Sunday, February 1, 2009

အဟောင်းချစ်သူ

ဒီနေ့ ကျွန်တော် သုံးနေသည့် laptop အဟောင်းလေး လုံးဝ ပျက်သွားသည်။ အရင်ကတည်းက သုံးနေရင်း Heat တက်တက်လာရင် Shut Down ဖြစ်ဖြစ်နေတတ်တာလေ။ မရသည့် အခါဆို စက်ကိုဖွင့် တစ်စစီဖြုတ် ခဲလွတ်လွတ် နေသည့် နေရာလေးတွေ ပြန်ဆော်ပြီး သုံးနေတာ။ ဒီတခါ ခဲဆော်တော့ Power တောင် ပြန်တက် မလာတော့ပေ။ အထဲက data များလည်း သွားကုန်ပြီ။ အမှန်တော့ ကျွန်တော့် laptop လေးက ကျွန်တော် ဝယ်တာတော့ မဟုတ်။ ကျွန်တော့် စလုံး ရောက်ခါစ ကကြီး က အစ်ကိုက မင်းအလုပ်ရရင် ငါ့laptop အဟောင်းလေး ပို့ပေးမည်ဟု ဆိုသည်။ ရောက်လာပုံကလည်း ခပ်ဆန်းဆန်းရယ်။ ကကြီး ကနေ စလုံး ခဏလာသည့် Korean နှင့် ထည့်ပေးလိုက်သည်။ လေဆိပ်မှာ သွားယူ မယူလျှင် အဆုံးပါတဲ့။ ကျွန်တော်ကလည်း အလုပ်ရခါစ ဆိုတော့ မလစ်ရဲ။ အခုတော့ အလုပ်ထဲမှာကို မရှိ။ ကြားထဲက တစ်ယောက်က သွားယူပြီး ကျွန်တော့်ကို လာပေးသည်။ ရှစ်လလောက်တော့ သုံးလိုက်ရသည်။ အခုတော့ ဆုံးရှာပြီ။

ကျွန်တော့်မှ အဟောင်းချစ်သည်တော့မဟုတ်။ ကျွန်တော် ငယ်ငယ်က အိမ်မှာ ခပ်အိုအို ရေဒီယိုကြီး တစ်လုံးပဲ ရှိသည်။ ကတ်ဆက် လိုချင်သည်။ ဖေဖေက ဘေးအိမ်က Panasonic မိုနိုကတ်ဆက် အဟောင်းလေးကို ရှစ်ရာဖြင့် ဝယ်ပေးသည်။ အဲဒီတုန်းက ကျွန်တော်လိုချင်တာ Panasonic အနီရောင် Stereo ကတ်ဆက်ကလေး။ ငါးထောင်ကျော်လောက် ရှိတော့ ဖေဖေက ဝယ်မပေးနိုင်။ ပထမတစ်လုံး ပျက်တော့ နောက်တစ်လုံး ထပ်ဝယ် နှင့် အိမ်မှာ မိုနိုကတ်ဆက်ကလေးတွေ အတော်များလာသည်။ Brand တွေလည်း စုံလာသည်။ Panasonic, Sanyo, National စသဖြင့်ပေါ့။ ဖေဖေကလည်း အဟောင်း ဝယ်ရတာ ဝါသနာထုံသည်။ စက်ဘီးဆိုလည်း ဒါလေးက ဈေးတော်တယ်ကွ ဆိုပြီး အဟောင်းလေး ဝယ်လာသည်။ နောက်စီး မရတော့ မီးဖိုချောင်ထဲတွင် ထိုးထားသည်။ မေမေက ပွစိပွစိ လုပ်သည်။ ဒီလိုပါပဲ ပန်ကာတွေ မော်တာတွေ ဘယ်က ဘယ်လို ရသည်မသိ ဝယ်ဝယ်လာတတ်သည်။ အဲဒီလောက် အဟောင်းမက်တာ မိန်းမတောင် ကံကောင်းလို့ အသစ်ရတာလို့ မေမေက ပြောတော့လည်း ဖေဖေက ခပ်ပြုံးပြုံးရယ်။

