Sunday, February 28, 2010

ငတုံး(မိုးလှိုင်ည)

ကျွန်တော့်ကို ငတုံးဟု ဘယ်သူ စတင်ခေါ်ဝေါ် သုံးစွဲသည်ကို မမှတ်မိပါ။ မူလတန်းတုန်းက ဆရာမလား အမေလား သိပ်မသေချာပါ။ နှစ်ယောက်စလုံးလည်း ဖြစ်နေနိုင်ပါသည်။ အမေကလည်း ကျွန်တော့်ကို ငတုံးဟုခေါ်ပြီး ခေါင်းခေါက်လေ့ ရှိပါသည် ထိုနည်းလည်းကောင်း ကျွန်တော့် အတန်းပိုင် ဆရာမကလည်း ကျွန်တော့် နာမည်ကို ခေါ်ပြီး အဲဒီကောင်လေးက တုံးတုံးအအဟု တုံးတိတိနဲ့ ပြောတတ်ပါသည်။ အမေက သူ့သူငယ်ချင်းတွေနဲ့ တွေ့တိုင်းလည်း အငယ်ကောင်က တုံးတယ်လို့ ပြောတတ်ပါတယ်။ အငယ်ကောင်ဟု သုံးစွဲခြင်းသည် ကျွန်တော့် အထက်တွင် အစ်မကြီးတစ်ယောက်ရှိနေခြင်း ကြောင့် ဖြစ်ပါသည်။ ထိုအစ်မကြီးကလည်း ကျွန်တော့်အပေါ် အမြဲ လူလည်ကျ နေပါသည်။ ငယ်စဉ်ကလေး ဘ၀ကတည်းက ကစားစရာ စားစရာတွေကို ကျွန်တော်တို့ ကိုယ့်ဝေစုနဲ့ ကိုယ် မိဘများက ခွဲခြမ်းပေးသော်လည်း အစ်မကြီး လူလည်ကျ၍ ကျွန်တော့် ဝေစုတွေသည် နောက်ဆုံးသူတွင်သာ နိဂုံးချုပ်ရ စမြဲဖြစ်ပါသည်။ ထိုအခြင်းအရာကို အမေသိတိုင်း ကျွန်တော်ကို ငတုံးဟု ခေါ်ပါသည်။

မူလတန်း ကျောင်းသား ဘ၀မှာလည်း အမြဲတမ်း ခဲတံ၊ ခဲဖျက်၊ ပေတံ၊ စာအုပ်၊ ယုတ်စွအဆုံး လွယ်အိတ် အထိပါ ပျောက်ဖူးပါသည်။ ကျောင်းနေဖက် သူငယ်ချင်းများ ကမြင်း၍ ကျွန်တော်က ကြားထဲက၀င်ရောက် အပြစ်ပေးခံရပေါင်းလည်း မရေတွက်နိုင်ပါ။ နောက်ဆုံးတော့ ဆရာမရဲ့ ငတုံးဆိုတဲ့ မှတ်ချက်ရမှ ကျွန်တော် လွတ်ငြိမ်းချမ်းသာခွင့် ရပါတော့သည်။ ကလေးဘ၀အရွယ် တုံးအခြင်းက ရယ်ရွှင်ဖွယ်ကောင်းသော်လည်း လူငယ်အရွယ် တုံးအခြင်းကတော့ ရင်နင့်စရာတွေပါ ပါလာတတ်ပသည်။ အမေ စိတ်ပူရသည့်အထဲတွင် ကျွန်တော် ငတုံးညဖြစ်နေခြင်းက ထိပ်ဆုံးက ပါဝင်နေပါသည်။ ငါ့သားက ကိုယ့် အန္တရာယ် ကိုယ်မရှောင်တတ်ဘူးဟု အမေ အမြဲပြောတတ်ပါသည်။ ကျွန်တော်ကတော့ အန္တရာယ်တွေကို လွတ်ရာ ကျွတ်ရာ ရှောင်မနေချင်ပါ တည့်တည့် တိုးပြီးသွားရင် ငါ့အလှည့်ပြီးပြီလို့ တွေးမိလို့ ကျွန်တော်က တပင်တပန်းခံ ရှောင်ပြေးမနေတတ်ပါ။ ကျွန်တော် အဲဒီလောက် တုံးအပါသည်။

