Thursday, February 25, 2010

တနင်္ဂနွေမျဉ်းပြိုင်များ

တို့တွေ
တစ်မြို့တည်း နေနိုင်ကာမှ ပိုဝေးကြတယ် ။

တစ်ယောက်ကို တစ်ယောက်
ဖုန်းကလေး တချက် မခေါ်နိုင်ခဲ့ဘူး
ညစာ အတူစားဖို့ မခေါ်ဖြစ်ဘူး ။
အားလပ်ရက်မှာ
တစ်နေရာရာသွား အပန်းဖြေဖို့ဖြစ်ဖြစ် အတူ မရှိနိုင်ခဲ့ဘူး ။

ရင်ဘတ်ခြင်းတူတဲ့ သူငယ်ချင်းတွေ
(တို့တွေ)
ဘာလို့ ဝေးသွားလဲ
အနီးဆုံးနီးအောင် လုပ်ကြပြီးမှ
ငါတို့ ဘာလို့ ဝေးသွားလဲ ။

ကိစ္စအထွေအထူးမရှိရင်
ခေါ်စရာမလိုတော့တဲ့ ဖုန်းနံပါတ်တွေလို
Contact List ထဲမှာ နံပါတ်တွေ အေးခဲလို့ ။

သော့ကို လှည့်ဖွင့်လိုက်တော့
မီးခလုတ်ကို ထောက်ခနဲ ဖွင့်လိုက်တော့
စားပွဲတစ်လုံး
တိတ်နေတဲ့တယ်လီဖုန်း
နောက်
ဘဏ်က ပို့လိုက်တဲ့ စာတွေ
ဖုန်းကုမ္ပဏီက စာတွေ
ကုန်ပစ္စည်းကြေငြာစာရွက်စာတမ်းတွေ

ဒီ ဒစ်ဂျစ်တယ် ပစ္စည်းတွေ တပ်ဆင်လိုက်ရင်
ဘဝက တကယ် smart ဖြစ်သွားပြီလား
ဒီတယ်လီဖုန်းကို ဝယ်သုံးလိုက်ရင်
အနာဂတ်ထဲ တိုးဝင်တဲ့ ခြေလှမ်းဆိုလား
နွေးထွေးလှိုက်လှဲ နေပျော်တဲ့ ဘဝလေးကိုလိုချင်ရင်
ဘယ်လို ဖုန်းကို ဝယ်သုံးရမလဲ
ဘယ်လို ဒစ်ဂျစ်တယ်ပစ္စည်းတွေ ဘဝမှာ တပ်ဆင်ရမလဲ
ဘယ်လို အဝတ်တွေ ဝတ်ထားရမလဲ…
နွေးနွေးထွေးထွေး ဘဝလေးတစ်ခု ဝယ်ပါရစေ….

အဲဒီလိုနဲ့
မင်းလည်းမမှတ်မိတော့
ငါလည်း မမှတ်မိတော့
ဒီနေရာကို ငါတို့ ဘာအတွက်လာခဲ့ကြတယ်ဆိုတာ…
မင်းလည်း မတွေးမိတော့
ငါလည်း မတွေးမိတော့
နေရာဟောင်းကို ငါတို့ ဘယ်တော့ ပြန်ကြမယ်ဆိုတာ…
မင်းလည်း မပြောဖြစ်တော့
ငါလည်း မပြောဖြစ်တော့
ဇာတိ ပုည ဂုဏ်မာန တွေ အကြောင်း….

ဒီလိုကြီးနဲ့ပဲ
ဒီလိုကြီးနဲ့ပဲ
ရင်ထဲက နှင်းဆီတွေလည်း
ဒစ်ဂျစ်တယ် နှင်းဆီတွေနဲ့ အစားထိုးခဲ့တာ ကြာပေါ့
တို့တွေ
တစ်မြို့တည်း နေနိုင်ကာမှ ပိုဝေးကြတယ် ။

လင်းဒီပ
၂၄.၀၂.၁၀

24 comments:

mirror said...

ဒီလိုနဲ့ပဲ...ရင်ဘတ်ဗလာနဲ့...
စက်ရုပ်နှလုံးသားတွေ...ဖြစ်ကုန်ပြီ။ :(
ညီမလဲ နွေးနွေးထွေးထွေး ဘဝလေးတစ်ခု ဝယ်ပါရစေ…
လမ်းညွှန်စမ်းဘာ..ဘယ်နားမှရနိုင်မလဲဆိုတာ။

MANORHARY said...

