Saturday, February 20, 2010

ဖြတ်သွားဖြတ်လာတေး

မင်းဘယ်ကို သွားနေသလဲ
မင်းဘယ်ကို သွားနေပါသလဲ လိပ်ကလေးရယ်
(ယောက်ျားတစ်ယောက်ရဲ့အတ္တကို တိတိကျကျ တွေ့လိုက်ရပေါ့)
သတ်မှတ်ချိန် သတ်မှတ်ဧရိယာမှာ မင်းရှိမနေခဲ့ဘူး ။
ဘယ်သူတွေနဲ့ ဘယ်တွေ သွားနေပြန်သလဲ ။
မလိမ်တတ်သူလေး
မညာတတ်သူလေး
မာယာဆိုတာ ဘာမှန်း မသိသူလေး
ကိုယ့်မေးခွန်းတွေ တစ်ခွန်းမကျန် အမှန်အတိုင်း ဖြေပါလိမ့်မယ်
ကိုယ်သိတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ခက်တယ်
မွန်းမွန်းကျပ်ကျပ် အောက်ဆီဂျင်ငတ်သလို အသံလေးကို ငတ်မွတ်လို့။
လွန်လွန်ကျူးကျူး ယင်းထနေတဲ့ မင်းအသံဖွဖွလေး ပျောက်နေလို့။
မင်းပြန်ရောက်လာတဲ့အခါ
တယ်လီဖုန်းကို မင်းကောက်ကိုင်လိုက်တဲ့အခါ
မင်းခေါ်နေကျ အသုံးအနှုန်းလေးကို မင်းရွတ်ဆိုလိုက်တဲ့အခါ
မာကျောတဲ့စကားလုံးတွေ ငါ့ဒေါသတွေ အခိုးတလူလူ ဖြစ်နေလိမ့်မယ်
မင်းအသံလေး တိမ်သွားမယ် မင်း ဝမ်းနည်းသွားမယ် မင်း ချက်ချင်း တောင်းပန်မယ် ။
ငါ ရုတ်ချည်း သေချင်လောက်အောင် ဖြစ်သွားမယ် ။
ငါမှားသွားမှန်း ငါ့နောင်တတွေက နံရံကို ပြေးဆောင့်မယ် ။
ပြီးတော့ ငါတောင်းပန်မယ် အခါခါ အထပ်ထပ် ထပ်တောင်းပန်မယ် ။
မင်းစကားပြောသံမှာ နည်းနည်း ရှိုက်သံပါမယ် ။
နောက်တခါ ထပ်မအော်တော့ပါဘူး ဆိုတဲ့ ကတိကို ငါ နောက်တခါ ထပ်ပေးမယ် ။
မင်းပျော်လာအောင် ငါ စမယ် ။မင်းရီ(ရယ်)လာအောင် ငါ လုပ်မယ် ။
မင်းအပြုံးတွေ
လှိုက်လှိုက်လှဲလှဲ ရီ(ရယ်)လိုက်သံတွေက
တယ်လီဖုန်းလေးကို ကျော်ပြီး
ရန်ကုန်ဧရိယာကို ကျော်ပြီး
မြန်မာပြည်ကို ကျော်ပြီး
ပင်လယ်တွေကိုကျော်ပြီး
ဇင်ယော်လေးတွေနဲ့အတူတူ
အုန်းပင်တန်းတွေကို ဖြတ်တိုက်လာတဲ့ လေညင်းလေးတွေနဲ့အတူတူ
တနင်္ဂနွေတိမ်ပြာပြာလေးတွေနဲ့အတူတူ
လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ဂရုမစိုက်ဘဲ ငါ့ရင်ထဲ အုံ့နဲ့ကျင်းနဲ့ ဝင်ရောက်လာကြလိမ့်ဦးမယ် ။

