ချစ်သူရေ ကြည့်
တောမဟုတ် မြို့မဟုတ်တဲ့ နေရာလေးမှာ
ဥပက္ခာတရားတွေနဲ့ ပစ်ချထားတာ ခံရတဲ့ကောင်လေး။
လွမ်းတယ်ချစ်သူ
မိုးစိုနေတဲ့ နှလုံးသားက
ဝဿန်အကျိုးအပဲ့လေးတွေ ပြန်လွမ်းတယ်။
လွမ်းတယ်ချစ်သူ
မိုးစိုနေတဲ့ ကွက်တိကွက်ကြား ပါးကွက်လေးထဲက
မိတ်ကပ်နံ့လေး ပြန်လွမ်းတယ်။
လွမ်းတယ် ချစ်သူ
မိုးသက်လေ အပံ့အပိုးနဲ့
ငါခိုးခိုး နမ်းခဲ့ရတဲ့ ဆံညိုညိုလေးတွေ ပြန်လွမ်းတယ်။
လွမ်းတယ်ချစ်သူ
လျှပ်ရောင်လက်ရင် ငါ့ဘက် တိုးကပ်လာတတ်တဲ့
လက်မောင်းအိုး ဖြူဖြူလေးတွေ ပြန်လွမ်းတယ်။
လွမ်းတယ်ချစ်သူ
ရယ်စရာမဟုတ်တာ ရယ်စရာလုပ် ရယ်တတ်တဲ့
မိုးစို ရယ်သံလေးတွေ ပြန်လွမ်းတယ်။
လွမ်းတယ်ချစ်သူ
ကဲ့ရဲ့တတ်သူတွေ နှုတ်ခမ်းက
မိုးရေစို အညှော်ခံ ငါ့ဘဝ ငါပြန်လွမ်းတယ်။
လွမ်းတယ်ချစ်သူ
တို့နှစ်ယောက်က ဘာလဲလို့ မရဲတရဲ မေးမိရင်
သူငယ်ချင်းတွေပေါ့ဆိုတဲ့
ထူပိန်းပိန်း နီရဲရဲ နှုတ်ခမ်းလေး ငါပြန်လွမ်းတယ်။
လွမ်းတယ်ချစ်သူ
မိုးနဲ့ ရောငိုထားတဲ့ ငါ့မျက်ရည်တွေ ခင်းတဲ့လမ်း
နင် နင်းသွားတာ ပြန်လွမ်းတယ် ။
(ချစ်သူရေ)
မြင်ကြည့်
ကမ္ဘာမှာ နယူတန်ကို ပထမဆုံးဆန့်ကျင်သူဟာ
မင်း..
ဒါမှ မဟုတ်
ငါ ဖြစ်နေလိမ့်မယ်ကွယ်..။
၂.၆.၁၉၉၈
ဒီကဗျာလေးက ဆယ်တန်းအောင်ကာစ က ရေးထားတာလေးပါ ။အခုလောလောဆယ် စာမရေးဖြစ်တာနဲ့ ကဗျာ အဟောင်းလေးတွေနဲ့ ဆက်တိုက်ကို ဆားချက်နေတာပါ ။ ခွင့်လွှတ်ပေးကြပါဗျာ။
လင်းဒီပ
၆.၅.၀၉
Wednesday, May 6, 2009
Subscribe to:
Post Comments (Atom)
13 comments:
လွမ်းတယ် ချစ်သူ
မိုးသက်လေ အပံ့အပိုးနဲ့
ငါခိုးခိုး နမ်းခဲ့ရတဲ့ ဆံညိုညိုလေးတွေ ပြန်လွမ်းတယ်။
လွမ်းတယ်ချစ်သူ
လျှပ်ရောင်လက်ရင် ငါ့ဘက် တိုးကပ်လာတတ်တဲ့
လက်မောင်းအိုး ဖြူဖြူလေးတွေ ပြန်လွမ်းတယ်။
ဒီပရေ....
ဒီနှစ်ပုဒ်တော့ လွှတ်ခိုက်သွားတယ်
ပိုဒ်
အကို ငယ်ငယ်တုန်းကရေးခဲ့တဲ့ ကဗျာတွေကို ပြန်ဖတ်ရင် ရင်ခုန်သံတွေပိုလတ်ဆတ်နေတယ်လို့ မထင်ဘူးလား။ ဒီကဗျာလေးလည်း ကြိုက်တယ်။
အင်း..လွမ်းပါနဲ့ကွယ်
နော် အချိန်တွေလွန်မှ
အဲဒီအရွယ်မှာ အဲလောက်ကောင်းအောင် ရေးတတ်နေမှတော့ အခုအရွယ်မှာ အခုလောက်ကောင်းအောင် ရေးနိုင်တာ မဆန်းပါဘူး ကိုလင်းဒီပရေ...
ကျွန်မအတွက်တော့ ငယ်ငယ်တုန်းက ကဗျာ လေးတွေက နည်းပညာမကြွယ်ဝလို့ သိပ်မလှဘူး ထင်ရပေမယ့် ရင်ထဲတည့်တည့်ရောက်ပါတယ်။
သူများလည်း လွမ်းတယ်ကွယ် အက်အက်း)
ကိုလင်းဒီပပြောမှ ရန်ကုန်မှာကျန်ခဲ့တဲ့ ငယ်ငယ်က ကဗျာတွေကိုလွမ်းလိုက်တာ..
ကဗျာဖတ်ပြီး ကိုယ်ပါ လွမ်းသွားပါတယ် ...း)
ကဗျာအဟောင်းသာဆိုတယ်။
ကောင်းတုန်းပါလား...
လွမ်းချင်ချင်ဖြစ်ပြီး ပြန်သွားပါကြောင်း.......
နယူတန်လား
ကိုယ်တို့လည်းငယ်ငယ်ကငြင်းခဲ့ဖူးတယ်
မတူတော့မတူဘူးပေါ့
အဲလူကြီးတွေ အားအားယားယား
အပင်အောက်သွားထိုင်နေလိုက်တာနဲ့
ငါတို့မှာစာတွေကျက်နေရပြီလို့
တွေးခဲ့ ငြင်းခဲ့တား)
မိုးစိုနေတဲ့ ကွက်တိကွက်ကြား ပါးကွက်လေးထဲက
မိတ်ကပ်နံ့လေး ပြန်လွမ်းတယ်။
how you know about this?
ကဗျာလေးကကောင်းတယ်ဗျာ။ ၁၀-တန်းတုန်းကတည်းကလွမ်းတတ်နေတာကိုး။
Post a Comment