Sunday, November 9, 2008

ချစ်သူ့ဖတ်စာ(၂)


နံရိုးအကျိုးကြီးနဲ့ ဖန်ဆင်းမှတော့
မင်းမိန်းမ ရုပ်ဆိုးဆိုးကြီးပဲရမှာပေါ့တဲ့
အာဒံက ငါ့ကိုနောက်တယ်..
အလကားပါ ချစ်သူရယ်
သူ့ဧ၀ ကမှ မသေးမျှင် ပုံမျိုး

တကယ်တော့ ဘဝမှာ ဘာမှမလို
ချစ်သူလေးက နှင်းဆီဖူးလေးလို နုပြီးလှနေဖို့မလို
ပညာတွေအများကြီးတတ်ပြီး စာကြည့်တိုက်ကြီးဖြစ်နေဖို့မလို
ရွှေရောင် အဆောင်သဉ္ဇာထဲက ဆင်းလာသူလေးဖြစ်နေဖို့လည်းမလို

အချစ်ကို ရေးတတ် ဖတ်တတ်ရင်
အမုန်းကို ငြိမ်းတတ် သတ်တတ်ရင်
အလွမ်းကို ချော့မော့ကိုင်တွယ်တတ်ရင်
နောက်
စင်စင်ကြယ်ကြယ်လေး ရယ်မောပျော်ရွှင်တတ်ရင်
တစ်ယောက်ထိရှသွားတဲ့ ဓားဒဏ်ရာကို တစ်ယောက်က ကုသပေးတတ်ရင်
တစ်ယောက်ရဲ့မိုးဥတုအတွက် တစ်ယောက်က မိုးစဲနေလေးဖြစ်ရင်
တော်ပြီ..

ကျောက်ခင်းလမ်းလေးဆိုရင်တောင် နားလည်ခြင်းတွေချခင်းပြီး
အတူတူလျှောက်တဲ့အခါ ထူးခြားစွာ ပန်းတွေပွင့်နေတတ်ကြောင်း
ကျွန်တော်မမောတမ်း ပြောပြနေမိပေါ့။
လင်းဒီပ
၉.၁၁.၀၈
Photo Source: picture by piggy4288
Photobucket.com

26 comments:

Anonymous said...

ချစ်သူဖတ်စာအုပ်ကို အချစ်သင်တန်းကြောင်းမှ ပြဌာန်းစာအုပ်ထုတ်ဝေခွင့်လိုက်တောင်းနေပါသည်။ သဘူတောပါသလားခင်ဗျာ...

sait phay yar said...

ဝိုင်တီယူရယ် သိပ်ဝေးတော့လည်း
ခွင့်တွေတောင်းနေရတာ အွန်လိုင်းတက်ပြီးတော့
ကဗျာကလည်းနော်..ကောင်းတာ...လန်းနေတာဘဲ

Anonymous said...

ကောင်းတယ် အကိုရေ..တကယ်ချစ်ပြီဆို ဘာကို မှကိုမမြင်တော့တာဘဲဗျ.. :P

Anonymous said...

ဒီကဗျာလေး ကြိုက်တယ်။

Anonymous said...

ကောင်းပါပေ့ဗျာ ကိုဒီပ သိပ်ကောင်းတယ်၊ အချစ်ဆိုတာကို နုနုညံ့ညံ့ခံစား ထိတွေ့မိပါရဲ့။ ဒီနေရာလေးတွေ သိပ်လှတယ် -

“ချစ်သူလေးက နှင်းဆီဖူးလေးလို နုပြီးလှနေဖို့မလို
ပညာတွေအများကြီးတတ်ပြီး စာကြည့်တိုက်ကြီးဖြစ်နေဖို့မလို
ရွှေရောင် အဆောင်သဉ္ဇာထဲက ဆင်းလာသူလေးဖြစ်နေဖို့လည်းမလို”

“စင်စင်ကြယ်ကြယ်လေး ရယ်မောပျော်ရွှင်တတ်ရင်
တစ်ယောက်ထိရှသွားတဲ့ ဓားဒဏ်ရာကို တစ်ယောက်က ကုသပေးတတ်ရင်”

“ကျောက်ခင်းလမ်းလေးဆိုရင်တောင် နားလည်ခြင်းတွေချခင်းပြီး
အတူတူလျှောက်တဲ့အခါ ထူးခြားစွာ ပန်းတွေပွင့်နေတတ်ကြောင်း”

ကိုဒီပ အတွေးနဲ့ အရေးက နုပါပေတယ်။ သဘောကျတယ်ဗျာ၊ ရဲဘော် ဆက်လုပ်။

ခင်မင်စွာဖြင့်

ဟန်လင်းထွန်း said...

