Wednesday, July 27, 2011

ပိန်ခြောက်ခြောက်ပေါင်မုန့်များ

တစ်နှစ်တစ်ခါ လစာကို ထုံဆေးထိုးသလို ငါးကျပ်တစ်ဆယ် တိုးပေးတဲ့ ဘောစ့်နဲ့

အရိုးမှာကပ်နေတဲ့ အသားဖတ်လေးကို ငတ်မွတ်တွယ်ကပ်ရင်း

ကိုယ့်မှာ အချိုရည်မကုန်သေးသရွေ့ ကြံရည်စက်လို လုပ်ငန်းစုကြီးတွေထဲ

စိတ်ရောကိုယ်ရော ထိုးထည်ြ့ကိတ်လိုက်

ကျေးဇူးတင်ပါတယ် ဆိုတာ တယ်လီဖုန်းအချမှာ Sign Out လုပ်တဲ့စကားတခွန်း

လစာနည်းပေမယ့် အတွေ့အကြုံရတယ် ဆိုရအောင်

မင်းအတွေ့အကြုံစုနေတာ ဒီအရွယ်ထိ မပြီးသေးဘူးလား

ငါးအကြီးကြီးတွေက ငါးအသေးလေးတွေကို စားပေါ့

နိုင်ငံဝဝကြီးတွေက နိုင်ငံပိန်ပိန်လေးတွေကို စားပေါ့

လုပ်ငန်းစုကြီးတွေက လုပ်ငန်းစုလေးတွေကို စားပေါ့

ဂလိုဘယ်လိုက် ၊ တံခါးဖွင့်စီးပွားရေး ၊ ဒီမိုကရေစီ ၊ ဗဟိုချုပ်ကိုင်မှု လျော့ချဖို့ စတာတွေ စတာတွေ

ကွန်ပျူတာ မသုံးတတ်လို့ ကွန်ပျူတာကို မုန်းသလို

သိမ်ငယ်စိတ်က အမုန်းကို အလေ့ကျ အပင်ပေါက်အောင်လုပ်တယ် ။

ငါ့မြို့ငါ့ရွာက ငါ့နှမလေးရယ် ဆက်ဆက်တောင်းရမ်းယူမယ့်အကြောင်း

သားမှတ်မှတ် မယားမှတ်မှတ် အဝေးကနေ ပေါင်းသင်းနေမယ့်အကြောင်း

လည်ပြန်ငေးကြည့်လိုက်တော့လည်း သစ်တောသစ်ပင်ချစ်ခင်တဲ့လူမျိုးမှာ အရိုးပြိုင်းပြိုင်း

အတုမြင်သမျှ လိုက်သင်ရင်း အစစ် ပျောက်ဆုံးသွားသူများကို အထိတ်တလန့်

ငရဲပြည်ရောက်သွားမှ နိဗ္ဗာန်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ မေးမိ

အဆင်ပြေလားဆိုတဲ့မေးခွန်းက ဘယ်တော့မှ စာမေးပွဲ မအောင်ဘူး ။

အမြင်ကြီး မြင့်နေတဲ့တိုက်ထဲမှာ အနိမ့်ကြီးနိမ့်ကျတဲ့ စိတ်နဲ့

အတွေးတွေက ဆီလို အပေါက်ရှာပြီး စီးကျလို့

ကိုယ့်ဘဝကိုယ် မိန်းချပြီးမှ ဘယ်သူ့ပယောဂနဲ့မှ ထပ်မမှောင်တော့ ။

ဖြစ်ပါတယ်

လှိုင်းစီးရင်း ပျော်တတ်သူများ လှိုင်းစီးရင်းပျော်ပါစေ

ရေနွေးအိုးထဲက ဖားကလေးတွေလိုပဲ

တို့တွေက မေ့လွယ်ပျောက်လွယ်နဲ့ ကစားခုန်စား မပျက်ဘူး

ကျက်ကျက်ဆူမယ့် အပူချိန်ဆိုတာ မနက်ဖြန်ရောက်လာမှာမှ မဟုတ်သေးတာ

ကျားကြီးတော့ ခြေရာကြီး အသက်ကြီးတော့ အမှားကြီးတယ် ။

လင်းဒီပ

၂၇.၀၇.၁၁

7 comments:

Anonymous said...

ပြင်သစ်ပေါင်မုန့်တွေဖြစ်မယ် ပိန်ကလည်းပိန် အသားကလည်းမာ

ဒါတောင်အမှားကြီးမှားဖို့ ရက်ကသိပ်မလိုတော့

ပုံ
မမှားအောင်နေတတ်ဖို့ကြိုးစားနေသူ

kay said...

ဒီ ကဗျာ ကြိုက်တယ် ကွာ..
အတူမြင် လိုက်သင်ရင်း..အစစ်ပျေက်..

Anonymous said...

ကျကျလာတဲ့ ငွေလဲနှုန်းတွေလို
ကျကျလာတဲ့ကိုယ့်စိတ်ဓါတ်တွေကို
ပြန်ကောက်တင်ဖို့ ကြိုးစားရင်း
တက်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကိုငေးရင်း

ပိန်ခြောက်ခြောက်ပေါင်မုန့် တလုံး ရတာကိုပဲ ကျေးဇူးတင်နေရမဲ့ ပုံ
စိတ်ကတော့ကုန်နေပါပြီ

(ဒီစာကိုဖတ်ပြီး ဒီလိုပဲ တွေးမိလိုက်တယ် )

မြူးမြူး said...

I love this poem so much.. let me share on FB.. Thanks!

သိင်္ဂါကျော် said...

ရေနွေးအိုးထဲက ဖားကလေးတွေ တဲ့လား..
ဟုတ်လိုက်တာ..

jr said...

ကျွန်တော်လဲ ဖားလေးတစ်ကောင်ပါ။
မေ့လွယ်ပျောက်လွယ်၊ ကျေလွယ်အေးလွယ်။
နက်ဖြန်အကြောင်း ဘယ်တော့မှ မစဉ်းစားမိတဲ့လူ။

ရွှေပြည်သူ (ShwePyiThu) said...

နောက်ဆုံးစာကြောင်း ဖတ်ပြီး ပြုံးမိတယ်။ စိတ်ထဲမှာတော့ ဟာတာတာနဲ့...