Thursday, October 9, 2008

ကျွန်တော်နဲ့ မတော်တဲ့အင်္ကျီ


ချစ်သူရေ…
သဘာဝပတ်ဝန်းကျင် နဲ့ ရာသီတွေကလည်း
ကြောက်စရာကောင်းလိုက်အောင် လော်လည်ဖောက်ပြားလို့

ကိုယ်တို့ညမနက်တွေကလည်း
ခေါက်ဆွဲခြောက်ရယ်..ကော်ဖီမစ်ရယ်..တခါသုံးတွေနဲ့
မျက်နှာသစ်ပြီး အိပ်ရာဝင်

မိတ်ဆွေတွေတော့ရှိပါရဲ့…
ဂဏန်းလေးတွေနှိပ်…ဒါမှမဟုတ် မော်နီတာပေါ်ကတဆင့်
တွေ့နေရတာမျိုး

စိတ်ပျက်စရာ…
လေအေးပေးစက်..
အမြဲပိတ်ထားတဲ့ ပြတင်းပေါက်

ကွန်ပျူတာ..
Password မေ့နေရင်ဖွင့်လို့မရတော့ဘူးလား
ဒီဖုန်းတစ်လုံးကလည်း
Battery မရှိရင်..မေ့နေခဲ့ရင် အားလုံးနဲ့ပြတ်တောက်သွားသလို
လူကိုခြောက်ခြားအောင်လည်းလုပ်ရဲ့
တစ်စားပွဲတည်းရှိနေသူချင်းလည်း Email ပို့နေရ
လူတစ်ချို့ကလည်း Digital ကျောက်တံလေးရယ်
ကျောက်သင်ပုန်းလေးနဲ့စာတွေရေးနေကြ
ငါကလည်း အလွမ်းတွေကို Bluetooth နဲ့ပို့လို့

အေးလေ
ဒီညအိမ်ပြန်ရောက်ရင်လည်း ချစ်သူအတွက်
ရင်ခုန်သံSoftware ကို Version အသစ်ရေးထားပေးဦးမှ
တော်ကြာ Free Software တွေ Download လုပ်နေလို့
ငါ့ချစ်သူလေး Virus ကိုက်သွားမှဖြင့်…….
လင်းဒီပ
၉.၁၀.၀၈
Photo Source:picture by majikat_2007

Tuesday, October 7, 2008

ရထားထွက်ရန်ဆယ်ရက်အလို



လူတစ်ကိုယ်လုံး လုံးဝမလှုပ်နိုင်တော့။ အသက်ကို ဖြည်းဖြည်းလေး ရှုနေရသည်။ ရေကလည်း အရမ်းငတ်နေသည်။ ပါးစပ်က ကောင်းကောင်း ဟလို့မရချင်။ တစ်ယောက်ယောက်က ဂွမ်းစလေးဖြင့် ရေကို တစ်စက်ချင်း နှုတ်ခမ်းပေါ် ချပေးသည်။ အစ်မရွှေစင်ထင်သည်။ မေမေ့ရှိုက်သံလိုလို ကြားနေရသည်။ သူမသေသေးကြောင်းလည်း ပြောချင်သည်။ ဘာလို့ဝမ်းနည်းနေရတာလဲ မေမေရယ်..သားရောဂါကို သိနေကတည်းက သားကြာကြာမနေရတော့ဘုးဆိုတာ မေမေတို့ သိပြီးသားလေ။ နောက်ဆုံး အချိန်ရောက်နေသော လူတစ်ယောက်အတွက် (နောက်သူ့လိုဘာသာရေးနှင့် အလှမ်းဝေးသော လူတစ် ယောက်အတွက်)နားဝင်လွယ်မည့် တရားခွေတစ်ခွေကို ဖွင့်ပေးထားသည်။ နှာသီးဖျားကဝင်လေထွက်လေ လေးကို သာသာလေးမှတ်နေဖို့။ ဆရာတော်ကြီးအသံက အေးမြကြည်လင်လိုက်တာ။အရင်ကျန်းကျန်းမာမာ တုန်း ကဒီတရားတွေ ငါဘာလို့မနာခဲ့တာပါလိမ့်။မျက်စိကို အသာလေး မှိတ်ထားသည်။ အော်..မေမေ..သူ့နောက်ဆုံးမအချိန်ထိ သူ့ပေါ်တာဝန်ကျေလွန်းသည့်မေမေလေ.

