Saturday, February 20, 2010

ဖြတ်သွားဖြတ်လာတေး

မင်းဘယ်ကို သွားနေသလဲ
မင်းဘယ်ကို သွားနေပါသလဲ လိပ်ကလေးရယ်
(ယောက်ျားတစ်ယောက်ရဲ့အတ္တကို တိတိကျကျ တွေ့လိုက်ရပေါ့)
သတ်မှတ်ချိန် သတ်မှတ်ဧရိယာမှာ မင်းရှိမနေခဲ့ဘူး ။
ဘယ်သူတွေနဲ့ ဘယ်တွေ သွားနေပြန်သလဲ ။
မလိမ်တတ်သူလေး
မညာတတ်သူလေး
မာယာဆိုတာ ဘာမှန်း မသိသူလေး
ကိုယ့်မေးခွန်းတွေ တစ်ခွန်းမကျန် အမှန်အတိုင်း ဖြေပါလိမ့်မယ်
ကိုယ်သိတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်က ခက်တယ်
မွန်းမွန်းကျပ်ကျပ် အောက်ဆီဂျင်ငတ်သလို အသံလေးကို ငတ်မွတ်လို့။
လွန်လွန်ကျူးကျူး ယင်းထနေတဲ့ မင်းအသံဖွဖွလေး ပျောက်နေလို့။
မင်းပြန်ရောက်လာတဲ့အခါ
တယ်လီဖုန်းကို မင်းကောက်ကိုင်လိုက်တဲ့အခါ
မင်းခေါ်နေကျ အသုံးအနှုန်းလေးကို မင်းရွတ်ဆိုလိုက်တဲ့အခါ
မာကျောတဲ့စကားလုံးတွေ ငါ့ဒေါသတွေ အခိုးတလူလူ ဖြစ်နေလိမ့်မယ်
မင်းအသံလေး တိမ်သွားမယ် မင်း ဝမ်းနည်းသွားမယ် မင်း ချက်ချင်း တောင်းပန်မယ် ။
ငါ ရုတ်ချည်း သေချင်လောက်အောင် ဖြစ်သွားမယ် ။
ငါမှားသွားမှန်း ငါ့နောင်တတွေက နံရံကို ပြေးဆောင့်မယ် ။
ပြီးတော့ ငါတောင်းပန်မယ် အခါခါ အထပ်ထပ် ထပ်တောင်းပန်မယ် ။
မင်းစကားပြောသံမှာ နည်းနည်း ရှိုက်သံပါမယ် ။
နောက်တခါ ထပ်မအော်တော့ပါဘူး ဆိုတဲ့ ကတိကို ငါ နောက်တခါ ထပ်ပေးမယ် ။
မင်းပျော်လာအောင် ငါ စမယ် ။မင်းရီ(ရယ်)လာအောင် ငါ လုပ်မယ် ။
မင်းအပြုံးတွေ
လှိုက်လှိုက်လှဲလှဲ ရီ(ရယ်)လိုက်သံတွေက
တယ်လီဖုန်းလေးကို ကျော်ပြီး
ရန်ကုန်ဧရိယာကို ကျော်ပြီး
မြန်မာပြည်ကို ကျော်ပြီး
ပင်လယ်တွေကိုကျော်ပြီး
ဇင်ယော်လေးတွေနဲ့အတူတူ
အုန်းပင်တန်းတွေကို ဖြတ်တိုက်လာတဲ့ လေညင်းလေးတွေနဲ့အတူတူ
တနင်္ဂနွေတိမ်ပြာပြာလေးတွေနဲ့အတူတူ
လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ဂရုမစိုက်ဘဲ ငါ့ရင်ထဲ အုံ့နဲ့ကျင်းနဲ့ ဝင်ရောက်လာကြလိမ့်ဦးမယ် ။

လင်းဒီပ
၂၀.၀၂.၁၀

13 comments:

စိုင်းလောဝ်ပိန်း said...

ဖြတ်သွားဖြတ်လာပဲ ချစ်သူစုံတွဲတစ်တွဲကို ကြည့်သွားတယ်။ :)

jr.လွင်ဦး said...

