Thursday, February 5, 2009

ရင်ခွင်ခြောက်ခုလျော့ဈေးချခြင်း

ငြိမ်သက်လို့ နာမည်ပေးထားပြီး ဘယ်တော့မှ ငြိမ်ငြိမ်မနေဘဲ လိုက်လိုက် Tag တတ်တဲ့ ကိုငြိမ်သက် Tag လို့ ကဗျာရေးတဲ့လူ ခြောက်ယောက်ပေါင်းပြီး ရေးဖြစ်သွားတဲ့ ပိုစ့်လေးပါ။ခေါင်းစဉ်လေးကတော့ ကိုငြိမ်သက် ချပေးတာပါ။ ပါဝင် ဈေးလျော့ကြတဲ့သူတွေကတော့ ကိုကောင်းကင်ကို ကိုဟန်လင်းထွန်း ကိုမိုးသောက် ညီလေးမောင်မျိုး မအိပ်မက်နိဒါန်း(ခေါ်ရတာ တမျိုးကြီးပဲ.:P) နဲ့ ကျွန်တော်..အားလုံးပေါင်းပြီး ရင်ခွင်လေးတွေ ဈေးလျော့ထားပါတယ်။ တန်တယ် ထင်ရင် ဝယ်သွားလို့ ရပါတယ်။ အိမ်တိုင်ရာ အရောက် ပို့ပေးပါမယ်ဗျာ။ မကောင်းရင်လည်း အားမနာနဲ့။ ကျန်တဲ့ ရင်ခွင်လေးတွေနဲ့လာလဲလို့ ရသေးတယ်။..ဘယ်ရင်ခွင်ဟာ အလုံခြုံဆုံးလဲ..လို့ လေးဖြူလိုလည်း အော်လို့ရပါတယ်..

ကဲ ကျွန်တော်တို့ ရင်ခွင်ဈေးတန်းလေးကို တစ်ခေါက်လောက် လျှောက်ကြည့်ကြပါဦး။

"ရင်ခွင်လျှော့ဈေး" (ငြိမ်သက်)

တစ်လောကလုံးမှာ
တစ်ယောက်တည်းလို့
ချစ်ခဲ့မိတဲ့ငါ့အချစ်မှာ
ရယူမှုကင်းလို့
ပေးဆပ်ခြင်းသာပျော်ဝင်ခဲ့တာ
တကယ်လို့များ ဒီရင်ခွင်ကို
ငဲ့မကြည့်လို့ လှည့်ထွက်တော့မယ်ဆို
ချစ်သူရယ် နင်ရက်စက်နိုင်ပါတယ် (အိပ်မက် နိဒါန်း)


လွမ်းဆွေးခြင်းတွေ နင် ထားခဲ့လည်း
ငါ့ရင်ခွင်တံခါးကို
နင့်ပြန်လာမယ့် တနေ့ထိ
ဖွင့်ထားမယ်... (ဟန်လင်းထွန်း)

ဝင်လာခဲ့ပါချစ်သူ
ဘာဆိုဘာမှ မသယ်လာခဲ့ပါနဲ့
ငါ့နှလုံးသားထဲ မင်းအတွက်
အချစ်စစ်တွေနဲ့ ဖျော်စပ်ထားတဲ့
ဖျော်ရည်တစ်ခွက် တိုက်ပါရစေ
ပြန်ထွက်သွားတဲ့တစ်နေ့
မျှော်လင့်ခြင်း ဖန်ခွက်ပါးပါးလေးတော့ထားခဲ့ပေးပါ
ငါ သတိရတိုင်း
မင်းနှုတ်ခမ်းရာလေးကို
အလွမ်းပြေ နမ်းရှိုက်ချင်လို့ (မောင်မျိုး)


ချစ်သူရေ
လင်းလက်ခွင့်ရှိရင် တောက်ပလိုက်ချင်တယ်
ကမ္ဘာကြီးတစ်ခုလုံး ထိတ်လန့်သွားအောင် ....
ကြည်နုးခွင့်မရှိတဲ့ ဘ၀မှာ
ကဗျာတွေပဲ ထိုင်ရေးနေမိတယ်
ရိုးသားခြင်းဟာ ဒုက္ခရောက်လွန်းလို့....
ဆိုးလိုက်တဲ့ မိုး
အညှိုးလည်း မထားချင်တော့ပါဘူး
ငါ့ဘ၀ပေါ်မှ ကွက်ကျားရွာရတယ်လို့ ......
အဖြေညှိမရတဲ့ ပုစ္ဆာတွေကြားမှာ
မသိကိန်းတွေ များလွန်းတဲ့ စာမျက်နှာတွေ
တန်ဖိုးဆိုတာ ငါမသိချင်တော့ပါဘူး ...
အရိုးသားဆုံးဝန်ခံရရင်
ငါ မင်းကို သိပ်ချစ်တယ် ... (မိုးသောက်)