ကောင်းလှကြီးလား။ အရမ်းကို သိမ့်မွေ့တယ်ဗျာ

ဗီလိန် said...

ကဗျာလေးက..
နားလည်လွယ်တယ်
ထိရှလွယ်တယ်
အားရစေတယ်
ကျေနပ်စေတယ်
အချစ်ကို မြိန်ရည်ရှက်ရည် ခံစားချင်စိတ် ပေါက်သွားစေတယ်

ကိုဒီပကတော့ လုပ်လိုက်မှဖြင့် လွန်းလွန်လွန်တယ်။ ကောင်းချက်က။

နှင်းပွင့်ဖြူ said...

နံရိုးအကျိုးကြီးနဲ့ ဖန်ဆင်းမှတော့
မင်းမိန်းမ ရုပ်ဆိုးဆိုးကြီးပဲရမှာပေါ့တဲ့
****
ဒီစာသားလေးကို သဘောကျမိတယ်။

pandora said...

အချစ်ကို ရေးတတ် ဖတ်တတ်ရင် တဲ့.

အချစ်ကိုသေစာရှင်စာလောက် တတ်ဖို့
အချစ် အသုံးလုံး ကျေဖို့
အချစ်ကကြီးခခွေးသိဖို့

ပညာတတ်ကြီး ဖြစ်စရာမလိုဘူးပေါ့..။

လင်းဒီပရဲ့ ကဗျာလေးတွေကို သဘောကျတယ်။

မောင်ဖားကြီး said...

ခံယူချက်တွေကိုလေးစားတယ်ဗျာ...
အဖွင့်ပိုဒ်လေးက ဟာသဆန်ဆန်နဲ့
တစ်ပုဒ်လုံးကို ဆွဲဆောင်သွားနိုင်တယ်။
ကောင်းတယ်ဗျို့

MANORHARY said...

ကဗျာလေးတွေအရမ်းကောင်းနေတယ်...

Welcome said...

သယ်ချင်း
ကောင်းတယ်ဆိုတာထက် ပိုကောင်းနေတဲ့ ကဗျာလေးတစ်ပုဒ်ပါ၊ အမြဲ မပြတ် အားပေးလျက် ပါ .. ..

http://winzaw-mdy.blogspot.com

kay said...

လင်းဒီပ ရေ- ဒီကဗျာလေး အ၇မ်းကြိုက်သွားပြီ။ ချစ်စရာ ကောင်းလိုက်တာ။

ခင်မင်လျက်- မကေ

thihanyein said...

ဒုတိယပိုဒ်လေးကိုအကြိုက်ဆုံးအကိုရေ ရေးထားတာလေးကောင်းတယ်ဗျာ တကယ်ပဲ ရေးတတ်တယ်
ကောင်းလိုက်တာ အထူးသဖြင့်ဒီစာလေးပေါ့ဗျာ
ပညာတွေအများကြီးတတ်ပြီး စာကြည့်တိုက်ကြီးဖြစ်နေဖို့မလို

ကိုအောင် said...

ချစ်သူ့ဖတ်စာ ကို လာခံစား သွားပါတယ်။

မသက်ဇင် said...

လင်းဒီပရေ---ကဗျာလေးက လှလှချည်လား--
အချစ်ကို ရေးတတ် ဖတ်တတ်ရင်
အမုန်းကို ငြိမ်းတတ် သတ်တတ်ရင်
အလွမ်းကို ချော့မော့ကိုင်တွယ်တတ်ရင်---
တဲ့---
တင်းတိမ်ရောင့်ရဲခြင်း--ဆိုတဲ့ သင်္ကေတ ကို
ညွှန်း တယ်--အချစ်ကို အချစ်လို့ပဲ မြင်တတ်ပုံရတယ်---
အားပေးပါတယ်ရှင်----

အိုင်လွယ်ပန် said...

နားလည်ခြင်းတွေချခင်းပြီးလျှောက်ရင်
ပန်းတွေဝေနေသတဲ့လား............
ကောင်းပကိုဒီပရာ.......

Anonymous said...

လန်နေတာပဲဗျာ လန့်သွားတာက လန်းနေတာကြောင့်ပေါ့
လန်လန့်လန်းပါပဲဗျာ

Moe Myint Tane said...

