Tuesday, July 12, 2011

ဆန်းဒေးအလွမ်း

နွေလို့ ဝန်မခံဘဲ ရာသီဥတုက ခွင့်ပြုအပူချိန်ထက် ပိုနေတယ် ။

Alarm နာရီလေး အသံဝင်နေတော့ နေရောင်ခြည်က မျက်နှာပေါ်ထိ တက်လာတယ် ။


ဘဝနဲ့ဆတ်ဆတ် ခံစားပေးလို့ အရောင်လက်လာတဲ့ ဒဏ်ရာလေးများပေါ် ယောင်ယမ်းပွတ်သပ်

လုပ်နိုင်တာထက် ပိုလုပ်ခဲ့လို့ ရှုပ်သင့်တာထက် ပိုရှုပ်ထွေးခဲ့သမျှ

နောက်ဆံတင်းတတ်လွန်းလို့ စွန်ကလေးလို ဆန့်ငင်ဆန့်ငင်ဖြစ်ခဲ့ရသမျှ

ကြည်လင်လာတဲ့စိတ်က ခရုခွံလေးတစ်ခွက်စာ မောဟစိတ်တွေက ပင်လယ်အကြီးကြီး ။


ချစ်ခြင်းက အတ္တမှတ်ကျောက်တင်မခံတာ မျက်နှာငယ်လေးနဲ့ သနားစဖွယ်

နောက်တခါ ထပ်မသွားတော့ဘူးဆိုတဲ့ ကတိစကားတွေက ကွဲရှနေတဲ့မှန်ချပ်တွေမှာ

ပေနေတဲ့စိတ်ကို မသတီတိုင်း ခဏခဏ ရေထ ချိုးနေရ

လမ်းကို ကန့်လန့်ဖြတ်ကူးတဲ့ ကြိုးလို တစ်ဘဝလုံး (ငါက) အနေအထိုင် မတတ်လို့ ထောင့်မကျိုးလို့ ။


နှလုံးသားရှိတဲ့အခါ သားသတ်သမားက ပန်းတွေစိုက်ပျိုးနိုင်မလား

လယ်စောင့်တဲကလေးတွေကတော့ မိုးထဲရေထဲ စိတ်အေးလက်အေး

ပြဿနာတစ်ခုမှာ လက်ညှိုးတွေ မလိုအပ်ဘူး ဖြေရှင်းနည်းကို ခေါင်းချင်းဆက် စဉ်းစား

လုပ်ပါဦး နောက်တစ်ခွက် ဒီမှာ ရေစိုနေတဲ့ ထင်းတုံးကြီးလို ယုံကြည်ခြင်းတွေက မီးမစွဲဘူး ။


တကယ်ဆို ငါက ပြေးလမ်းပေါ်ရောက်မှ တက်မရတဲ့ လေယာဉ်ကြီးပေါ့

အမှောင်နဲ့ လက်လွန်ခြေလွန် နေထိုင်ခဲ့သမျှ လိမ်မာချင်စိတ်ကလေး အိမ်ပြန်နောက်ကျနေတုန်း ။


လင်းဒီပ

၁၂.၀၇.၁၁

(အောက်ခြေမှတ်စု။ ။ကိုယ့်ဘဝကို ကိုယ်ပြန်လွမ်းရတာ ကိုယ့်နေ့တွေကို ကိုယ်ပြန်လွမ်းရတာ ရှုပ်ထွေးနေတဲ့ စိတ်ထဲ ကြည်လင်နေတဲ့အတွေးတွေကို ပြန်လွမ်းရတာ…..အဲသလို အားအားလပ်လပ်ရှိတဲ့နေ့မျိုးမှာ ထိုးထိုးထောင်ထောင် ထလာတဲ့ အလွမ်းတွေမို့ ဆန်းဒေးအလွမ်းလို့ပဲ ကျွန်တော်က ပြောမယ် ။)

4 comments:

Unknown said...

စကားလုံးသုံးစွဲပုံတွေလှတယ် ကိုဒီပ...ကျနော်မြန်မာပြည်ပြန်ပီ နှုတ်ဆက်ပါတယ် တခါတည်း ကောင်းသောနေ့ပါဗျာ :)

Maung Myo said...

ပေနေတဲ့စိတ်ကို မသတီတိုင်း ခဏခဏ ရေထ ချိုးနေရ

အဲ့တာလေး အရမ်းကြိုက်တယ် ဖေ့ဘွတ်မှာ ကူးတင်လိုက်မယ်း) ခိုက်လွန်းလို့ ။

jr said...

အောက်ဆုံးပိုဒ်လေး လှတယ်ဗျ။း)

Anonymous said...

"ပြဿနာတစ်ခုမှာ လက်ညှိုးတွေ မလိုအပ်ဘူး ဖြေရှင်းနည်းကို ခေါင်းချင်းဆက် စဉ်းစား

လုပ်ပါဦး နောက်တစ်ခွက် ဒီမှာ ရေစိုနေတဲ့ ထင်းတုံးကြီးလို ယုံကြည်ခြင်းတွေက မီးမစွဲဘူး ။"

မိုက်တယ်ကွာ...။