Wednesday, June 9, 2010

မြို့ပြရင်ကွဲနာ

(က)
လေယာဉ်က မြိုတော်နားတဖြည်းဖြည်းနီးလာတော့ ပြတင်းမှ ငေးကြည့်မိသည် ။ နေ့လည်နေရောင် အောက်မှာ သွပ်မိုးထားသည့် အိမ်ကလေးတွေက မျက်စိကျိန်းဖွယ် လင်းနေသည် ။ နောက်လယ်ကွက်ကလေးတွေပေါ်မှာ တိမ်ရိပ်တွေ ကျနေတာ ငုံ့ငေးမိသည် ။ လယ်ကွက်ကလေးက လေယာဉ်ကလေးကို သိမ်ငယ်စွာ နေရောင်ပြင်းပြင်းအောက်မှ မော့ငေးကြည့်နေသယောင် ခံစားမိသည် ။ လယ်ကွက်ကလေးက လေယာဉ်လေးကို ကျော့ကျော့လေး ပျံနေတာ ရယ်လို့ သူ တွေးကောင်းတွေးမည် ။ လေယာဉ်လေးခမျာလည်း သူပျံသန်းလာရတဲ့ လမ်းတလျှောက် သူ့အခက်အခဲ သူ့အပူအပင်တွေနှင့် ဆိုတာ လယ်ကွက်ကလေး နားလည်ပါ့မလား မသိ ။ အားလုံးဟာ ကိုယ်ပိုင်ဒုက္ခတွေနဲ့ ချည့်ပါ လယ်ကွက်ကလေးရယ် ။

လေယာဉ် ငြိမ့်ကနဲ ဆင်းချသွားတော့ မြင်နေကျ မြိုတော်လေဆိပ်မြင်ကွင်းတွေ ။ မြို့တော်က ကျွန်တော့်ကို အပူနှင့် နွေးထွေးမှု ပေးသည် ။ ဘယ်သူ ဘာပြောမလဲကွယ် ။ ဒါကျွန်တော့်ရဲ့ အမြဲတမ်းမြို့တော်ပါပဲ ။ နေပူပူ မိုးရွာရွာ… အိုကွာ ဘာတွေပဲ လာလာပေါ့ …။ ဒါဆို ဘာလို့ အဝေးမှာ သွားနေလဲ လို့ မြို့တော်က ကျွန်တော့်ကို ပြန်မေးရင်… အင်း …. ရုပ်ဝတ္တုတို့ဆီ လိုက်ရင်း ပြေးရင်း ဖိနပ်လည်း ပါးတော့မယ် ….

“ပြီးခဲ့တဲ့ရက်က အရမ်းပူနေတာ ။ မနေ့က မှ မိုးစရွာတာလေ ။”

ကေဘယ်ကြီးတွေကို ထမ်းထားသည် တာဝါတိုင်ကြီးတွေကို ကြည့်ရင်း တွေးမိသည် ။ သူတို့ပေါ်မှာ ဖြတ်ပြေးနေသည် high voltage ရှိပါရဲ့လား ။ ကြီးကောင်ကြီးမားနှင့် ကလန်ကလားရပ်နေရင်း ဘာအလုပ်မှ မရှိတော့ အားနာနေသလို တာဝါတိုင်ကြီးတွေက ကျွန်တော့်အကြည့်မှာ အိနြေ္ဒမရ ဖြစ်နေသည် ။ (ရှက်စရာ မလိုပါဘူး တာဝါတိုင်ကြီးတွေရယ် မင်းတို့ အပြစ်မှ မဟုတ်တာ….)