ဖေဖေ အသံမကြားရ ။အင်းလေ သားတို့သားအဖက တစ်ယောက်ကိုတစ်ယောက် ချစ်ကြောင်း ဘယ် တုန်းကပြလို့လဲ..အိမ်ရှေ့ခန်းမှာဖြစ်ဖြစ် ဖေဖေ အဝေးကို ငေးကောင်းငေးနေမည်။ နောင်သားလုပ်သမျှ မဖြစ်ညစ်ကျယ်ဆွဲထားသော ပန်းချီကားလေးတွေကို ကြည့်ကောင်း ကြည့်နေမည် ။ နောက်ဆို သားမရှိတော့ရင် သားပန်းချီကားတွေကို ဖေဖေ လွတ်လွတ်လပ်လပ်ကြည့်လို့ရပါပြီ ဖေဖေ ။ သားမသိအောင် ခိုးကြည့်စရာမလိုတော့ဘူးလေ ။ သားပန်းချီဆွဲတာ ..အနုပညာသမားတစ်ယောက် ဖြစ်လာမှာ လုံးဝမလိုလားတဲ့ ဖေဖေ။ ဘာကြောင့်သားကို အနုပညာသမားဖြစ်မှာ မလိုလားသလဲဆိုတာတော့ သားဘယ်တော့မှ မသိနိုင်တော့မယ် အဖြေလေ။

စိတ်ကိုလျော့ချထားသည် ။ရင်ဘတ်အောက်ပိုင်းက မာမာခေါက်ခေါက်ကြီး ဖြစ်နေသည်။ အင်းလေ ဝေဒနာအစိုင်အခဲတွေက ဒီမှာစုနေတာ ဖြစ်မည် ။အသက်သုံးဆယ်ဝန်းကျင် လူငယ်တစ်ယောက်ဆိုတော့ အရွယ်ကောင်းလေးဆိုပြီး အားလုံးက နှမျောကောင်း နှမျောနေနိုင်သည်။ ဘယ်တတ်နိုင်မလဲလေ.. သူလည်းနေချင်သေးတာပေါ့ ။(ခါးကို ကားဖြတ်ကျိတ်သွားလို့ ဒရွတ်ဆွဲနေတဲ့ ခွေးတစ်ကောင်တောင် သူ့ဘဝကို စွဲလန်းတဲ့ ဘဝတဏှာ ရှိသေးတာပဲ။)အရင်ဘဝတွေက သူဘာကံတွေ ပြုမူခဲ့ပါသလဲ ။ဘုရားရှင်သာ သိနိုင်ပါသည်။လူဘဝဆိုတာ ကိုယ်ပြုမူခဲ့တဲ့ အတိတ်ကံ ၊ပစ္စုပ္ပန်ကံပေါ်တည်တာလို့ သူစောစောပိုင်း သိပ်အခြေအနေမဆိုးခင် အချိန်တွေက နာလိုက်ရသော တရားတွေကိုမှတ်မိသည်။
ဘယ်ဘဝက လာခဲ့မှန်း မသိသလို ဘယ်ဘဝသို့ ရောက်ရဦးမယ် ဆိုတာလည်း သူမသိ ။ သံသရာသည်ရှည်လျားပေသည်။ ဒီဘဝတွင် တော်စပ်နေသော မိဘတွေ၏ ကျေးဇူးကို နိုင်သလောက်တော့ဆပ်ချင်သေးသည်။ သေချာတွေးကြည့်တော့ သူလုပ်ပေးနိုင်ခဲ့တာ ဘာမှ ဟုတ်တိပတ်တိ မရှိ ။ အဲဒီ့ သားလေးကို နောက်ဆုံးအချိန်ထိ ချစ်ခဲ့သော မိဘမေတ္တာသည် အံ့ဖွယ်ကောင်းလေစွ ။