ကြာတော့ကြာပါပြီ။ဝတ္တုတစ်ပုဒ်မှာ ဖတ်ဖူးသည်။ စာရေးသူတော့ မမှတ်မိတော့။ သူ့ချစ်သူက သူ့ဆီလာလျှင် အမြဲတမ်း စက်ဘီး ဟောင်းလေးနှင့်။ သူတို့သမီးရည်းစား လျှောက်လည်ရင် စက်ဘီးလေးက သံစုံမည်သည်။ နောက် အိမ်ထောင် ကျတော့လည်း သူ့ယောက်ျားက အဟောင်းမက် အဟောင်းဝယ် ။ လေးဘီး အဟောင်းလေး ဝယ်စီး ခဏခဏ ပျက်လို့ စိတ်ညစ်ရတာလေးတွေ ရေးချထားသည်။ မေမေလည်း ဖေဖေနဲ့ ပတ်သက်ပြီး ဒီလိုလေးတွေ ကြုံဖူး ပေလိမ့်မည်။ အိမ်ထောင်ဦးစီး ယောက်ျား ဆိုတာမျိုးကလည်း ကိုယ့်ဇနီး သားသမီးတွေကို လူတန်းစေ့ ပြည့်ပြည့်စုံစုံ ထားချင်ရှာမည်။ မနိုင်တော့လည်း နိုင်သလောက် လုပ်ပေးသည့် ဖခင်မေတ္တာကို အသက်ကြီးတော့ ပိုနားလည်လာသည်။

ပြီးခဲ့တဲ့ရက်ပိုင်းက နယ်ဖက် ရောက်တော့ သူငယ်ချင်းတစ်ယောက်နှင့် တွေ့သည်။ သူ့ဆိုင်ကယ်လေးက စက်သံဆူလွန်းသည်။ Good Secondhand ဂျပန်ဘီးလေးပေါ့။ သူငယ်ချင်းက ငါ့ကောင်မလေးကို သွားခေါ်ရင် ငါ့ဆိုင်ကယ်သံနဲ့ တစ်ဆောင်လုံး သိကုန်လို့ ငါ့ကောင်မလေးက အမြဲ ပြောတယ်လို့ ရယ်ရယ်မောမော ပြန်ပြောပြသည်။ အော် အဟောင်းချစ်သူတွေ။

အခုလည်း ကျွန်တော် ကွန်ပျူတာ အဟောင်းလေးတစ်လုံး သူငယ်ချင်းဆီက ပြန်ဆွဲထားလိုက်သည်။ ဖေဖေသိရင် ပြုံးနေမည်လား မသိ။ အင်း ငါ့သားတောင် ငါ့နဲ့ တူလာပြီ ဆိုကာ။
လင်းဒီပ
၂၈.၁.၀၉

17 comments:

khin oo may said...

ဟုတ်ပါ့..တူလာပြီ.။
မိန်းမ အသစ်ကလေးရပါစေချင်။

Anonymous said...

ဒီပ...နှယ်..ဘမျိုးဘိုးတူတို့၊ ရေမြေလိုက်တာ တို့ ဆိုတာ ကောင်းသားရဲ့ ...ရယ်။

အိုင်လွယ်ပန် said...

တွင်းဟောင်းရေကြည်အေးမြသည်တဲ့ဗျ ...
အသူကြောခဲ့တာလဲတော့သိဘူး :P

Anonymous said...

ဟိဟိ.. ဖတ်လို့ကောင်းတယ်
မိသားစုဘ၀လေးရေးထားတာ။
အဟောင်းလည်းဘာဖြစ်လဲ.. သုံးလို့ရပြီးရောပေါ့။း)

MANORHARY said...

အဟောင်းချစ်သူလာဖတ်သွားပါသည်။

ဆိုးသွမ်း said...

မိုက်တယ်...ဗျို့
ဖတ်လို့ကောင်းတယ်

လွတ်ငြိမ်းလေပြေ (breeze) said...

ဟဲဟဲ မိန်းမယူရင်ရေား)

ခင်လို့နောက်တာနော်

နှင်းပွင့်ဖြူ said...

ကျွန်မရဲ. ချစ်သူအဟောင်း ( Laptop ) ကပျက်ကိုမပျက်နိုင်ဘူး... ချစ်သူအသစ်လိုချင်ပါတယ်ဆိုနေမှ ...
လက်တော့တစ်လုံးတွေ့ထားတယ် လိုချင်လိုက်တာမှ... အဟောင်းက မထွက်လို့ စိတ်ညစ်တယ်။

Anonymous said...