(ခ)

မေမေ့ခြံကလေးထဲ ဝင်လိုက်တော့ အားလုံးက သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုကြသည် ။ မေမေကတော့ ထုံးစံအတိုင်း ထမင်းစားဖို့ အတွက် အစုံအလင် ။ လယ်ကွက်ကလေးက လေယာဉ်ကလေးကို လှမ်းကြည့်သည့် မျက်လုံးမျိုးနှင့် ဝမ်းကွဲ အစ်ကို အစ်မတွေ ညီ ညီမတွေ က သူ့ကို ကြည့်သည် ။ ဘာမှ မဟုတ်ပါဘူးကွာ ။ နွားတစ်ကောင် ချည်တိုင်ဆီ ခဏပြန်လာတာပါ လို့ စိတ်ထဲမှ ပြောမိပြန်သည် ။

သားပြန်လာမယ်ဆိုလို့ မင်းအဖေက ဓာတ်မီးတွေ အများကြီး ဝယ်ထားတယ် ။ မီးမှောင်ရင် မင်းနေတတ်မှာ မဟုတ်ဘူး ။ မေမေက စားပွဲပေါ်ရှိ LED တရုတ်ဓာတ်မီးလေးတွေကို ပြရင်း ပြောသည် ။ အိမ်ကို ဝင်တဲ့ မီးလိုင်းတွေက အတော်စုံနေသည် ။ ဒါက အင်ဗတ်တာ …ဒါက ရပ်ကွက်ထဲက ယူထားတဲ့ ည (၁၁) နာရီထိ စက်မီး ။ ဒါက EPC မီး ။ကျွန်တော့်ကုတင်ပေါ်မှာ အိပ်ရာလေးက အဆင့်သင့် ။

ညနေစောင်းတော့ လေဆိပ်လာကြိုသည့် ဖြူလေးကို အိမ်ပြန်ပို့ရင်း မြို့ထဲ လမ်းတွေပေါ် လျှောက်မိပြန်သည် ။ ရန်ကုန်သူတွေ ပိုလှလာတယ်လို့ ဖြူလေး မမြင်အောင် တွေးမိသည် ။ကားလမ်းပေါ်တက်လျှောက်နေသည့် လူများ ပလက်ဖောင်းအပြည့် နေရာယူထားသည့် လမ်းဘေးဈေးသည်များ ပလက်ဖောင်းပေါ် စီစီရီရီ ချထားသည့် မီးစက်ကြီးများကို ရှောင်ကွင်းရင်း လျှောက်ရတာကိုက ရန်ကုန်အရသာလို့ပဲ ပြောရမည် ထင်သည် ။ မြို့ထဲက လမ်းဘေးဆိုင်လေးမှာ မာလာဟင်း ကြက်ခြေထောက်သုပ် ဝက်ခေါင်းသုတ်နဲ့ ကျောက်ပွင့်သုပ်ကို ထမင်းလွတ်စားမိသည် ။

(ဂ)

ဖြူလေးက အလုပ်ဆင်းချိန် လာကြိုဆိုတော့ ညနေစောင်း သူတို့ ဆိုင်နားမှာ သွားစောင့်နေတုန်း မိုးက သည်းသည်းမဲမဲ ရွာချလာသည် ။ မိုးရွာတော့ လမ်းတွေပေါ်မှာ ရေတွေ ပြည့်ကုန်ပြီ ။ ဖြူလေးကတော့ မြို့တော်သူ ပီသစွာ ဘောင်းဘီကို ကျနစွာ ခြေသလုံးရင်းထိ လိပ်တင်ပြီး မိုးကာအင်္ကျီကလေးနှင့် တစ်ဖက်က ထီးကိုင် တစ်ဖက်က ထမင်းချိုင့်ကို ကိုင်ရင်းထွက်လာသည် ။ “အဲဒီဘောင်းဘီက ဘာလို့ မခေါက်တာလဲ ။ ခေါက်တင် ။ ပဲများမနေနဲ့ ။” ဆိုပြီး လှပတဲ့ ရာဇသံလေး ပေးသည် ။ ကျွန်တော်တို့ ဖြတ်သန်းရာ မှောင်ရီပျိုးစ အနော်ရထာလမ်းတလျှောက်မှာ မြို့တော်သူ မြို့တော်သားတွေ ပုဆိုးမ လုံချည်မ ဘောင်းဘီခေါက် ဖိနပ်တွေကိုင်သူကိုင်နဲ့ ချိုင့်တွေ အပေါက်တွေ ရှောင်ကာ အမှောင်ထဲ ကိုယ့်လမ်းကိုယ်စမ်းရင်း လျှောက်နေကြသည် ။ မိုးကာအင်္ကျီအောက်မှာ မျက်နှာလေးပဲ ဖော်ထားသည့် ဖြူလေး မီးမထွန်းဘဲ လှနေသည့် မြို့တော်ကြီး နှင့် မကြာခင်မှာ ကျွန်တော်လည်း တသားတည်းကျ သွားပြီ ။ တကယ်ဆို ဖတ်တတ်ရင် ကဗျာတွေချည်းပဲ မဟုတ်လား ။