ကျွန်တော့်ဘ၀မှာ သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းများ ၀ိုင်းဝန်း ချောက်ချတာကို ခဏခဏခံရဖူးပါတယ်။ ကျွန်တော် သူတို့ကို စိတ်မဆိုးမိပါ သူတို့ ချောက်ချ၍ ကျွန်တော်ပညာတွေ ရတယ်ဟု သာသဘောထားပါသည် သူငယ်ချင်း အပေါင်းအသင်းများသည် ကျွန်တော်ဆီက ပိုက်ဆံချေး၍ ဘယ်တော့မှလည်း ပြန်မပေးတတ်ပါ။ တချို့ မိတ်ဆွေတွေ လုပ်ဖော်ကိုင်ဖက်တွေက ကျွန်တော့်ကို နင်းတက်သွားပြီး ကျေးဇူးတင်ကြောင်းတောင် ပြန်မပြောတတ်ပါ။ သူတို့က အမြဲတမ်း ကျွန်တော့် နောက်ကွယ်တွင် ငတုံးဟု ပြန်ပြောနေကြောင်း ကျွန်တော်ပြန်ကြားရတတ်ပါသည်။ သူတို့အချင်းချင်း မညီညွတ်လျှင် ကျွန်တော့်ဆီ ရင်လာဖွင့်တတ်ကြသည်။ ကျွန်တော် မည်သို့မျှ မခံစားရပါ ။ ငတုံးတစ်ကောင်သည် လောကဓံ အဖြစ်အပျက်တွေကို မည်သို့သော ခံစားမှုမျှမရှိပါ။ ကျွန်တော် ငတုံးတစ်ကောင် ဖြစ်ရခြင်းမှာ အတ္တ၊ မာန၊ ပယောဂတွေနှင့် ချွန်မြ မနေချင်ခြင်းကြောင့် ဖြစ်ပါသည်။

ကဗျာဆရာ တာရာမင်းဝေ မဆုံးပါးခင်က ရေးခဲ့ဖူးသည့် ကျွန်တော်ကြိုက်သော စာသား တစ်ခုရှိပါသည်။ “မိမိကိုယ်ကို အစွန်းမထွက်အောင် နေတတ်ပါပြီ သူတစ်ပါး အစွန်းနဲ့တော့ လွတ်အောင် မရှောင်တတ်သေး” လူဘ၀ထဲက ချွန်မြနေတဲ့ အစွန်းတွေကြားမှာ ကျွန်တော်တို့တွေ အမျိုးမျိုး ထိုးဆွခံနေရတတ်ပါသည်။ ကျွန်တော့်အစွန်းက ခပ်တုံးတုံး ဖြစ်နေသည်မို့ တခြားလူတွေ ထိမိခိုက်မိရှိနေသည့် တိုင်အောင် သက်သာရာရမည်ဟု ယူဆမိပါသည်။