နောက်ထပ် လက်ကျန်ရက်များသည် ဆယ်ရက်ထက် မပိုနိုင်တော့ပေ ။ တစ်ရက်ထက်တစ်ရက် ပိုဆိုးလာဖို့ သာရှိသည် ။ အတတ်နိုင်ဆုံးတော့သတိလေး မလွတ်အောင် စိတ်တွေမပျံ့လွင့်အောင် ဥာဏ်မျက်စိလေးနှင့် စောင့်ကြည့်နေရမည် ။ သူရောက်ရှိသွားမည့် နေရာသည် အဖြူရောင်လွင်ပြင်လေးလား..သို့မဟုတ် အနက်ရောင်နေရာဒေသ တစ်ခုလား …အခုထိ သူမသိသေးပေ။
လင်းဒီပ
၇.၁၀.၀၈

(မဆုမွန် ရေ ရေးပြီးပြီနော်။)
Photo Source:picture by CTLVocalist
(media.photobucket.com)

Sunday, October 5, 2008

ငယ်ငယ်ကအိမ်လေး


သား ပစ္စည်းတွေ သေချာ သိမ်းပြီးပြီလားလို့ မေမေက မေးတော့မှ ထရံပေါ်မှာ ခြောက်တန်း ကျောင်းသားဘဝက ကပ်ထားသော စာရွက်လေးကို လှမ်းကြည့်မိသည်။ ဒီစာရွက်လေးပါ ခွာသွားရင်ကောင်းမလားလို့တွေးလိုက်မိသေးသည်။ကုတင်လေးပေါ် ပြန်လှဲချတော့ အကြည့်က ခေါင်မိုးဆီ ရောက်သွားသည်။ ခေါင်မိုးမှာတော့ ဟိုဒီ စွဲနေသည့် ပင့်ကူအိမ်လေးတွေ.. သူတို့ကိုကော ခေါ်ခဲ့ရမလား။

အိမ်ရှေ့ခန်းမှာ.. ဖွားဖွား ဘုရားရှိခိုးသံကို ကြားနေရသည်။ ထုံးစံအတိုင်း အိမ်မြောင်လေးတွေ တချက်တချက်စုတ်ထိုးသံကြားရသည်။ မနက်ဖြန် ဆို မင်းတို့လည်းကျန်ခဲ့တော့မှာလေ။ဖွားဖွားဘုရားရှိခိုးတဲ့ အသံကိုမင်းတို့လည်းကြားတော့မှာမဟုတ်လို့စိတ်ထဲက ပြောမိသည်။ကျွန်တော့် ကုတင်ခေါင်းရင်းဘက်က တရုတ်ကက်ဆက်အဟောင်းလေး(ငါးတန်းနှစ် တတိယဆုရတုန်းကဖေဖေ ဝယ်ပေးထားတာ)ကိုလှမ်းပြီး .ထည့်ထား လက်စ ထူးအိမ်သင် အောင်ရင် (အကြင်နာအိပ်မက်)ခွေလေးကိုဖွင့်လိုက်မိသည် ။ မနှစ် သီတင်းကျွတ်တုန်းက ပျော်သလိုနေပါကွယ် သီချင်းလေးကို ရပ်ကွက်ကလေးရဲ့မီးထွန်းပွဲမှာ မင်းမင်းနှင့် သူနှစ်ယောက်တွဲဆိုခဲ့ဖူးသည်။ ဒီနှစ်တော့ သူရှိမှာမဟုတ်တော့။ ပြတင်းပေါက်ကလှမ်းကြည့်တော့ ခေါင်းရင်အိမ်ဘက်က ကိုမြင့်ကျော်တို့လင်မယားရန်ဖြစ် သံကိုကြားရသည်။ထုံးစံအတိုင်း ဒီလူကြီးမူးလာပြီး သူ့မိန်းမကို ရန် လုပ်နေပြီ..မနက်ဖြန်ဆို သူတို့လင်မယားရန်ဖြစ်တာ ကြားနိုင်မည်မဟုတ်တော့ပေ။