လင်းဒီပ
၂၀.၀၂.၁၀

Thursday, February 18, 2010

ရုက္ခစိုး

သတိရတယ် ဆိုတာ

မေ့မသွားခင် အထိပါပဲ တဲ့

ကိုယ့်အလွမ်းတွေကို အားအားရှိ ရန်ရှာနေ ။


ကိုယ်ကလည်း ဝဋ်ကောင်

ရင်ဘတ်ထဲ

နွေရာသီဆိုတဲ့ ငှက်တစ်ကောင်ကို လှောင်ထားမိ ။


သံသရာကုန်တောင် ဆုံမှာ မဟုတ်ဘူး ပြောပေမယ့်

အလိုက်မသိတဲ့ ဧည့်ဆိုးလို

မင်းနှလုံးသားတံစက်မြိတ်ကလေးအောက် ခဏခဏရောက်တယ် ။


သိတော့သိတယ်…

အဖြူရောင်ဂါဝန်လေး စွန်းပေသွားမှာစိုးလို့

မင်းမထိုင်ချင်တဲ့ အုတ်ခုံလေးက ကိုယ်။


စိတ်ကူးနဲ့ခိုးခိုးသောက်နေရတဲ့ ကော်ဖီခါးခါးလေးရယ်

မင်းအပြုံးထဲ ကဖင်းဓာတ်တွေ များလွန်းတယ်။

လင်းဒီပ

၁၈.၀၂.၁၀


လတ်တလောခံစားချက်…

ကဗျာကိုတူးဖော်လို့မရတဲ့ ညတွေဟာ ကျနော်ရှုံးရတဲ့ ညတွေပါပဲ။

(ညိမ်းညို)

အဲဒိစာသားလေးလိုပါပဲ…ဒီရက်တွေမှာ ကျွန်တော်လည်း ရှုံးနေခဲ့တယ် ။ ကျွန်တော့်လိုမျိုး ခံစားဖူးမယ် ထင်ပါတယ် ။

Tuesday, February 9, 2010

ကျေးဇူးစကား

ဘယ်လိုအဆိပ်တွေမှ
ဝှက်မထားတတ်တဲ့ သစ်သီးလေး ။

ရိုးသားမှု အခွံစိမ်းစိမ်းလေးအုပ်ပြီး
သစ္စာတရားနဲ့ ချစ်မြတ်တတ်တဲ့ စိတ်ကလေး ရှိတာ
တစ်ကိုက်ကလေး ကိုက်မိရုံနဲ့
ထိတွေ့ခံစားခဲ့ရတယ် ။

(နှစ်သိမ့်ဆုကလေးရယ်)
ဘဝမှာ အလိုချင်ခဲ့ဆုံး ပထမဆုတွေထက်
ကိုယ့်ကို ပျော်ရွှင်အောင်ထားပေးခဲ့တယ်
ကျေးဇူးတင်ပါတယ် ။
လင်းဒီပ
၀၉.၀၂.၁၀

Sunday, February 7, 2010

မိတ်ဆွေကြီးနဲ့ ကျွန်တော်

သူငယ်ချင်း
မင်း ဆေးလိပ်လျော့သောက်ကွာ
ဆေးလိပ်သောက်တာ မကောင်းဘူး
အဲဒီက စပြီး
ကျွန်တော်တစ်အုပ်လုံး ဖတ်ပြီးတဲ့
စာအုပ်တွေရဲ့ နာမည်တွေ တန်းစီ ရွတ်ပြတယ်
“အေး အေး…ဆင်ခြင်ပါမယ့်”

ငါလည်း ထင်တော့ထင်တယ်
မင်းEnglish နဲ့ဆို ဒီအလုပ်နဲ့ မဖြစ်ဘူးလေ..
“အေး…အေး နားလည်ပါတယ်ကွာ
ငါ မလျှောက်တော့ပါဘူး…။”

ဒီပန်းချီကားလေးကို ကြည့်
တွေ့လား..
ဒါက ဘာart ညာart ဖျာချုပ်တဲ့အပ်..
“အော် အေးအေး…မင်းက အရမ်းခံစားနိုင်တာပဲနော်…။”

ဒီရုပ်ရှင်က ဝတ္တုကို မမှီဘူးကွ..
ဝတ္တုက ၁၉…. လောက်က ဘယ်သူဘယ်ဝါ ရေးခဲ့တာ…
အဲဒီ စာရေးဆရာကြီးဟာ ဆိုရင်…
“မင်းက ဗဟုသုတ ကြွယ်လိုက်တာ…။”

သွား မလုပ်နဲ့လေ…
ဒါ မင်းနဲ့ မဖြစ်ဘူး
ငါတောင် အတော် လေ့လာခဲ့ရတာ…

အဲဒီလိုနဲ့
ကျွန်တော့်မိတ်ဆွေကြီး
ရွှေမန်းတင်မောင်ကြီး …
စိန်အောင်မင်းကြီး...
မြို့တော်ချစ်ဖွယ်ကြီးနဲ့ တွေ့တိုင်း
ကျွန်တော်က လက်ကလေးတွေ ဆုပ်ဆုပ်ပြီး
ချိုမိုင်မိုင် ကပြနေဖြစ်တယ်…။
သူ ပျော်အောင်လို့ပါ..။
လင်းဒီပ
၀၇.၀၂.၁၀

Saturday, January 30, 2010

သစ်တစ်ပင်ရဲ့ရင်(ကိုချို)


