယ်ချင်းများက ကံကောင်းထောက်မပြီး စောလျှင်စွာ တွေ့သွားတတ်ပြီး တချို့ကရှာဖွေနေဆဲ ဖြစ်ပါသည် ။ ဝမ်းနည်းစရာ ကောင်းတာက တွေ့သွားပြီး သူငယ်ချင်းများထဲမှ အနည်းငယ်က ကျွန်တော်တွေးထားသလို တပ်ဆင်ပြီးမှ မှားယွင်းနေကြောင်း တွေ့ရခြင်းပင် ။ အများစုကတော့ အဆင်ပြေပါသည်။ ကျွန်တော်ကလည်း ရှာဖွေဆဲလေ…အချစ်ရေ..ငါ့ကိုတွေ့ရင်လည်း မင်းလှမ်းခေါ်လိုက်ပါကွယ်..ငါ့မှာ မိနစ်ကိုးဆယ်ပြည့်ဖို့ နည်းနည်းပဲ လိုတော့ တယ်လေ..
လင်းဒီပ
၁၃.၁၀.၀၈
(ရွာသားလေးTag ပါသဖြင့် အချစ်အကြောင်းကို နားမလည်ပါးမလည် တတ်ယောင်ကားဖြင့် ရေးလိုက်ပါသည်။ အဆင်မပြေပါက ပွင့်ပွင့်လင်းလင်း အော်သွားနိုင်ပါသည် ခင်ဗျား။)
Photo Source:picture by panicha9

Sunday, October 12, 2008

မိုးတွေ အရမ်းရွာနေတယ် သူငယ်ချင်း


မိုးတွေအရမ်းရွာနေတယ် သူငယ်ချင်း
ငါ့ကို လာမနှုတ်ဆက်လည်း မင်း ဘာမှမဖြစ်ဘူး
မင်းကားပေါ်က ဆင်းလာရမယ်..
နောက် မိုးရေတွေကိုဖြတ်သန်းရမယ်..
ငါ့ကို နှုတ်ဆက်လိုက်ခြင်းက မင်းအတွက်ထူးခြားပြီး
ပျော်စရာကောင်းတဲ့ ကိစ္စလည်းမဟုတ်
မင်းအမျိုးသားကို ပြန်ပြောပြစရာ အကြောင်းတစ်ခုမဟုတ်သလို
မင်းမာမီကလည်း ငါ့နာမည်ကို ကြားချင်မှာ မဟုတ်ပါဘူး ။

မိုးတွေအရမ်းရွာနေတယ် သူငယ်ချင်း
ဒါမှ မင်းက ငါ့ကိုတွေ့ချင်သပ ဆိုရင်
မင်းကားလေးဘေးကို ငါလာခဲ့မယ်
မိုးစိုပြီးသားလူတစ်ယောက် မိုးရေထဲထပ်လျှောက်လို့
ဘာမှထပ်ဆုံးရှုံးစရာမရှိဘူး။

မိုးတွေ အရမ်းရွာနေတယ် သူငယ်ချင်း
ကားကို ဂရုတစိုက်မောင်းသွား
အရမ်းသည်းလာရင် ခဏရပ်ထား
ငါကတော့ မိုးသည်းထဲ ဆက်လျှောက်လိုက်ဦးမယ်
ငါ့စိတ်တွေ မိုးငတ်မပြေသေးလို့ပါ ။
လင်းဒီပ
၁၂.၁၀.၀၈
Photo Source: picture by panorchand
http://media.photobucket.com/

ကျွန်တော်နှင့်ယိုးဒယား(၁)


ကျွန်တော်ယိုးဒယားကို အလုပ်လုပ်မယ်ဆိုပြီးထွက်လာတော့ သူတို့စကားကိုလေ့လာဖို့အချိန်က တစ်လလောက်ပဲရတယ်ဗျ ။နဂိုတည်းက ဘာသာစကားတွေ သင်ရတာ ခပ်ပျင်းပျင်းဆိုတော့ အဲဒီတစ်လက စကားပြောသင်တန်း ရောက်ဖို့ကို အတော်အားယူပြီး သွားရတယ် ။ သင်တန်းကလည်း ဆရာမရယ် ကျွန်တော်ရယ် နှစ်ယောက်တည်း..(ဆရာမက ရှမ်းမငယ်ငယ်လေး မို့အတန်းတက် မှန်တာတော့ ထည့်မပြောတော့ပါဘူး..:) )။…ထားပါတော့ဗျာ..အဲဒီနှစ်လလောက်မှာ..နိမ်..ဆောင်..ဆမ်..ဆီ..ဟ..ဟို..ကျေ့..ပယ်..ကောက်. (တစ်.နှစ်.သုံး.လေး တွေပါ) လောက်တော့ ရသွားတာပေါ့လေ။