ခဏနေ မင်းမင်း လာခေါ်တော့ထိုင်နေကျလက်ဖက်ရည်ဆိုင်လေးဆီထွက်လာခဲ့သည်။ မင်းမင်းလည်းအသံတိတ်နေသည်။ ဆိုင်ထဲ ရောက်တော့ ဆိုင်ရှင်ကိုတိုးကြီးက မင်းတို့မိသားစုကတော့ ကံကောင်းတယ်ကွာ..အေးလေ ထောင့်ကွက်ဆိုတော့ သူတို့တွေက ဘယ် လက် လွတ်ချင်မလဲ..။ကိုတိုးကြီင်္းပြောတာလည်းဟုတ်သည်..အိမ်လာဝယ်သည့် ရှမ်းတရုတ်တွေက ကျွန်တော်တို့အိမ်လေးကို သေချာ တောင်ဝင် မကြည့်…ပွဲစားဖြတ်ပေးသည့်ဈေးကိုလည်း ငါးပြားတောင် မဆစ် ။ဘယ်နေ့စရံပေးမည်..ဘယ်တော့ပြောင်းပေး မလဲ..ဘယ် တော့အကြေချေမည်ဆိုတာလောက်ပဲပြောပြီး..ပြန်သွားသည်။

ဒီအိမ်လေးကိုလာဝယ်တဲလူတွေက ဖျက်ပစ်ကြမှာ…ကျွန်တော့်အဖေရသည့်ဆုကြေးလေးနှင့်မနှစ်ကမှမိုးထားသည့်သွပ်မိုး အသစ်လေး ကို လည်းသူတို့စိတ်မဝင်စား ။ဆရာမမေမေ ကျူရှင်ပြလိုရသည့်ငွေပိုလေးနှင့် တူးထားသည့် အဝီစိတွင်းလေး လည်းမလိုအပ်။ဒါလေးတွေက သူတို့မိသားစုနေ့စဉ်ဘဝလေးအဆင်ပြေဖို့ ဖြည်းဖြည်းခြင်းလုပ်ထားရတာတွေလေ ။

ဒီအိမ်လေးကို မနက်ဖြန်ကျရင်သူတို့မိသားစုထားခဲ့ရတော့မည်။သူ့ပညာရေးငွေကြေးလိုအပ်ချက်တွေအတွက် .။နောက်မကြာခဏ မီးလောင်တတ်သော ဒီဆင်းရဲသားရပ်ကွက်လေးမှာ..လေဖြတ်ထားသောဖွားဖွားက အရေးအကြောင်းဆိုမပြေးနိုင်။ နောက်ဖွားဖွားအတွက်ဆေးဖိုးဝါးခလိုအပ်မှုတွေ။ ဒါတွေအားလုံးအတွက် ဒီအိမ်လေးနှင့်လဲလိုက်ရပါသည်.၊အိမ်လေးရေခွင့်လွှတ်ပါ..

မင်းမင်းနဲ့လမ်းခွဲ လက်ဖက်ရည်ဆိုင်လေးကပြန်လာပြီး လမ်းထဲဝင်တော့ လမ်းမီးတိုင်ကျဲကျဲလေးတွေအောက်မှာ ဘာမှမဟုတ်ပါဘဲ
လမ်းလေးသည် လွမ်းစရာကောင်းနေပြန်ပါသည်။ ခြံတံခါးအဝင်ဝမှာ သူစိုက်ထားသည့်စက္ကူပန်းရုံလေးကိုကြည့်မိသည်..သူတို့လည်းတိတ်နေကြသည်။အမှောင်ထဲကအိမ်ရှေ့ကွပ်ပျစ်လေး မှာ ဖေဖေနှင့်မေမေ ကော်ဖီခွက်လေးကိုယ်စီဖြင့်တိတ်ဆိတ်နေကြ သည်။ မေမေက သားညဥ့်နက်ပြီအိပ်တော့လေဟုလှမ်းပြောသည်။ မေမေတို့ ဘာကြောင့်မအိပ်သေးတာလဲလို့တော့ မေမေ့ကိုပြန်မမေး မိ။

ဒီညလေးမှာ သူကောင်းကောင်းအိပ်ပျော်မည်တော့ မထင်…

လင်းဒီပ
၅.၁၀.၀၈
Photo Source:(picture by kri8)
(www.media.photobucket.com)

Saturday, October 4, 2008

တိမ်တွေရေးတဲ့ကဗျာ




မထားခဲ့ဖို့ ဆိုင်းညို့တောင်းပန်ရင်း အုန်းလက်နွားလို ကျန်ရစ်ခဲ့ရတဲ့ကောင်ပါ။
(တာရာမင်းဝေ)