ကျွန်တော် ငတုံးတွင် ချစ်သူ ခပ်လည်လည် တစ်ယောက်ရှိပါသည်။ သူမသည် မနက်အိပ်ထ မျက်နှာသစ်သည့် အချိန်ကို မေးလျှင်တောင် ကျွန်တော့်ကို လိမ်ညာ ပြောတတ်ပါသည်။ သူမသည် အစ်ကိုတွေ မောင်တွေ အများကြီး ရှိကြောင်း ပြောတတ်ပါသည်။ အမှန်တကယ်တော့ အကုန်လုံး သူ့ရည်းစားချည်း ဖြစ်သည်။ ကျွန်တော်ကလည်း သူမပြောသမျှ အကုန်ယုံသည် ဟုပြောတတ်ပါသည်။ ဒါဟာလည်း ငတုံးတစ်ကောင်၏ ၀တ္တရားအရ သံသယ မထားသင့်ကြောင်း ကျွန်တော် ကောင်းကောင်း သဘောပေါက်၍ ဖြစ်ပါသည်။ နောက်ဆုံးတော့ သူမသည် ကျွန်တော့်ကို ပျင်းရိလာသောကြောင့် နိုင်ငံခြားထွက်သွားသည် နောက်ထပ် မဆက်သွယ်ပါနဲ့ဟု စာတိုလေးတစ်စောင်လေး ရေးပေးခဲ့ပြီး ယောက်ျားယူသွားခဲ့ပါသည်။ ကျွန်တော်လည်း အသည်းကွဲပြီး အရက်သောက် မနေပါ။ ငတုံး တစ်ကောင်သည် အသည်း မကွဲတတ်ကြောင်း သူမသိရှိ မသွားသည့်အတွက် ကျွန်တော် အားနာ၍ နေပါသည်။ နောက်ထပ်ချစ်သူ တစ်ယောက်ထား ဖြစ်ခဲ့လျှင် ငတုံးသည် အသည်း မကွဲတတ်ကြောင်း ကြိုတင်ပြောပြဖို့ လိုအပ်လေမည်လားဟု ကျွန်တော်တွေးတောမိပါသည်။

နောက်ထပ် ကျွန်တော်ကို ငတုံးဟု တိတိပပ ခေါ်ဆိုခဲ့သူမှာ ကျွန်တော့် အဖေဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် ကျွန်တော့်ကို အလေးအနက် ဂရုစိုက်တတ်သူ တစ်ဦးတွင် ကျွန်တော့် အဖေပါပါသည်။ အဖေသည် ကျွန်တော် အထက်တန်းကျောင်းသားအထိ ကျွန်တော့်ကို ကျောင်းကြို ကျောင်းပို့ အမြဲလုပ်ပါသည်။ ကျွန်တော့် သူငယ်ချင်းများနှင့်ပါ သူငယ်ချင်းပေါင်း လိုက်ပေါင်း၍ ဂရုစိုက်တတ်သူပါ။ ပြီးတော့ ကျွန်တော့်ကျောင်းစာ ပြင်ပ စာပေဖတ်ရှုမှု အပေါ်မှာလည်း အဖေ့ လမ်းညွှန်မှုနှင့် ကျေးဇူးတရားတွေ တင်ရှိပါသည်။ နောက်တော့ အဖေ ကျွန်တော့်ကို ငတုံးလို့ ခေါ်ရတဲ့ဇာတ်လမ်းစ ပါသည်။ ၂၀၀၃ ခုနှစ်က ကျွန်တော် စီးပွားရေး ဂျာနယ်တစ်စောင်မှာ အမေရိကန် အကြွေးဝယ်စနစ်ကြောင့် စီးပွားပျက်ကပ် ဆိုက်နိုင်ကြောင်း ဆောင်းပါး တစ်စောင်ရေးမိပါသည်။ ကျွန်တော် ၀မ်းသာအားရ အဖေ့ကို ပြတော့ အဖေသေချာ စူးစိုက်ဖတ်ပြီး ကျွန်တော့်ကို အပြင်းအထန် ဝေဖန်ပါတော့သည်။ အဖေက ကျွန်တော့်ကို ငတုံးဟု ခေါ်ပါတော့သည်။ ကျွန်တော်ဘဏ်စနစ် မလေ့လာ မသုံးသပ်တတ်ပုံ၊ ငွေကြေးယန္တယား အကြောင်း သဘောမပေါက်ပုံတို့ကို ဝေဖန်ပါသည်။ အဖေ့ ဝေဖန်ချက်တို့သည် ယုတ္တိကျပါသည် လက်တွေ့ဆန်ပါသည်။ ကျွန်တော့် ရေးသားချက်တို့သည် အနုမာန မှန်းဆချက်တို့သာ ဖြစ်သွားပါသည်။ အဲဒီအချိန်တုန်းက အဖေမှန်ပြီး နောက်ငါးနှစ်ကြာတော့ ကျွန်တော် မှန်ပါသည်။ အနုမာန မှန်းဆချက်တို့သည်လည်း တချိန်တွင် လာရောက်မှန်ကန်တတ်ကြောင်း သိလိုက်ရပါတော့သည်။ ကျွန်တော် ထိုဆောင်းပါးရေးစဉ်က ဂျာနယ်လစ်ပေါက်စဖြစ်ပြီး အဖေက
ဘဏ်အရာရှိ တစ်ဦးဖြစ်သည် အဖေကော ကျွန်တော်ပါ ငတုံးချင်း သရေကျသွားပါသည်။

