Thursday, June 17, 2010

ဖတ်မိတော့လည်း ကဗျာ(၁)

အိန္ဒိယ အလုပ်သမားလေးဟာ ပျော်နေတယ်
မနက်ဖြန် သူအိမ်ပြန်တော့မယ် ။

သူ ပျော်နေတယ်
အလုပ်ရှင်က အလုပ်လုပ်ခွင့် သက်တမ်း ထပ်မတိုးပေးတဲ့အတွက် ။
သူ ပျော်နေတယ်
ဒီတခါ လေယာဉ်ကြီးက သူ့မြေကို ပြန်ပို့ပေးမှာ ဖြစ်တဲ့အတွက် ။
သူ ပျော်နေတယ်
ချင်းနိုင်လေဆိပ်ကနေ ဇာတိမြေရောက်ဖို့
နောက်ထပ်ကားခြောက်နာရီလောက် ထပ်စီးရမှာလို့ ပြောရင်း…။

သူ့စကားသံက
ပျော်ရွှင်ခြင်းဒရမ်ကို ခပ်ကြမ်းကြမ်း တီးတယ် ။
သူ့မျက်လုံးရုပ်ရှင်ပိတ်ကားပေါ် မိသားစုထမင်းဝိုင်းလေး ပြနေတယ် ။
သူ့မျက်လုံးရုပ်ရှင်ပိတ်ကားပေါ် သူ့ချစ်သူ အမည်းရောင် အိန်ဂျယ်လ်လေး ကနေတယ် ။
သူ့မျက်လုံးရုပ်ရှင်ပိတ်ကားပေါ် စည်းမဲ့ကမ်းမဲ့ ကားလမ်းမတွေ ပြနေတယ် ။
သူ့မျက်လုံးရုပ်ရှင်ပိတ်ကားပေါ် ခပ်အိုအို မီးရထားကြီးထဲ လူတွေ တပျော်တပါး စီးနေတယ် ။

သူဝတ်နေကျ
ညစ်ထပ်ထပ် ရှပ်အင်္ကျီကလေးကို
လျှော်ဖွတ်လိုက်ရင် ဘာတွေ ထွက်လာမလဲ
ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်
လည်ချောင်းထဲ အခါခါလှောင်ထားတဲ့ တောက်ခေါက်သံတွေလား
ညတာ….တိုလွန်း
အိပ်မက်က…..ရှည်လျားလွန်းတဲ့ သူ့ညတွေလား
ငွေစကြေးစလေး နည်းနည်းပါးပါးအတွက်ပါ..
ဈေးကြီးလွန်းတဲ့ လူတန်းစေ့အင်္ကျီကလေး ဝယ်ဝတ်ဖို့ပါ ။

သူစီးနေကျ Safety Shoe ကလေးဟာ
ကွဲကွဲ အက်အက် နဲ့ အသံထွက်လာတယ်…
တက်ခဲ့တဲ့ အထပ်မြင့်တွေ
ဆင်းခဲ့တဲ့ တွင်းနက်နက်တွေ
လျှောက်ခဲ့တဲ့ ညစ်ပတ်ပေရေ လမ်းတွေ
ငွေစကြေးစလေး နည်းနည်းပါးပါးအတွက်ပါ..
ဈေးကြီးလွန်းတဲ့ လူတန်းစေ့အင်္ကျီကလေး ဝယ်ဝတ်ဖို့ပါ ။

သူ့စကားတွေ သူပြန် နားထောင်ရင်း
သူ့မျက်လုံးရုပ်ရှင်ကားလေး သူ့ဘာသာ ပြန်ကြည့်ရင်း
သူ့ရှပ်အင်္ကျီကလေး သူ့စိတ်ကူးနဲ့ သူလျှော်ဖွတ်ကြည့်ရင်း
သူ့ ဖိနပ်ကလေးအကြောင်း သူ စဉ်းစားရင်း
အိန္ဒိယ အလုပ်သမားလေးဟာ ပျော်နေတယ်
မနက်ဖြန် သူအိမ်ပြန်တော့မယ် ။

သူ့အလွမ်းတွေ
မှော်အောင်သွားတဲ့အကြောင်း တွေးရင်း
ကျွန်တော်လည်း ပျော်နေခဲ့တယ် ။
လင်းဒီပ
၁၇.၀၆.၁၀

10 comments:

jr said...

အလှည့်လေးတခုကို အဆုံးထိ လိုက်ပြီးတွေးပစ်လိုက်တာ..
လှတယ်ရော..

mirror said...

ကိုလင်းဒီပ သုံးတဲ့စကားလုံးတွေကို မှတ်မိနေတတ်တယ်။
လူတန်းစေ့ ဆာလောင်မှု... ခုထိ စွဲတုန်း..
ခုကျတော့ အလွမ်းတွေမှော်အောင်သွားတယ်...
လွှတ်ခိုက်ပဲ...။

Moe Myint Tane said...

ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်
လည်ချောင်းထဲလှောင်ထားတဲ့ တောက်ခေါက်သံတွေ...

အဲဒီ့အဖွဲ့လေး လှတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

ယောနက်သန် said...

ကဗျာကောင်းလေး... ထိတယ်။

သိင်္ဂါကျော် said...

ကိုယ့်မျက်လုံးရုပ်ရှင်ပိတ်ကား ပေါ်မှာလည်း ပျော်နေတဲ့ အိန္ဒိယ အလုပ်သမားလေးကို မြင်ယောင်မိသွားတယ်..

littlebrook said...

ကျွန်တော်လည်း ပျော်ပါတယ်ဗျာ
( ကိုလင်းလာမန့်သွားသလို ဘောင်ဘင်မခတ်အောင် ထပ်တည့်ဖို့တော့ မလွယ်ဘူးဗျ ပြည့်တာနဲ့ ရူးသွားလောက်တယ် သွန်ချပစ်မှ :) )

အိန္ဒြာ said...

လင်းဒီပရေ....

ကောင်းလိုက်တဲ့ ကဗျာဟယ်...
ငါ ဖတ်ပြီး မျက်ရည်တောင်ဝဲတယ်...

ဟုတ်တယ်...
ငါတို့ဟာ..ဒေါ်လာတွေကို...
ဒဏ်ရာနဲ့ဝယ်နေကြရသူတွေပါ

ဒါပေမယ့်

မသေချာပြန်ဘူးးးးးးး
မနက်ဖန်အိမ်ပြန်ရတော့မယ်ဆိုရင်..
အဲဒီ့အိန္ဒိယအလုပ်သမားလေးလို ပျော်နိုင်မပျော်နိုင်

Aung Din said...

သိပ် ကောင်းတယ်ဗျာ၊

အောင်ဒင်

ကြယ်ပြာ said...

ကဗျာကို ရုပ်ရှင်တခုလို ဖတ်ခဲ့တယ် ....

ရွှေပြည်သူ said...

“အလွမ်းတွေ... မှော်အောင်သွားတယ်...”တဲ့... လှလိုက်တာ...

ကိုယ့်အလွမ်းတွေတော့ မှော်မအောင်သေးတာလား မအောင်အောင်ပဲ ကိုယ်တိုင်လုပ်နေမိတာလား မသိတော့ဘူး အစ်ကိုလင်းဒီပရေ...