Monday, January 17, 2011

ကဗျာဆရာ မရှိတဲ့မြို့

ဒီမြို့မှာ ကဗျာဆရာ မွေးဖွားခဲ့ဖူးလား ။

ဒီမြို့မှာ ကဗျာဆရာ နေထိုင်ခဲ့ဖူးလား ။

ကဗျာဆရာက ဒီမြို့သား မဟုတ်ဖူးလား ။

ဒီမြို့မှာ ကဗျာဆရာ ရှိခဲ့ဖူးလား ။

ဒီမြို့မှာ အနုပညာ ထွန်းကားခဲ့ဖူးလား ။

(ဒါမှမဟုတ်)

ထွန်းကားမယ့် အနုပညာတွေ သင်းကွပ်ခံခဲ့ရတာလား ။

ဒီမြို့ဟာ ကဗျာဆရာကို ကဗျာရေးချင်စိတ်ကလေး ဖြစ်အောင် မဆွဲဆောင်ခဲ့တာလား ။

ဘယ်သူတစ်ဦးတစ်ယောက်ကမှ ဒီမြို့ဖြစ်စဉ်တွေထဲ

ကဗျာကို ခွက်ကပ်ကလေးနဲ့တောင် မမူးခဲ့ဖူးတာလား။

ဒီမြို့သားတွေဟာ အနုပညာ ခံစားနိုင်စွမ်း မရှိခဲ့တာလား ။

ဒီမြို့သားတွေဟာ ခေါင်းငြိမ့် ဆိတ်ဆိတ်နေဖို့ ကျုံးသွင်းခံခဲ့ရတာလား ။

ဒီမြို့ကို ကဗျာဆရာက စွန့်ခွာသွားတာလား ။

ကဗျာဆရာဟာ ဒီမြို့က ထွက်ပြေးသွားခဲ့တာလား ။

ကဗျာဆရာက ဒီမြို့ကပါလို့ ပြောရမှာ သိမ်ငယ်နေခဲ့လား ။

တစုံတရာအတွက် ကဗျာဆရာ ထိတ်လန့်နေခဲ့လား ။

သူ့အနုပညာတွေ ယစ်ပူဇော် ခံခဲ့ရလား ။

ဒီမြို့မှာ ကဗျာဆရာ နေထိုင်ခဲ့ဖူးလား ။

ဒီမြို့ဟာ ကဗျာဆရာ မရှိတဲ့မြို့လား ။

ဒီမြို့ဟာ အနုပညာ မရှိတဲ့မြို့လား ။

ဒီမြို့ဟာ…

ဒီမြို့ဟာ…

နာဇီအမှတ်အသားနဲ့ မြို့တံခါးဝမှာ

ငါ ရပ် ငေး စဉ်းစားဆဲ ။


လင်းဒီပ

၁၇.၀၁.၁၁

8 comments:

Maung Myo said...

ငလွဲကောင် မောင်မျိုး ဖတ်လိုက်တာက

ကဗျာဆရာမ ---- ရှိတဲ့မြို့း)


ကျနော်ထင်လိုက်တာ ကဗျာဆရာတော့ ကဗျာဆရာမလေးများရနေပြီလားလို့ ဟဟား

မိုးယံ said...

သေချာတာက ကဗျာ ဆရာများ ထွက်ပြေးသွားလေသလားပဲ..

မွှန်နေတဲ့ သူတွေက ကဗျာဆရာမ ရှိတဲ့မြို့လို့ ဖတ်သတဲ့ အံ့တာပဲ။

နန်းညီ said...

မေးခွန်းတွေ သိပ်များတယ်..

ကိုချစ်ဖေ said...

အဲ့ဒီမြို့တံခါးဝမှာ ကဗျာဆရာ မရပ်ရဘူးလို့ အမိန့်ထုတ်ထားတယ်လေ သေချာတာကတော့ အဲ့ဒီမြို့ထဲမှာ ပိန်လှောင်ခံထားရတဲ့ ကဗျာတွေရှိနေတယ်ဗျ.

ဗညားရှိန် said...

ကိုလင်း ရေးတဲ့ ကဗျာတွေထဲ ဒီကဗျာက တမျိုးလေး ခွဲထွက်လာတယ် ကိုလင်းရေးနေတဲ့ ပုံစံမျိုးမဟုတ်တော့ပဲ post poetry ဆန်လာတယ်

nYi tHu eAiN said...

နန်းညီပြောသွားသလို မေးခွန်းတွေ သိပ်များတယ်
ဒါပေမယ့် အဖြေတွေလည်း သိပ်နည်းမနေတာ သတိပြုမိတယ်..။ ဒီလိုကဗျာမျိုး လွှတ်ကြိုက်..။

pandora said...

ဒီမြို့ကလူတွေဟာ ကဗျာတွေကို အကုန်အစင်ဝါးမျိုလိုက်ကြပြီ.. ။ ကဗျာဆရာတွေဟာ ကဗျာအကြွင်းအကျန် အပုတ်အသိုး အဟောင်းအနွမ်းတွေကို ကဗျာအမှိုက်ပုံထဲ ထိုးဖွရှာလို့။ မီးရောင်ဝင်းဝင်းနဲ့ ကဗျာဆရာသုတ်သင်တဲ့ ယာဉ်ပျံကြီးတွေ ရောက်လာတော့ ကဗျာဆရာတွေ ကသုတ်ကရက်နဲ့ ကဗျာတောအုပ်ထဲ ပုန်းအောင်းထွက်ပြေးကြရတယ်။

အဖြူရောင်နတ်သမီး said...

ကဗျာဆရာ မရှိတာ...
ကဗျာကိုဖန်တီးမယ့် (ကဗျာရေးချင်တဲ့စိတ်ကို ဖြစ်ပေါ်လာအောင် ဖန်တီးတဲ့)“မူဆာ”ဆိုတဲ့ ကဗျာနတ်သမီးမရှိလို့ပဲ...