နင့် ခြေနုဖဝါးလေးတွေ ထိရှစေခဲ့သလား
ရင်ထဲက နှင်းဆီတချို့ရဲ့ အမှတ်တမဲ့မာန ဖြစ်မှာပါ..
အဝေးဆုံးထိလိုက်ဖို့ ပြင်ဆင်ခဲ့ပြီးကာမှ နေခဲ့ပါဆိုတော့
အလွမ်းတွေက နည်းနည်းတော့ ဘောင်ဘင်ခတ်တာပေါ့
တံခါးလည်းမရှိခဲ့ပါဘူး ဓားလည်းမရှိခဲ့ပါဘူး..
ဟောဒီ ရင်ခွင်အခန်းလေးကို
သူငယ်ချင်းလေးလို ဖြစ်ဖြစ်
ချစ်သူတစ်ယောက်လို ဖြစ်ဖြစ်
မောင်ရင်းနှမလိုပဲ ဖြစ်ဖြစ်
သတိရတယ် ဆိုရင်
နင့်မှာ တစ်သက်စာ ဗီဇာလေးရှိသေးတယ်… (လင်းဒီပ)

အခုတော့…
ငါ့နှလုံးသွေးထဲက အနှစ်ထုတ်ပြီးပြောခဲ့တဲ့
မလိုင်စကားလုံးတွေကတောင် နင့်ဆုံးဖြတ်ချက်ကို မနိုင်တော့ဘူးပေါ့။
ဘာပဲဖြစ်ဖြစ်
ကမ္ဘာကြီးကိုတောင် လည်ပတ်စေနိုင်ခဲ့တဲ့ လက်နက်
မေတ္တာတရားကို နင်ဖြောင့်အောင် ဖတ်တတ်တဲ့တစ်နေ့
လက်ဆောင်တွေသိမ်းပိုက်ဖို့ ငါ့ဆီကို ပြန်လာခဲ့ပါ။
မျက်စောင်းလေး တစ်ချက်ချိတ်
နင့် ခေါင်းလေး တစ်ချက်ညိတ် လိုက်ရုံနဲ့ 
ကမ္ဘာတစ်ခုလုံး ပေးလိုက်မယ်။
နင့်အတွက်ဆို ငါ့ရင်ခွင်ဟာ
ရာသီမရွေး…
လျှော့ဈေး။ (ကောင်းကင်ကို)

ဖတ်လို့ အဆင်ပြေလား မသိဘူး။ ကျွန်တော်ကတော့ ကောင်းတယ်ထင်တာပဲ..:P
ခင်မင်စွာ
လင်းဒီပ
၅.၂.၀၉

15 comments:

MANORHARY said...

တစ်ချိန်က ဇော်ဇော်အောင်၊သစ္စာနီ၊ငြိမ်းအေးအိမ်နဲ့တာရာ
မင်းဝေတို့စုရေးတဲ့ဝတ္ထုကိုသွားသတိရတယ်။ဘယ်အပိုင်း
ကိုဘယ်သူကရေးတယ်လို့ခုလိုမပြောပဲ လျို့ဝှက်ထား
တော့ပိုစိတ်ဝင်စားစရာကောင်းတယ်။
နောက်တစ်ပုဒ်ကို ကိုအရိုင်း၊ကိုဇော်သက်ထွေးနဲ့ကိုကေ
အေတီတို့လည်းပေါင်းရေးခဲ့ဖူးတယ်။
တစ်ခါတုန်းက သရဖူ မှာပါ။

Moe Myint Tane said...

ရင်ခွင်ခြောက်ခုလုံးလျော့ဈေးချထားတာ ဈေးမဆစ်ဘဲ ၀ယ်သွားတယ်။ ခြောက်ခုလုံး ကောင်းတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Anonymous said...

;) ညနေက ကိုကောင်းကင် နဲ့ တွေ့တော့တောင်ပြောနေသေးတယ် ကဗျာက တစ်ယောက်တစ်ပေါက်နဲ့ ဖတ်လို့တော့ ကောင်းတယ်လို့ ။ တစ်ယောက်က “ မင်း” တစ်ယောက်က “နင် ” နဲ့ ဟဟား ရယ်ချင်စရာကြီး ဒါမဲ့ အစ နဲ့ အဆုံးက ထိန်းသွားတော့ ဒီကဗျာ မိုက်တယ် ။ ကျနော်က အလစ်သုတ်မလားလို့ လူပျိုကြီး ဦးသွားပြီး လာခိုးမှာပဲနောက်နေ့ :P

ကိုလှုပ်ခပ် ကို ပြောလိုက်ပါအုံး ခေါင်းစဉ်ပဲ ပေးရတာ အရမ်းပင်ပန်းနေမယ်လို့ (ချောင်ခိုးတယ် မပြောချင်ဘူး ) ပြောလိုက်ပြီး ။

Moe Cho Thinn said...