နောက်တစ်နေ့ မြေအိုးမြီးရှည်ဆိုင်မှာ ပိုက်ဆံရှင်းတော့ ထောင့်ကိုးရာကို …တစ်ရာပြန်မအမ်းဘဲ Nestle Coffeemix တစ်ထုပ်အမ်းသည် ။ ငါးဆယ်ဆို Snow White Tissue တစ်ထုပ် သို့မဟုတ် တုတ်ထိုးသကြားလုံးလေးတစ်လုံး ပြန်အမ်းသည် ။ ကြေးအိုးဆိုင်ကြီးတစ်ဆိုင်ကတော့ တစ်ရာ့ငါးဆယ်အစား သူ့တို့ဆိုင်တံဆိပ်ပါသည့် ဘောလ်ပင်တစ်ချောင်းနဲ့ tissue တစ်ထုပ်အမ်းသည် ။ တစ်ပတ်လောက်နေတော့ ကျွန်တော့်မှာ အတော် စုမိဆောင်းမိဖြစ်လာပြီ ။ တစ်ရှုးတွေ ကော်ဖီမစ်တွေ ဘောလ်ပင်တွေ ။ သကြားလုံးလေးတွေ ။ပြီးတော့ာ ချစ်သူ့ပါးကလေးလို့ ဖွဖွကလေး ထိကပ်ရသည့် တစ်ရာတန် နှစ်ရာတန် ငွေစက္ကူလေးတွေလည်း ရှိလာပြီဖြစ်သည် ။

ရွှေတိဂုံဘုရားပေါ်တက်လိုက်တော့ Shopping Mall ထဲ ဝင်လိုက်တော့ ရုပ်ရှင်ရုံထဲ ဝင်လိုက်တော့  ကျွန်တော့်လုံခြုံရေးအတွက် Scanner ထဲက ဖြတ်သွားရသည် ။ Scanner ထဲက ဖြတ်ပြီးတော့မှ ကိုယ့်ကိုကိုယ် လုံခြုံသွားပြီလို့ ခံစားမိသည် ။ ရွှေတိဂုံတောင်ဖက်မုဒ်ကတော့ လှေကားထစ်တွေ ရေလို ကောင်းနေတုန်းပါပဲ ။ ဘုရားပေါ်က ပြန်ဆင်းတော့ လူကူမျဉ်းကျားမှ ကားတွေ ရပ်ပေးမလားလို့ ကြောင် မိသေးသည် ။ ကားဦးကားဖြတ် လူဦးလူဖြတ်စနစ်ကို မေ့နေတာရယ်လေ ။