တစ်မြို့တည်းနေနိုင်ပါမှ ပိုဝေးကြတဲ့အကြောင်း
တစ်နေရာစီဝေးနေပေမယ့် နီးနေဖြစ်ကြတဲ့ အကြောင်း
ဒီလိုနဲ့ ပြောင်းလဲမှုဖြစ်စဉ်တွေနဲ့ မပြောင်းလဲတဲ့ ပြောင်းလဲမှုတွေအကြောင်း ...
ဘာမှလည်း စာလုံးပေါင်းသိပ်မမှန်ချင်တော့ဘူးးးးး

jr said...

အရင်လို ဘယ်လိုမှ ပြန်မနီးနိုင်ကြတော့တဲ့ ဘ၀တွေ ဝေးနေကြတာက ပိုကောင်းပါသေးတယ်။

ခင်မင်လျှက်
jr

အိုင်လွယ်ပန် said...

အဲသလို အလုပ်ပိတ်ရက်မျိုးဆို
အနာတွေက ပိုဆိုးလာသဗျ :)

Moe Cho Thinn said...

ကဗျာလေးက ကောင်းလိုက်တာ..
ရင်ဘတ်ထဲက နှလုံးသားလေးကို မေတ္တာနဲ့ ကိုယ်က အရင်စ နွှေးလိုက်ပါလေ..နွေးထွေးသွားပါလိမ့်မယ်။

sait phay yar said...

အဟင့်နိုချင်တယ် အတေနိုချင်တယ် မှန်လို့ အတေမှန်တယ်..

သက်ဝေ said...

ကဗျာလေးက ကောင်းလိုက်တာ
ပြီးတော့ သိပ်မှန်တာပဲ...

တစ်မြို့တည်း နေနိုင်ကာမှ ပိုဝေးနေကြရတဲ့ ကိုယ်စီဘဝတွေအတွက် အရင်ဆုံး ရုန်းထွက်ရမယ့် နေရာကတော့ အင်တာနက် လို့ပဲ ထင်တယ်...း))

ကိုယ့်စိတ်ကို ဆုံးမပြီး နဲနဲ ဝေးဝေး နေကြည့်ဖူးတယ်... ဒါပေမယ့် ခဏပဲ...း((

နေ့ သစ် said...

ဝေးကွာခြင်းမှာ ကုရာနတ္ထိ ဆေးမရှိဘူးတဲ့ ...
အစ်ကိုရေ ...
ကဗျာလေးကိုခံစားသွားပါတယ်။လေးစားလျက်။
ချစ်ခြင်းအားဖြင့်-နေ့ သစ်

အပြုံးပန်း said...

Realism ပေါ့၊

အိန္ဒြာ said...

ရင်ထဲက နှင်းဆီတွေလည်း
ဒစ်ဂျစ်တယ် နှင်းဆီတွေနဲ့ အစားထိုးခဲ့တာ ကြာပေါ့

အပြုံးတွေလည်း မာတောင့်အေးခဲလို့
ဝင်သက်ထွက်သက်မှာတောင် အနွေးဓါတ်ပြုန်းတီးသွားတဲ့ ကျွန်းကလေး....

ရေတွေကြည်ခဲ့ပါတယ်..
မြက်တွေနုခဲ့ပါတယ်....

ရနံ့တွေ စိမ်းရွှေခါးသက်နေတာလေးက လွဲလို့ပေါ့...။

ကောင်းကင်ကို said...

အင်း တမြို့ တည်းနေနိုင်ကာမှ ပိုဝေးကြတယ်။း-(
တချို့ ဆို တခန်းတည်း နေပြီး အဝေးဆုံးဖြစ်နေကြတာ ရှိသေးတယ်။

Zephyr said...

အခုတောင် ကွန်မင့်ရေးတဲ့ ပရိုဂရမ်နဲ့ runလွှတ်လိုက်တာ ...။ ဟိုနေ့ကတော့ Eunos MRT မှာ ရိုဘော့တစ် အလွမ်းကဗျာဆရာကြီးနဲ့တွေ့လိုက်ပါသေးတယ်။ ပရိုဂရမ်သွင်းထားတဲ့ အပြုံးတွေနဲ့ ရယ်ပြ ... ကျွန်တော်က ပါရာလေဘားမှာ လွမ်းတယ် .. အဲလေ အလုပ်လုပ်တယ်လို့ အဲဒီ ရိုဘော့က ပြောသွားသေးတယ်။

ကျွန်တော်တို့ အယ်ဂျူးနစ်ရွာသားတွေက ဖော်ရွေကြပါတယ် .. တမြို့တည်း ဝေးနေတယ်လို့ခံစားရရင် ... အိန္ဒိယဆိုင်မှာ လိုက်ကျွေးဖို့ ဖိတ်ရင် ငြင်းလေ့မရှိပါဘူး။ ပုံမှန်အားဖြင့် တခြားလူတွေလို အိပ်ရာထဲမှာ လူးလှိမ့်ပြီး ဖုန်းဆက်နေရတဲ့ နေ့တွေမှာ အားတတ်ပါတယ် ....။ .....