နောက်ဆုံး ကျွန်တော့်ကို ငတုံးဟု ခေါ်ဆိုသူတစ်ဦးလည်း ရှိပါသေးသည်။ ထိုသူသည် ကျွန်တော့်လုပ်ငန်းခွင်မှ အထက်အရာရှိတစ်ဦးဖြစ်ပြီး။ ကျွန်တော်နှင့် အနုပညာရေးရာ နိုင်ငံရေး၊ စီးပွားရေး၊ ကမ္ဘာရေးရာတို့တွင် အာရုံတူသူ ဆွေးနွေးငြင်းခုံဖက် တစ်ဦးဖြစ်ပါသည်။ ပွင့်လင်း လွတ်လပ်ပြီး ချစ်ခင်လေးစားမှုတစ်ခု အပြန်အလှန် တည်ဆောက်ထားနိုင်သူ တစ်ယောက် ဖြစ်ပါသည်။ ၂၀၀၈ ခုနှစ် အမေရိကန် ရွေးကောက်ပွဲ အကြို ကာလတွေမှာတော့ သူနဲ့ ကျွန်တော် ငြင်းခုံပွဲလေး စတင်ဖြစ်ပေါ်လာပါတော့တယ်။ အမေရိကားမှာ မဲဆွယ်ပွဲ အရှိန်မြင့်လာလေ ကျွန်တော်တို့ ငြင်းခုံပွဲက သွေးတက်လေ ဖြစ်လာပါသည်။ သူက ဟီလာရီကလင်တန်ကို စီးပွားရေး နိုင်ငံရေး နောက်ခံ မြင်ကွင်းအရ နှစ်ခြိုက်သဘောကျသူဖြစ်ပြီး။ အိုဘာမားသာ သမ္မတဖြစ်ပါက သမ္မာကျမ်းစာထဲက အတိုင်း ကမ္ဘာကြိးပျက်စီးသွားမည်ဟု ထင်မြင် ယူဆနေသူ တစ်ဦးဖြစ်ပါသည်..။ ကျွန်တော်က ကမ္ဘာကြီးထဲက ဖြူစင်ရိုးသားတဲ့ လူငယ်တွေအတိုင်း အိုဘားမားကိုမှ ယုံကြည်လက်ခံနိုင်သူ။ သူက ကျွန်တော်ကို ငတုံးလေး အမေရိကားက လူမည်း တစ်ယောက်ကို သမ္မတတင် ရလောက်အောင် ဘယ်တော့မှ အသိဥာဏ်မမဲ့ဘူးဟု ခနဲ့တတ်ပါသည်။ အိုဘားမား နဲ့ ဟီလာရီ သုံးနာရီကြာ ထိပ်တိုက် စကားပြောပြီးတဲ့ နောက်မှာတော့ ကျွန်တော့်အရာရှိက ကျွန်တော့်ကို စကားမစတော့ပါ။ သူနဲ့ ကျွန်တော် ဆက်ဆံရေးလည်း တုံးတိတိနဲ့ ပြတ်တောက် သွားပါတယ်။ ကျွန်တ်ာကလည်း ထိုမျှလောက်နဲ့ အားရတတ်သူ မဟုတ်ပေ။ အိုဘားမား သမ္မတဖြစ်သည့်ညက အောင်ပွဲရတဲ့ အထိမ်းအမှတ်နဲ့ တစ်ယောက်တည်း မြန်မာဘီယာတွေ သောက်ပြီး ကျွန်တော့် အထက်အရာရှိ အိမ်ရှေ့မှာ “အိုဘာမား သမ္မတ” ဟု ဆယ့်ခြောက်ခါတိတိ သွားအော်ပါသည်။ နောက်နေ့ မနက်တော့ ကျွန်တော် ရုံးတက် လက်မှတ်ထိုးစရာ မလိုအပ်တော့ပါ။
မိတ်ဆွေ အပေါင်းအသင်းများကော မိသားစုကပါ ကျွန်တော့်ကို တညီတညွတ်တည်း မှတ်ချက်ချ လိုက်ကြပါသည်။ ငတုံး ဟု။