အစ်မ ဆို အဟောင်းတွေ ပဲ..
ချစ်လွန်း..ဖက်တွယ်လွန်းလို့..
ဆူခံ ထိတာလဲ ခဏခဏ..
လွန်ခဲ့ တဲ့ ၁၈ နှစ်လောက် က အ၀တ်အစား
တချို့..ခု ထိ သိမ်းထားတုန်း...
စာအုပ်တွေ တော့..ပြောမနေနဲ့တော့...
၅ တန်းက စာစီစာကုးံ ရေးတဲ့ စာအုပ် ရှိသေးတယ်..
အဟောင်းတွေ ချစ်ပုံ..သိမ်း ပုံ ပြောပါတယ်..
အဲ...laptop လေး အဟောင်းပဲ ..ကွ...း)...
နဲနဲ ပူလာတာနဲ့...auto shut down....း)....

မေ့သမီး said...

အစ်ကိုရေ အဟောင်းတွေမပစ်ရက်လို့ အိမ်ရှုပ်တယ်ဆို မေမေက ခဏခဏဆူတတ်တယ်။ အစ်ကိုလည်း အဟောင်းတွေချစ်တယ်ဆို မိန်းမတော့ အသစ်ရအောင် ယူနော်။

Anonymous said...

ကျွန်တော့်ဆီမှာတော့ အဟောင်းတွေချည်းပဲ။
အကျီင်္ဟောင်း။ဘောင်းဘီဟောင်း၊အိပ်မက်အဟောင်း၊
ဂစ်တာဟောင်း(တီးမရတော့ဘူး၊ ချောင်ထိုးထားတယ်၊လောလောဆယ်ငှားတီး)

အသစ်အသစ်တွေရပါစေ...
ကဗျာတွေရောနော

Moe Myint Tane said...

အသစ်တွေဘယ်လိုကောင်းကောင်း အဟောင်းကတော့ တလည်လည် ဆိုတဲ့စကားလဲ ရှိသေးတယ်လေ ကိုဒီပ။
ဟောင်းပေမယ့်လည်း ကောင်းနေဆဲပါပေါ့။ စက်ကလေး သေဆုံးသွားတာတော့ စိတ်မကောင်းပါဘူး။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

pandora said...

အမှတ်တရ အဟောင်းလေးတွေကို မပစ်ရက်ပဲ သိမ်းထားဖြစ်တာပါပဲ။ တချို့ကျတော့လည်း ဟောင်းပေမယ့် ကောင်းနေသေးတယ်။ အသုံးဝင်နေသေးတယ်လေ။ ဒါနဲ့ပဲ အိမ်ကျဉ်းကျဉ်းလေးမှာ အ၀တ်ဗီရိုနဲ့ စတိုခန်းပြည့်လျှံလာတာကတော့ ဒုက္ခရောက်တယ်။ :(

Anonymous said...

တစ်ခါတလေ တော့လည်း အသစ်ဘယ်လောက်ကောင်းကောင်း အဟောာင်းတလည်လည်

Anonymous said...

အဟောင်းကြိုက်တယ်ဆိုတော့ အစ်ကို့ မေမေ ပြောသလို မိန်းမ တော့ အဟောင်းမယူလိုက်နဲ့နော့်း) စ တွေ က တွေနဲ့ ရှုပ်နေတာပဲ ယ မှာလည်း အစ်ကို့အတွက် အဟောင်းလေးရှာထားပေးမယ် ယူမလား လိုချင်ရင် မေးလ် ပို့လိုက် :P

ရွှန်းမီ said...

:-) ဆေးထိုးအပ် ကိုတော့ အသစ်ပဲ သုံးပါ..
(လာနောက်တာ)

ရွှေပြည်သူ (ShwePyiThu) said...

နောက်ဆုံးစာကြောင်းလေး ဖတ်ပြီး ပြုံးမိပါတယ်... အဟောင်းလေးတွေက သုံးလို့ရနေသရွေ့တော့ အသစ်လိုပဲ တန်ဖိုးထားမိတာပါပဲနော်... တခါတခါ အဟောင်းလေးဆိုပြီး သနားသလိုစိတ်နဲ့ သံယောဇဉ် ပိုထားမိတာတောင် ရှိသေးတယ်...