လေယာဉ်ပေါ်ကျတော့ ဆာဝါဒီခ(မင်္ဂလာပါရှင့်)လို့ လေယဉ်မယ်လေးတွေက လက်အုပ်လေးချီပြီး နှုတ်ဆက်တယ်။ ကျွန်တော်ကလည်း နည်းနည်း သိထားတော့ ဆာဝါဒီခရပ် လို့ပြန်ပြောလိုက်တယ်။ခုထိတော့ ဟုတ်လို့။ပထမတစ်ခေါက် အလည်ခဏလေး ရောက်တုန်းက လေယဉ်ကွင်းဟောင်း (Don Muang)ဒိုမောင်းလေဆိပ်မှာဆင်းတာ ။အဲဒီတုန်းက ကုမ္ပဏီက လူကြီးတွေနှင့်သွားတော့ဘာမှမှတ်မထားဘူး။ Passport ပေးဆိုပေးလိုက်တယ် .Form ဖြည့်ဆိုဖြည့်လိုက်တယ်..ဒီလိုတန်းစီဆို စီလိုက်တာ အိုကေလို့ ။ အခုကတော့ အတူတူပါလာတဲ့  တစ်ယောက်ကလည်း Overseas မသွားဖူးဘူး. ကွင်းကလည်း အသစ်ဆိုတော့ စိမ်း..(ဘောလုံးကန်တာနဲ့ရောကုန်ပြီ) တောင်ကြည့်မြောက်ကြည့်နဲ့ Immigration ကို မတွေ့ပဲ ကျော်သွားပြီး ရှာနေတုန်းမှာပဲ..သူတို့က ကိုယ့်ကိုစတွေ့သွားတယ်။ Immigration က အရာရှိတွေကိုပြောတာပါ ။ ဘယ်ကလာလဲ..ဘယ်မှာနေမှာလဲ..စသဖြင့်ပေါ့ လာမေးပါတယ်..ဟိုပြောဒီပြော ဟိုပြဒီပြပေါ့ဗျာ…
Suvarnabhumi Airport (ဆွန်ဝန်နဘုံ) လေဆိပ်ကြီးက အတော်လှပါတယ် ။ လေဆိပ်ကထွက်လာပြီး Express Way ပေါ်တက်လာတော့ မှ ဘန်ကောက်ကို အားရပါးရ ကြည့်ခွင့်ရတော့တယ်။ တိုက်မြင့်မြင့်ကြီးတွေနဲ့ မြို့ကြီးပြကြီးဂိုက်ကို အပြည့်…စိတ်ထဲမှာ ငါတို့ရန်ကုန်လည်း ဒီလောက်တော့ ဖြစ်ပါတယ်လို့..ကိုယ့်ဆီမှာတော့ လူမညီတော့ ဤဖတ်တဲ့လူနှင့် ကျွဲဖတ်တဲ့လူနှင့်ပေါ့ဗျာ..။ ကျွန်တော် နေရမယ့်နေရာ ပါကဲ(Pakkret) ..နွန်သဘူရိ(Nonthaburi) အပိုင်ထဲမှာ..မြို့စွန်…အင်းလေ စက်ရုံဆိုမှတော့ မြို့ပြင်မှာပဲပေါ့လေ..

ညကျတော့ စက်ရုံထဲမှာ အနှစ်နှစ်ဆယ်လောက် လုပ်နေတဲ့ မြန်မာအစ်ကိုကြီးက လာခေါ်တယ် ..လိုအပ်တဲ့ ပစ္စည်းလေးတွေ သူ့ကားနှင့် ထွက်ဝယ်ဖို့ ။ ပါကဲက Shopping Mall တစ်ခုကို ခေါ်သွားတယ် ။ ရေးထားတာက Carre Four ..ထိုင်းသံနှင့်ဖတ်ရင် ကာပူ..ကျွန်တော်လည်း အသံကို ချက်ခြင်း ပြင်လိုက်တယ် ။ Carre Four = ကာပူ ဆိုပြီးတော့။ နောက် သူတို့ဆီက နာမည်ကြီး ကုန်တိုက်ကြီးတွေပဲ Lotus ဆိုရင် “ လိုတ” ..The Mall ဆိုရင် “ဓမော”…သူကတော့ စကားတွေကို ထိုင်းတွေနဲ့မွတ်နေအောင် ပြောနေတာ ကိုယ်ကတော့ ဘေးက ပါးစပ်အဟောင်းသားနဲ့ ပေါ့ ။ အဲဒီညက ညစာကို ကာပူမှာပဲ စားဖြစ်တယ် ။စားရသောက်ရတာက ရန်ကုန်နဲ့ဈေးမကွာဘူး..

သူကားနဲ့ ထွက်လာရင်း သတိထားမိတာက ကားတွေမောင်းတာ သိပ်စည်းကမ်းမရှိဘူး. လမ်းသွယ်ထဲက ကားကလည်း ထွက်ချင်ရင် ဇွတ်ထွက်လာတာ။လမ်းမကြီးက ကားကလည်း မင်းထွက်လာရကောင်းလား ဆိုပြီးတော့ လှမ်းမဆဲဘူး ။နားလည်မှုလေးတွေပေါ့ ။ဒါလေးမဆိုးဘူး လို့တွေးမိတယ် ။
စက်ရုံထဲ ပြန်ဝင်လာတော့ ဆယ်နာရီလောက် ရှိပြီ ။နောက်နေ့ဆို ပထမဆုံး အလုပ်စဆင်းရမယ်လေ။
လင်းဒီပ
၁၂.၁၀.၀၈