ဈေးမလျှော့ပါနဲ့လေ..
ရင်ခွင်အားလုံး သူ့တန်ဖိုးနဲ့သူ လှကြပါတယ်။ တန်ဖိုး မဖြတ်ရက်ပါဘူး။ :)

ညိမ်းညို said...

အပေါ်က အစ်မပြောသလိုပဲဗျ
တန်ဖိုးမဖြတ်ရက်ပါဘူး :)

ကဗျာကို ကြိုက်တယ်ဗျ
နောက်လဲ စုရေးဖြစ်ရင် တင်ပေးပါဦး ကိုဒီရေ

ဗီလိန် said...

ဒီစကောင့်နဲ့လား ရဘူး။ နော့ဖော်ဆေးလ်ပဲလုပ်လိုက်ပါဗျာ။

ရွှန်းမီ said...

အားလုံးတော်တယ်..း-)

Anonymous said...

စိတ်ကူးလေးတွေ ကောင်းလိုက်ကြတာ..
တစ်ယောက်တစ်မျိုး တော်ကြတာချည်း ပဲ..
အားလုံး ဖတ်လို့ ကောင်းတယ်...
အကြိုက် ရော မေးလာတဲ့ လူရှိရင်..
မောင်လေးမျိုး ရဲ့ အရေး နဲ့
ကိုလင်းဒီပ ရဲ့ အရေး ကို အကြိုက် ဆုံး..
(ကျန်တဲ့သူ တွေ စိတ်မဆိုး ပါနဲ့...နော်.. ကျမ က..
ကိုယ့်ခံစား ချက်နဲ့ အနီး ဆုံးတွေ ကို ရွေးချယ် လိုက် တာပါ..........)

Kaung Kin Ko said...

လာပြန်ဖတ်သွားတယ်ညီရေ။

Kaung Kin Ko said...

ခုမှ သတိထားမိတယ်ညီရေ။ အစ်ကိုရေးတာက "ငါ့နှလုံးသွေးထဲက အနှစ်ထုတ်ပြီးပြောခဲ့တဲ့ မလိုင်" ကတစ်ကြောင်းညီရ။ အစ်ကိုက မလိုင် နဲ့ နောက်တစ်ကြောင်းက မနိုင်ကို ရစ်သမ်သဘောမျိုး ယူထားတာ။ ဒါပေမယ့် ဒီအတိုင်းလေးလည်း လှတာပဲ။ ကိစ္စမရှိဘူးညီ။ ကဗျာစုရေးရတာ ပျော်စရာ ကောင်းတယ်နော်။ လင့်ခ်လုပ်ထားလိုက်တယ်ညီ။ အစ်ကိုက နောက်ဆုံးမှ ရေးတဲ့လူဆိုတော့ သူများတွေအကုန်တင်ပြီးမှ တင်မယ်။း-)

Unknown said...

အော် ဆရာကြီးတွေပါလား တော်လိုက်ကြတာနော်
အဲဒီရင်ခွင်ကတော့ ဈေးတန်ပါတယ် မလျှော့နဲ့

:P said...

အားလုံးကောင်းကြပါသည်။
မောင်မျိုးရေးတဲ့ အဓိပ္ပါယ်လေးရယ်...
လင်းဒီပ ရေးတဲ့ တစ်သက်စာ ဗီဇာ ဆိုတဲ့ စကားလုံး
ကြိုက်တယ်....။
ကျန် ၄ ယောက်လည်းကောင်းပါသည်။
ထုတ်မပြတတ်လို့..။

Mirror said...

အားလုံးကို လေးနက်ပါသည်၊
ရွေးထုတ်တဲ့လူကလဲေ၇ွးတတ်ပါဘိ။

လေးစားခင်မင်လျက်

Welcome said...

အသွင်ဆန်းတာလေး နှစ်သက်တယ်။

WWKM said...

ကဗျာလေးတွေ အားလုံး ကောင်းတယ် မောင်လေးရေ။
အားပေးသွားတယ်နော်။ တင်ဆက်ပုံလေးက ဆန်းကျယ်
တယ်။