အရမ်းကို နူးညံ့တဲ့ ကဗျာလေးပါလား။
သိမ်သိမ်မွေ့မွေ့လေး ဆွဲခေါ်သွားတာဘဲ။
"ချစ်သူလေးက နှင်းဆီဖူးလေးလို နုပြီးလှနေဖို့မလို
ပညာတွေအများကြီးတတ်ပြီး စာကြည့်တိုက်ကြီးဖြစ်နေဖို့မလို
ရွှေရောင် အဆောင်သဉ္ဇာထဲက ဆင်းလာသူလေးဖြစ်နေဖို့လည်းမလို"
သိပ်ကောင်းတဲ့ ဖွင့်ဆိုချက်လေး။
"စင်စင်ကြယ်ကြယ်လေး ရယ်မောပျော်ရွှင်တတ်ရင်
တစ်ယောက်ထိရှသွားတဲ့ ဓားဒဏ်ရာကို တစ်ယောက်က ကုသပေးတတ်ရင်
တစ်ယောက်ရဲ့မိုးဥတုအတွက် တစ်ယောက်က မိုးစဲနေလေးဖြစ်ရင်"
အပြန်အလှန်နားလည်မှုနဲ့ တည်ဆောက်တဲ့ အချစ်ကို ပုံဖော်ထားတာဘဲ။
"ကျောက်ခင်းလမ်းလေးဆိုရင်တောင် နားလည်ခြင်းတွေချခင်းပြီး
အတူတူလျှောက်တဲ့အခါ ထူးခြားစွာ ပန်းတွေပွင့်နေတတ်ကြောင်း"
ဘယ်တော့မှ မပြောင်းလဲမယ့် အမှန်တရားတစ်ခုပေါ့ဗျာ။
နူးညံ့သိမ်မွေ့တဲ့ ကဗျာလေးရဲ့ ခေါ်ဆောင်ရာနောက်ကို ငြိမ်ငြိမ်သက်သက်လေး
လိုက်ပါ ခံစားသွားတယ်ဗျာ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ညိမ်းညို said...

နူးညံ့တယ်
ဖြူစင်တယ်
ရိုးရိုးလေးနဲ့ အရမ်းလှတယ်ဗျာ။ ကဗျာလေးက သိမ်မွေ့သလောက်ချစ်စရာကောင်းတယ်ဗျာ။
နောက်ထပ်ဖတ်စာအသစ်လေးတွေ စောင့်မျှော်နေမယ်ဗျို့ :)

Anonymous said...

အိုး....ခံစားတတ်လိုက်တာနော်....ကောင်းလိုက်တဲ့ ကဗျာလေး

Anonymous said...

အိုး....ခံစားတတ်လိုက်တာနော်....ကောင်းလိုက်တဲ့ ကဗျာလေး

ဆိုးသွမ်း said...

လန်းတယ် လန်းတယ်

နံရိုးအကျိုးကြီးနဲ့ ဖန်ဆင်းမှတော့
မင်းမိန်းမ ရုပ်ဆိုးဆိုးကြီးပဲရမှာပေါ့တဲ့
အာဒံက ငါ့ကိုနောက်တယ်..
အလကားပါ ချစ်သူရယ်
သူ့ဧ၀ ကမှ မသေးမျှင် ပုံမျိုး

ဒီစာလေးကို ပိုကြိုက်တယ်။ အားပေးတယ်ဗျာ

Phyu said...

အရမ်းကောင်းပြီး လှပလိုက်တဲ့ ကဗျာလေး...

Anonymous said...

ကဗျာလေး တွေအရမ်းကြိုက် ပါတယ်။ အားပေးလျှက်ပါ။

ရွှေပြည်သူ (ShwePyiThu) said...

“အချစ်ကို ရေးတတ် ဖတ်တတ်ရင်
အမုန်းကို ငြိမ်းတတ် သတ်တတ်ရင်
အလွမ်းကို ချော့မော့ကိုင်တွယ်တတ်ရင်
နောက်
စင်စင်ကြယ်ကြယ်လေး ရယ်မောပျော်ရွှင်တတ်ရင်
တစ်ယောက်ထိရှသွားတဲ့ ဓားဒဏ်ရာကို တစ်ယောက်က ကုသပေးတတ်ရင်
တစ်ယောက်ရဲ့မိုးဥတုအတွက် တစ်ယောက်က မိုးစဲနေလေးဖြစ်ရင်
တော်ပြီ..”

တငေးတမောကို ဖတ်သွားပါတယ်...