Globalization ထဲမှာ ရုပ်ကြွင်းဖြစ်ကျန်ခဲ့တဲ့ ကဗျာတွေကို ကျွန်တော်ဖတ်ပါတယ် ....။ ဒါဟာ တစ်ခုတည်းသော ဒစ်ဂျစ်တယ် ပစ္စည်းအစားမထိုးရသေးတဲ့ ၀ါသနာဖြစ်နိုင်ပါတယ်။

Z_FAR 034242343
Version 3 Robot

သိင်္ဂါကျော် said...

ကောင်းလိုက်တဲ့ ကဗျာလေး..
အပြင်ဘက်က သူငယ်ချင်းတွေနဲ့တော့ တစ်လ တစ်ခါလောက်တောင်မှ မတွေ့ဖြစ်ကြပဲ.. net ပေါ်က သူတွေနဲ့ပဲ တွေ့နေကြသူတွေ များနေတာကိုး...

မျက်မှန်လေး said...

အီး....ငိုချင်လာပြီ။
ဒီပို့စ်ဖတ်ရတာ...

တကယ်ပါဘဲ.သူငယ်ချင်းတွေနဲ့ လည်းမဆုံဖြစ်တာကြာပြီ။

ရည်းစားကတော့ မဆုံဖြစ်မှာစိုးလို့ တခါတည်း ယူထားလိုက်ပြိ.

ဟီး၂

***လင့်ခ်ယူသွားပါသည်***

မြစ်ကျိုးအင်း said...

ဒီကဗျာလေး မိုက်စ်တယ်
နှလုံးသားတွေ မာကျောသွားတာမဟုတ်ရင် ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ ဖျားယောင်းမှု ပိုများ နေလို့များလား။ သူငယ်ချင်းနဲ့ လ္ဘက်ရည်ဆိုင် ထိုင်ဖို့ထက် ချက်တင် ထဲက အကြောင်းတွေက ပိုဆွဲဆောင်နေခဲ့သလိုမျိုးပေါ့။

ကိုလူထွေး said...

စိတ်ပျက်မိတဲ့ အကြောင်းအရာချင်း တူသဗျ...

နှင်းဆီတွေ အသက်မဲ့ကုန်တာ နှမျောစရာ...

းဝ)

ကျော်ညိုသွေး said...

ကဗျာလေး တော်တော်ခံစားရတယ်။

မေ့သမီး said...

အကိုရေ တနယ်ပြောင်းတာနဲ့ စိတ်တွေလည်း ပြောင်းကုန်ကြပြီနော်။

နေ့ သစ် said...

နောက်တစ်ခေါက် ဖတ်သွားတယ် အစ်ကို ... ။

တစ်မြို့ တည်းနေကာမှ ... ။

tin min htet said...

မတွေ့ဖြစ်ကြရင် အိမ်မှာ အလှူလုပ်လေ။ ဒါဆိုရင်တော့ သူငယ်ချင်းတွေ လာကြပါတယ် :P

(ဟိုနေ့ ကတည်းက ဖတ်ပြီးသားပါ၊ ဘာရေးရမှန်း မသိတာနဲ့ တိတ်တိတ်လေး ပြန်သွားတာ။ ကျွန်တော်တို့ ဘဝထဲကို ချောင်းကြည့်ပြီးများ ရေးထားသလား အောက်မေ့မိပါတယ်။)

ကျော်ညိုသွေး said...

ပထမအကြိမ်ဖတ်တုန်းက ခံစားရတာပဲသိတယ် ဘာပြောရမှန်းကိုမသိအောင်ကို တိုက်ဆိုင်လွန်းတာကိုး
မျဉ်းတွေပြိုင်တာတော့ တနင်္ဂနွေမှ မဟုတ်ဘူး။

ရွှေပြည်သူ said...

ဟုတ်တယ် ကိုလင်းဒီပရေ... “တစ်မြို့တည်း နေနိုင်ကာမှ ပိုဝေးကြတယ်”

တစ်ပုဒ်လုံး ခံစားချက်နဲ့ တစ်ထပ်ထဲပါပဲ...

ရွှန်းမီ said...

one more digital rose
@}--'-,-`---
can u smell it? :P

Theingarra said...

ကိုလင်းဒီပရေ ...
အဝေးရောက်စိတ်တွေ နဲ့ အနီးဆုံး

တစ်ယောက်ကိုပါ ဝေးနေသလို ဖြစ်တော့လည်း ကိုယ့်

စိတ် နဲ့ ကိုယ့် ကိုယ် နေသားကျခြင်း က ပဲ တစ်ခုခု

လွဲမှားနေသလိုလို ...