စာကြွင်း ။ ။ ဤမည်သော အက်ဆေးသည် ငတုံးတစ်ကောင်၏ ကိုယ်ရည်သွေးတီးလုံး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ ဘောပင်ခပ်တုံးတုံးနှင့် ရေးထား၍ စာဖတ်သူများအား ထိရှလိမ့်မည်မဟုတ်ပါ။


မိုးလှိုင်ည

(ကိုမိုးလှိုင်ည က အဝေးရောက်ပင်လယ်မှာ တင်ထားတာပါ ။ ဖတ်ပြီး အတော်လေး ကြိုက်လို့ ကိုမိုးလှိုင်ညကို ခွင့်တောင်းပြီး ကျွန်တော့်ဘလောဂ်မှာ ပြန်တင်ဖြစ်ပါတယ် ။)

7 comments:

Unknown said...

တော်တော်သဘောကျသွားတယ်
ငတုံး အကြောင်း

mirror said...

ဘယ်လောက်များ သဘောကျနှစ်ခြိုက်သလဲဆို ကိုယ့်ဘလော့မှာတောင် ပြန်တင်ဖြစ်တဲ့အထိ....။ :)

မျက်မှန်လေး said...

ကိုမိုးလှိုင်ည ကိုတော့ရေလည်ချီးကျူးမိတယ်။
ခုလိုစာကောင်းလေးတွေဝေမျှပေးတဲ့ လင်းဒီပကိုလည်းကျေးဇူးဘဲနော်။

ကိုမျိုး (အညာမြေ) said...

မင်္ဂလာပါ..

အခုလို ဝေမျှ တင်ပြပေးတာ ဖတ်ရလို့ ကျေးဇူးပါဗျာ....

ခင်မင်စွာဖြင့်
ကိုမျိုး

မေ့သမီး said...

ဖတ်လို့ကောင်းတယ် အကိုရ။ ကိုတာရာမင်းဝေရဲ့စာသားကို အရင်ကမဖတ်ဖူးဘူး။ ညီမလည်း ကိုယ့်အစွန်းနဲ့ သူများကို မထိုးမိအောင် အရင်ကြိုးစားဦးမယ်။

ShwunMi- said...

ကိုယ့်ကိုကိုယ် တုံးတယ်လို့တောင် ကောင်းကောင်းမပြောတတ်အောင် တုံးပါတယ်..

Kaung Kin Ko said...

ငတုံး(မိုးလှိုင်ည) ဆိုလို့ မိုးလှိုင်ညကိုများ စထားနောက်ထားတာလားလို့  :D