ဖြူလေးအဒေါ်အိမ်သွားမယ်ဆိုပြီး ကားငှားတော့ ကားဆရာက ဒီတံခါးက ပျက်နေတယ် အစ်ကို ။ ဟိုဘက်က တက်လိုက်ပါ ။
သူပြောတဲ့ ကောင်းတဲ့တံခါးကလည်း မ,ပြီးမှ ပိတ်လို့ရသည် ။ကျွန်တော့်တို့ဆယ်တန်းလောက် ဆလွန်းတက်စီတွေ ပေါ်ကာစက ကားထဲ ဝင်လိုက်တာနှင့် မွှေးပြီး အဲကွန်းတွေလည်း ကောင်းသည် ။အခုလိုလည်း အနောက်ဖက်ပိုင်းမှာ ဖုထစ်နေသည့် စီအန်ဂျီယဉ်ကျေးမှု မထွန်းကားသေး ။ ဖြူလေးက အထဲတော့ ဝင်ရတယ် လမ်းက ကောင်းပါတယ် ဆိုတာ ကားဆရာ ယုံပြီး လိုက်လာသည် ။ နှစ်လမ်းမောင်းကားလမ်းကလေးမှာ ကားဆရာ ချိုင့်တွေကို ဘယ်လေးဝိုက်လိုက် ညာလေးဝိုက်လိုက်နဲ့ ကားမောင်းသင်သလို မောင်းနေရသည် ။ ကျွန်တော်မူလတန်းကျောင်းသားဘဝက ပါပလေကာကျောင်းကားလေး ချိုင့်တွေ ရှောင်ကာ ကွေ့ကာ မောင်းနေတာ ပြန် အမှတ်ရသည် ။ ကြည့်ပါဦး ရန်ကုန်လမ်းတွေက အခုထိ ရိုးရာကို ထိမ်းသိမ်းထားတုန်း ။

(ဃ)

“အင်းယားဘက်လျှောက်ရအောင်နော်”
ဖြူလေးပြောတော့ ကျွန်တော် မငြင်းမိ ။
အင်းယားကန်ဘောင်ပေါ်က A21 ခုံလေးတွေမှာ ခုံပြည့်ခုံလျှံ ။ ကန်ဘောင်ပေါ်မှာ လျှောက်ဖြစ်ကျတော့ ငယ်ငယ်တုန်းက အချိန်တွေ ပြန်အမှတ်ရသည် ။ ငယ်တုန်းကလို ရင်မခုန်တတ်တော့ ။ ဘယ်ရည်းစားကို လွမ်းနေပြန်တာလဲလို့ ဖြူလေးက မချိုမချဉ် စသည် ။ဘဝမှာ တချို့အလွမ်းတွေက မနိုင်တော့လို့ လွတ်ချပစ်ခဲ့တာ ဖြူလေးကို ပြန်မပြောပြချင်ပါ ။
ဘဝရဲ့ အမျိုးမျိုးသော ရှုမျှော်ခင်းတွေကို ရင်ထဲထည့်မိပြန်သည် ။ စိတ်တွေက ဝေးသွားလိုက် နီးလာလိုက် ။ ဘယ်လိုဆုံးမယ် မသိတဲ့ ခရီးထဲ ဘယ်လောက်ရှင်သန်ချိန်ရမယ် မသိတဲ့ ဘဝထဲ ချစ်သူခင်သူတွေကို ထားခဲ့လိုက် ပြန်လာကြည့်လိုက် ။ ကျွန်တော့်ရှင်သန်ခြင်းဟာ အဓိပ္ပာယ်ရှိခဲ့ပါရဲ့လား ။ ကျွန်တော်ဘာတွေလိုချင်လို့ အဝေးကို သွားနေတာလဲ ။ ကျွန်တော်လိုချင်တာတွေကော တကယ်ရပါရဲ့လား ။ ဘယ်လောက်ကြာရင် ပြန်လာခဲ့လို့ရမလဲ ။ လူဆိုတာလည်း ကိုယ့်စိတ်ထဲမှာ ကိုယ်ပြန်ပြီး အကျဉ်းကျနေတတ်တာ မဟုတ်လား ။ စိတ်ကို ပြင်လိုက်ရင် အားလုံးကို ပြင်လို့ ရပြီ ။
“မနက်ဖြန် ပြန်တော့မယ်နော်”ဆိုတဲ့ စကားတခွန်းကို အရည်လဲ့နေတဲ့ ဖြူလေးမျက်လုံးတွေကို ကြည့်ရင်း ကျွန်တော် ဘယ်နှခါ ထပ်ပြောရဦးမှာလဲ ။ တိမ်ဆိုးလေးကို ဝေးလွင့်ခွင့်ပြုပါဦးကွယ်…။

လင်းဒီပ
၀၉.၀၆.၁၀

14 comments:

သက်ဝေ said...