လွမ်းတယ်…အမေ
ဒါဟာ…
(အဖေ ရွေ့လျားသွားတုန်းကလို ရင်မျိုးနဲ့)
အမေ့သားအငယ်ကောင်ရဲ့
ရင်ထဲတောက်လောင်တဲ့မီးပေါ့ ။

(မှတ်မိနေသေးရဲ့…)
အမေနဲ့
ရေမြေခြားတဲ့ခရီး
တောင်ပံခတ်ခါနီးမှာ
အမေ့နဖူးပြာပြာကို
ကဗျာတစ်ပုဒ်နဲ့ ဦးချဖို့
အမေ့ မေးဖျားချမ်းချမ်းထိပ်ကလေးကို
ခပ်ဖွဖွ ဆွဲအဆိတ်
ဟိတ်…
ကြည့်ကြစမ်း
အမေ့မျက်ဝန်းတွေ
အရည်ပျော်ဖိတ်ကျလာပုံက
မြိုသိပ်ထားသမျှတွေ….။

အမြင့်ဆုံးအိပ်မက်အတွက်
အနိမ့်ဆုံး အိပ်စက်ရ

ဘဝပြဌာန်းချက်တွေထဲ
စာမျက်နှာမည်းတွေ များလွန်းလှ
အဝင်ခက်…
အထွက်ခက်…
ဟောသည် တွင်းနက်ကြီးထဲ
ငါ့ကို ဘယ်သူ တွန်းချခဲ့တာလဲ
ကိုယ့်ဘာသာ ကျိန်ဆဲရင်း
သည်တွင်းကြီးကိုပဲ
ပိုနက်အောင် တူးတူးနေခဲ့
သည်လိုနဲ့..
သုံးဆယ့်သုံးလမ်းက
အမေ့တိုက်ခန်းလေးနဲ့
ဘယ်လောက်ကြာကြာ ဝေးနေခဲ့ပြီလဲ
ဘယ်လောက်ကြာကြာ ဝေးနေရဦးမှာလဲ
အလွမ်းမျက်တဲ့အထဲ
ဂဏန်းမတွက်ရဲတာလည်း ပါရဲ့ ။

အဲသလိုနဲ့…
အမေ့အိမ်က စိတ်နဲ့ဆို
အရိပ်နဲ့တောင် ရန်ဖြစ်ခဲ့တဲ့ကောင်ဟာ
အခုခါမှာတော့
ရင်ဗလာဟင်းလင်းနဲ့
မမြင်ချင်ယောင်လည်း ဆောင်တတ်
မကြားချင်ယောင်လည်း ဆောင်တတ်
နားမလည်ချင်ယောင်လည်း ဆောင်တတ်

(အစာမကြေသမျှတွေ
ဇွတ်အတင်း…
ချေဖျက်ရင်း မေ့ဖျောက်ရင်း)
အမေ့သား
မှတ်ဥာဏ်တွေလည်း နည်းပါးခဲ့ရပြီ ။

အမေက
“သား…
မင်းဟာ
အမျိုး ၊ ဘာသာ ၊ သာသနာကို
စောင့်ရှောက်တဲ့ သစ်ပင်တစ်ပင် ဖြစ်ပါစေ”တဲ့ ။


တမ်းတတယ် အမေ
ဒုက္ခနဲ့ တစ်ခါကြုံတိုင်း
အမေ့ရင်ခွင် တစ်ခါ ခိုဝင်ချင်လှရဲ့။

(အမေ့ ၆၄ နှစ်ပြည့်အမှတ်တရ)
ကိုချို
(April 12 1995)

ရန်ကုန်တက္ကသိုလ်စိန်ရတုအမှတ်တရ ထုတ်တဲ့ “အိပ်မက်တွေကိုချည်တဲ့ကြိုး” ကဗျာစာအုပ်ထဲကပါ ။ ရန်ကုန်တက္ကသိုလ်စိန်ရတုမှာ ကျွန်တော်ဆယ်တန်းကျောင်းသားပဲ ရှိပါသေးတယ် ။ တက္ကသိုလ်ဆိုတာ ဘာမှန်းမသိခင် စာကြည့်စားပွဲပေါ် သူငယ်ချင်းတစ်ယောက် ယူလာခဲ့ပေးတဲ့ ကဗျာစာအုပ်လေးပါ ။ ဒီစာအုပ်လေးအကြောင်း ဆရာမမေငြိမ်းလည်း ပိုစ့်တစ်ပုဒ် ရေးဖူးပါတယ် ။ ဘယ်အချိန်ဖတ်ဖတ် ကြိုက်နေတဲ့ကဗျာလေးမို့ ဘလောဂ့်မှာ တင်လိုက်တာ ပါ ။ (high light လုပ်ထားတဲ့ စာကြောင်းလေးတွေကတော့ သိပ်ကြိုက်လို့ပါ။)