အပြာရောင်ကြယ်လေးသည် အင်းစိန်ဂျီတီအိုင်ရှေ့လမ်းပေါ်တွင် ပန်းတွေကို တစ်ပွင့်ချင်းစီ ကြဲချသွားပါသည်။ အမြင်မတော်သော ကဗျာဆရာလေးက အတင်းပြေးလိုက်ပြီး ပန်းတွေကို ကဗျာကရာ လိုက်ကောက်ကာ ညနေခင်း အကြောင်း ရေးဖွဲ့ပါသည်။ အပြာရောင်ကြယ်လေးသည် စာသင်ခန်းထဲတွင် နွဲ့နွဲ့လေး လင်းလက်နေပါသည်။ ကြယ်ပြာလေးသည် ပါတိတ်ဝမ်း ဆက်လေးကို ဝတ်ထားပါသည်။ ဆံနွယ်များကို စုနှောင်မထား.. ကျောလည်လောက်ရှိသော ဆံနွယ်များကြောင့် ကြယ်ပြာလေး လှနေခြင်းမဟုတ်ပါ.. ကြယ်ပြာလေး စနစ်တကျ စိုက်ပျိုးထား၍သာ ဆံနွယ်များက လှနေခြင်းဖြစ်ပါသည်။ ရှုပ်ကုန်ပြီ ထင်ပါသည်။
ကိစ္စမရှိပါ.. သူကိုယ်တိုင်ကို တချို့ကိစ္စများကို မရှင်းလင်းပါ။ သူသည် ကြယ်လေးကို ငေးရင်း စာသင်ချိန်များကို ရင်ခုန်စွာ ဖြတ်ကျော်ခဲ့ပါသည် ..

တချို့ကောင်လေးများသည် နက်မှောင်ထူထဲနေသော ကြယ်ပြာလေး၏ ဆံနွယ်ရှည်ရှည်များကို စက္ကူမြားများဖြင့် နောက်ဖက်စာသင်ခုံများမှ ပစ်ပြီး ပျော်ရွှင်နေကြပါသည် ။ ဒီကိစ္စသည် သူ့အတွက် အီရတ်ကို အမေရိကန် ဝင်ပစ်သည် ထက်ပို အရေးကြီးပါသည်။ စက္ကူမြားဦးချွန်လေးများသည် ကြယ်ပြာလေးဦးရေပြားကို ထိပါလိမ့်မည်။ မတော်တဆများ ကြယ်ပြာလေးရဲ့မှတ်ဥာဏ်တွေ ထိခိုက်သွားရင် ဘယ်လိုလုပ်မလဲ.. ဘယ်သူဒီကိစ္စ တာဝန်ယူမှာလဲ.. ဒီစက္ကူမြားပစ်အဖွဲ့ချုပ် တွင် အများကြီးတာဝန်ရှိပါသည် ။ တာဝန်ယူခိုင်းလို့လည်း.. သူ့ကိုယ်သူ စက္ကူမြားပစ်အဖွဲ့၏ ဥက္ကဋ္ဌလို့ ထင်နေသူ ဟိုတရုတ်လေးက သူတာဝန်ယူမယ်ဆို ဒုက္ခ ။ မတတ်နိုင် ကြယ်ပြာလေး မှတ်ဥာဏ်တွေမထိခိုက်ပါစေနဲ့လို့သာ သူဆုတောင်းနေရပါသည်။

သူသည် ကြယ်ပြာလေးကို အမြဲတမ်း ကန်တင်းလေးမှ ငေးကြည့်နေပါသည်.. တခါတော့ ကြယ်ပြာလေး ဖြတ်လျှောက် လာတာကိုတွေ့ပြီး ကမန်ကတန်း ပြေးထွက်လာရာ.. စားပွဲပေါ်က ထမင်းချိုင့်ကို မဆွဲဘဲ ရေနွေးအိုးကြီး ဆွဲထွက်လာသော ကြောင့် ကြယ်ပြာလေးက အိနြေ္ဒရစွာ လှောင်ပြုံးလေး ပြုံးသွားတာ ခံခဲ့ရဖူးပါသည်။ တခါတော့ မြက်ခင်းပေါ်ကလမ်း ကျဉ်းကျဉ်းလေးမှာ… လမ်းကိုပိတ်ပြီး စကားပြော.. ဟိုကရှောင်နှင့် တဖြေးဖြေး ကြယ်ပြာလေးက မြက်ခင်းပေါ် ရောက်သွား ပါသည်။ နောက်မှ..အော်…ငါ့ အပြုအမူက သူကြီးသား ထန်းတောထဲက မူးလာပြီး လိုက်နှောက်ယှက်သလို ဖြစ်နေပါလား ဆိုပြီး ပြန်ထိန်းရပါသည်.. တရက်တော့ ကြယ်ပြာလေးက စာသင်ခန်းထောင့်စွန်း အဝင်အထွက်နားက ခုံတန်းမှာထိုင်နေပါသည်။