ရှက်နေတဲ့ တာဝါတိုင်တွေ...
အမှောင်ထဲမှာ စမ်းပြီး လမ်းလျှောက်နေသူများ...
ကော်ဖီမစ် သကြားလုံးနဲ့ တစ်ရှုးထုပ် ယဉ်ကျေးမှု...
လူကူးမျဉ်းကြားမှာ မရပ်တဲ့ကား...
ကိုယ့်စိတ်ထဲမှာ ကိုယ်ပြန်ပြီး အကျဉ်းကျနေတတ်တဲ့
လူ့သဘာဝ...
အဝေးကို လွင့်လာကြတဲ့ တိမ်ဆိုးလေးတွေ...

ဝတ္ထုကို ကဗျာလို ဖတ်သွားတယ်...
ကြိုက်တယ်...း))

jr said...

ဖြူလေး မမြင်အောင်တွေးသည် .. ဆိုတာလေး ..
မမြင်အောင်တွေးသည်တဲ့ ..
ကဗျာဆရာ.. ကဗျာမဟုတ်တာရေးတော့လဲ ဖတ်ကောင်းတာပါဘဲ..း)

မောင်မျိုး said...

ပိုက်ဆံများများစု ဆေးလိပ်မသောက်နဲ့ ကွမ်းမစားနဲ့း) ဒါမှ ဖြူလေးနဲ့ အမြန်နီးရမှာ ....

စတာပါ အစ်ကိုရေ ကျနော်က တစ်ခါခါ လွမ်းစရာ ဘ၀အေမာတွေ ကို ရယ်စရာလုပ်ပစ်တတ်တဲ့ အကျင့်ကမပျောက်ဘူး “ရုပ်ဝတ္တုတို့ဆီ လိုက်ရင်း
ပြေးရင်း ဖိနပ်လည်း ပါးတော့မယ် ….“

ဟုတ်ပါ့ ချစ်သောသူများနဲ့ ကွဲကွာရခြင်းဟာ ကျနော်တို့အတွက် လောကကြီးက ပေးထားတဲ့ ထာဝရ လက်ဆောက်များလားလို့ ထင်မိတယ် ။ ချည်တိုင်ဆီပြန်လာတဲ့ နွားတော့မဟုတ်ပါဘူးလေ ကိုယ့်ရဲ့ ခံစားချက်တွေကို ဦးစားမပေးမယ့် ဖြစ်သင့်တာကိုဦးစားပေးတတ်တဲ့ သူတစ်ယောက်ပါဗျာ ။ ကျနော်လည်း ချည်တိုင်ဆီပြန်ဖို့ ရွံနေမိပါ့ ဒီတစ်ခါဆိုရင်တော့ ရေမရှိတဲ့ ချောင်းမှာ ငါးသွားပြန်မျှားမိမှာထက် တောင်ထိပ်ဖျားမှာ ရေတွင်းသွားတူးနေမိသလို ဖြစ်မှာစိုးပါ့း)


အချစ်စွမ်းအားတွေနဲ့ ဆက်လက်ချီတက်နိုင်ပါစေ ကိုဒီပရေ ...............။

မောင်ခင်လေး said...

တခုခု ကို ငေးငေးရီရီဖြစ်သွားတယ် ကောင်းသောနေ့ပါကို
ဒီပရေ :)

sait phay yar said...

ဝတ္ထုလေးဆိုပေမဲ့ ကဗျာအရှည်ကြီးတစ်ပုဒ်ကို ဖတ်လိုက်ရသလို ပါဘဲ။ လေးစားပါတယ်။
ဘာမှ ကိုပြူပြင်ပြောင်းလည်းခွင့်မရရင်တောင် ကိုယ့်စိတ်ကို ပြင်လိုက်ရင် ပြင်လို့ရပါပီတဲ့လား.... အဲလိုနဲ့ဘဲ ဖြေသိမ့်ပီးပြန်ပြန်လာရတာ ပါဘဲ.

mirror said...