လင်းဒီပ
၃၀.၀၁.၁၀

Thursday, January 28, 2010

ဆယ်ကျော်သက်

(က)
ကမ်းခြေ မမြင်ဖူးတဲ့ ပင်လယ်
သင်ရိုးထဲ မပါတဲ့ ကျွန်တော့် ဆယ်တန်းဖတ်စာ
သနပ်ခါးရေမွှေးနံ့သင်းတဲ့ ညနေငါးနာရီ

ကချင်လွယ်အိတ်ထဲ “ခိုး”ပွင့်နေတဲ့ နှင်းဆီ
စာလာလာပြပေးတဲ့ အဖြူရောင် စီးကရက်လေး
(ကျွန်တော့် နှလုံးသားတစ်ထည်လုံး မီးပေါက်ခဲ့)

ပထမဆုံး ဝင်ဖြေဖူးတဲ့ အလုပ်အင်တာဗျူး
လမ်းဖြတ်ကူးခွင့်မရှိတဲ့ ပါးပေါ်က မျဉ်းဝါလေးတွေ
ရိုးသားစွာ ဖားဥစွဲသွားတဲ့ သက်ရှိ ကဗျာစာရွက်ကလေး

(ခ)
အခု
ရီရီ နဲ့မောမော ပြန်စဉ်းစားမိ…
အဲဒီတုန်းက
မမတို့နှစ်ယောက်ကြား
အထူအပါးမသိတဲ့ ဆေးရိုးသည်ကလေးက ကျွန်တော်။
လင်းဒီပ
၂၈.၀၁.၁၀

(ကဗျာထဲ ကိုယ့်ဘာသာ ပြန်“ငယ်” ပစ်လိုက်တယ်..:P)

Tuesday, January 19, 2010

အလွမ်းည

တစ်နေ့တာ
လုပ်စရာတွေ ပြီးသွားလို့
ခန္ဓာတစ်ခုလုံး စက်သတ်ပြီး
အခန်းလေးထဲ တိတ်ဆိတ်နေလိုက်တုန်း ။

ဝင်လာတဲ့အလွမ်းဟာ
တစ္ဆေလို သရဲလို အရိပ်အယောင်ကင်းမဲ့
ပြီးတော့
ငြိမ်သက် ငါ့ကိုယ်ပေါ် ဆော့ကစားလို့ ။

လေလေးတချက်အဝှေ့မှာ
နင့်ကိုယ်ငွေ့လေး ပါလာမလား
ပြတင်းပေါက်ကလေးကို ခြေဆုံးခေါင်းဆုံး ငေးနေမိ ။

အိပ်မရလို့လွမ်းတာလား…
လွမ်းလို့ အိပ်မရတာလား…
စဉ်းစားရင်း တစ်ည
ဖြေဆိုချိန်ဟာ ကုန်သွားခဲ့ပြန်ပြီ..။

ငါ့ကို မတွေ့ဘူး ဆိုပြီး
ငါမမြင်နိုင်တဲ့နေရာက ချောင်းချောင်းကြည့်ပြီး ရီ(ရယ်)မနေစမ်းနဲ့
အချစ်ဆိုတာ ငါ့နှလုံးသားတစ်ခုလုံး ရင်းလိုက်ရတဲ့ ပျက်လုံး ။

တကယ်ဆို
နင့်နှလုံးသားဟာ ငါ့နှလုံးသားရဲ့တစ်ခုတည်းသော ဖုန်းနံပါတ်
နှလုံးသား to နှလုံးသား ခေါ်ဆိုမရသေးတဲ့ ရက်စွဲတွေမှာ
အမှောင်မှာ တစ်ယောက်တည်း
အလွမ်းတွေနဲ့ ယင်းထ နေခဲ့ရပါတယ် ။

လင်းဒီပ
၎.၁၀.၀၉

(ဒီကဗျာလေးက ကိုသက်တန့်ချိုလုပ်တဲ့ ပန်းပျိုးသူတို့ရဲ့ အလင်္ကာ ကဗျာစာအုပ်အတွက် ပေးဖူးပါတယ် ။
ဘလောဂ်မှာတော့ မတင်ဖူးပါဘူး။ပိုစ့် အတင်ကျဲနေလို့ ရှာဖွေတင်လိုက်ပါတယ်။)