နားမလည်ခြင်းဟာ တခါတလေ နားလည်မှုကို ပြန်မွေးဖွားပေးလေရဲ့..
နားလည်မှုရသွားတဲ့ ချစ်သူစုံတွဲလေးကိုမြင်ရတာ ကြည်နူးစရာ..

ခင်မင်လျှက်
jr.လွင်ဦး

နေ့ သစ် said...

လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ဂရုမစိုက်ဘဲ ငါ့ရင်ထဲ အုံ့နဲ့ကျင်းနဲ့ ဝင်ရောက်လာကြလိမ့်ဦးမယ် ။ တဲ့
လေးစားအားပေးလျက်ပါ အစ်ကို .. ။
ချစ်ခြင်းအားဖြင့်

Anonymous said...

ကာစတန်ဖြတ်ဖို့ ကျန်ခဲ့တယ်ခင်ဗျ

အကောက်ခွန်ကသိမ်းတယ်။

မျက်နှာငယ်လေးနဲ့ လာမတောင်းပန်နဲ့

ကိုလူထွေး said...

Multiple Entry နဲ့ ဝင်တာ ဖြစ်မယ်ဗျ...

းဝ)

sait phay yar said...

ဝင်ကြေးလေးမှမပေးတာ ထားခဲ့ရမှာပေါ့.

သိင်္ဂါကျော် said...

လိပ်ကလေး ဆိုတော့ တော်တော်နဲ့ ရောက်ပါ့မလား... :P

မေ့သမီး said...

အစကတည်းက အသည်းမမာနိုင်ပဲနဲ့ သွားအော်တာကိုး။ ပြီးတော့ ကိုယ်ပဲတောင်းပန်လိုက်ရရော။ ကိုလင်းတို့ကတော့....။ ဟွန်း မပြောချင်ဘူးနော်။

မမသီရိ said...

ဟုတ်ပါ့..
အသံ မှာ လူဝင်မှုကြီးကြပ်ရေး.. အဲ အသံစီဆင်းမှု ကြီးကြပ်ရေးဆိုတာ ရှိလာခဲ့ရင်..

အခက်ပဲ အခက် ပဲ နော်...း)

အိန္ဒြာ said...

ရမလား

ပြ ပတ်စ်ပို့

ဗမာပြည်ကထွက်လာလို့ရလည်း
စင်ကာပူရောက်ရင် စတေး တစ်လပဲ
ထပ်တိုးရင် နောက်တစ်လ
ဒါမှ အဆင်မပြေသေးရင် မလေးဆင်းရှောင်
လူလည်မကျနဲ့

အလုပ်ရပြီးရင်
တစ်လ ၈၀ အစိုးရမင်းများထံ အခွန်ဆောင်ဖို့ မမေ့နဲ့ဦးးးးးးးးးးးး

( ကဗျာကကောင်းတယ် လူသာ...)

Unknown said...

လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေ ဂရုမစိုက်ဘဲ ငါ့ရင်ထဲ အုံ့နဲ့ကျင်းနဲ့ ဝင်ရောက်လာကြလိမ့်ဦးမယ် ။

စင်္ကပူလားထိုင်းလားမြန်မာလား

အိုင်လွယ်ပန် said...

လိုက်ဆိုကြည့်နေတယ် ..။
ဆိုလို့ကောင်းသားဗျ :)

ရွှေပြည်သူ (ShwePyiThu) said...

ဘာကြောင့်မှန်းမသိဘဲ ဝတ္ထုတိုလေး တစ်ပုဒ်ကို ဖတ်နေရသလို ခံစားမိတယ်...

“တယ်လီဖုန်းလေးကို ကျော်ပြီး
ရန်ကုန်ဧရိယာကို ကျော်ပြီး
မြန်မာပြည်ကို ကျော်ပြီး
ပင်လယ်တွေကိုကျော်ပြီး”

အဲဒီနေရာမှာ ဖတ်တဲ့သူပါ လွင့်မျောလို့...