ကျနော်တို့၊ကျမတို့ ရန်ကုန်ကို ဒီလိုနည်းနဲ့ လွမ်းစရာလား။း))

ကဗျာဆရာလွမ်းပြတော့တော့လဲ ၀တ္ထုတိုက ကဗျာဖတ်နေရသလိုပဲ။အချို့စကားလုံးတွေက မြင်ဖူးကြားဖူးပြီးသားပေမယ့် သုံးတဲ့နေရာနဲ့ အပ်ကျမတ်ကျဖြစ်ပြီး လှ လာတယ်။

လွမ်းသွားဘီ။ တော်ပြီ။ ကိုယ့်ဘလော့ပဲ ကိုယ်ပြန်တော့မယ်။

kkk said...

ဖြူလေး မမြင်အောင်တွေးသည် ..အကျင့်ကိုကမကောင်းပါ

သိင်္ဂါကျော် said...

တစ်နေ့တော့ ချစ်သူခင်သူတွေဆီ ပြန်လာရမှာပါ..
ဘယ်အချိန်လဲ ဆိုတာတော့ ကိုယ်တိုင် ဆုံးဖြတ်ရမှာပေါ့..

အမရာ said...

ရန်ကုန်သူတွေပိုလှလာတဲ့
အကြောင်းဖြူလေးကိုဘေးမှာ
ထားရင်းငမ်းခဲ့တယ်အဲလေ..
ကြည့်ခဲ့တယ်ပေါ့လေ..ကိုလင်းဒီပ။။

ကြယ်ပြာ said...

ဘယ်တုန်းကပြန်လိုက်တာလဲ ... ကြယ်ပြာက ၁၂ ရက်နေ့က ပြန်တာ ၂၆ ရက်က ပြန်ရောက်တယ် .... ရန်ကုန်အကြောင်းကိုယ်ရေးချင်တာတွေနဲ့ထပ်တူကျလို့ သဘောကျစွာဖတ်သွားပါကြောင်း .....

လင်းဒီပ said...

ကျွန်တော် မေလကုန်ခါနီးတုန်းက တစ်ပတ်ပဲ ပြန်သွားတာပါ ။ လကုန်တော့ ပြန်ရောက်နေပြီ ။
ရန်ကုန်ကို မြင်သလို ရေးကြည့်တာပါ ။ :)

Anonymous said...

အွန်လိုင်းစကာတင် ၀တ္တုတိုမှာတွေ့လို့
လာဖတ်တာပါ ..
အားပေးသွားပါတယ် .. ကိုလင်းဒီပ ..

ခင်မင်လျှက်
ဆောင်းနှင်းရွက်

မြန်မာအွန်လိုင်းဘလော့ဂ္ဂါများအသင်း said...

ကျွန်မပြန်လည်တုန်းက အကြောင်းလေးတွေ သတိရမိတယ်။ မိုးရွာတဲ့အချိန်နဲ့ မရွာတဲ့အချိန် ပဲကွာတယ်။ မိုးမရွာတော့ ကျွတ်နေအောင်ပူတာ လူတွေက အရိပ်ထဲနေတာတောင် ကျွတ်ကျွတ်မြည်နေသလိုပဲလေ။ တကယ်ကောင်းတဲ့ပို့စ်လေး ဖတ်ရလို့ ကျေးဇူးတင်မိပါတယ်ရှင်။

ခင်မင်လေးစားလျက်
မေသိမ့်သိမ့်ကျော်

ဒီကိုလည်း လာရောက်ဝေမျှရေးသားပေးဖို့ လှုက်လှဲစွာဖိတ်ပါတယ်ရှင်>>www.moba4all.org

မြတ်မွန် said...

မြို့တော်ကြီးရဲ့ ခေက်မီတိုးတက်လာပုံပေါ့နော်..
တနှစ်တခါပြန်တိုင်း မတူညီတဲ့ ခံစားချက်တွေပေးနေတာ ကျွန်မတို့ရဲ့ ချစ်လှစွာသော ရွှေနိုင်ငံကြီးပါပဲလေ..။

ကိုလင်းဒီပရေ..မြို့ပြရင်ကွဲနာ ခေါင်းစဉ်လေးနဲ့ လိုက်ဖတ်တယ်နော်..။
ခင်မင်စွာ..