ကျနေက သူ့မျက်နှာပေါ် ထိုးနေဟန်တူပါသည် ။ တံခါးလေးကို စေ့ထားပါသည် ။ သူက အခန်းထဲကိုဝင်မလို့တံခါးကိုဆွဲ အဖွင့်.. သူမမျက်နှာပေါ် နေရောင်ထိုးကျသောကြောင့် လှမ်းအကြည့်..အကြည်ခြင်းဆုံပြီး ပြိုင်တူရယ်လိုက်မိပါသည် ။ အသံမထွက်ပါဘဲ ရယ်သည်ဟု အဓိပ္ပာယ်သက်ရောက်မျှသာသော ထိုအပြုံးလေးသည် ကြယ်ပြာလေး ပေးခဲ့သော ရှားရှားပါးပါးလက်ဆောင်လေး တစ်ခုမျှသာ…

သူသေချာသိပါသည်.. သေချာသည်ထက်ကို သေချာသိပါသည်… ကြယ်ပြာလေးအတွက် လုံလောက်သော ကောင်းကင် သူ့မှာမရှိပါ ..ကောင်းကင်အတုလေးတစ်ခု စိတ်အလင်းနှင့် ဖန်ဆင်းကြည့်ပါသည်.. မုန်တိုင်းအစစ်တွေ ကကြိုကြိုတင်တင် စောင့်နေကြပါသည်။ ကြယ်ပြာလေးကလည်း အလွမ်းတွေကို သူကျောပေါ် လိမ္မာပါးနပ်စွာ ပုတ်ချသွား လိုက်ပါသည်… ထိုအလွမ်းများကို လွယ်ထားသော ကချင်လွယ်အိတ်လေးထဲ ထည့်ကာ သူပြန်လာခဲ့ပါသည်… သူတချက် ပြန်ငေးကြည့်တော့ ကြယ်ပြာလေးသည် ကောင်းကင်ဆီ ဖြေးဖြေးလေး ပျံတက်သွားပါသည်။

လင်းဒီပ
၃.၁၀.၀၈
Photo Source: (picture by toowex)

Thursday, October 2, 2008

ညနေရီ


တိမ်တွေမည်းရင် မိုးကသည်းတတ်လို့
ခိုးခိုးဝှက်ဝှက်နဲ့ အိမ်ပြန်ခဲ့တဲ့ ညနေ

မရှာသင့်မှန်းသိလို့ မလာဖြစ်တော့တဲ့မြို့
နှုတ်မဆက်သင့်လို့ လွှဲလိုက်တဲ့မျက်နှာ

နေကောင်းသွားမှာပါလေ
ရေသစ်မြေသစ်
နေရာသစ်လေးတစ်ခုဆီ မင်းရောက်သွားတဲ့အခါ..
တကယ်ဆို
သူသူငါငါပြောပြောနေကြတဲ့ဘဝဆိုတာလေးက
ရက်ဆုတ်ပြက္ခဒိန်လေးတစ်ခုမျှသာ

လင်းဒီပ
၁.၁၀.၀၈

Wednesday, October 1, 2008

ဖရဲသီးခိုးနည်း



ရန်ကုန် မန္တလေးလမ်းပေါ်က မြို့လေးတစ်မြို့မှာပေါ့…ကိုသာဥာဏ်ဆိုတဲ့ ပေါက်ကရ အမြဲလုပ်တတ်တဲ့လူတစ်ယောက်ရှိတယ် ။ သူက အမြဲတမ်းတစ်ခုမဟုတ် တစ်ခု အမြဲကြံတတ်တဲ့လူပေါ့ ။ ရန်ကုန်မန္တလေး လမ်းဘေးမှာ ဖရဲသီးကားတွေက ညအိပ်နားတတ်တယ်လေ ။ တစ်ညသူတို့အဖွဲ့လမ်းလျှောက်လာရင်း ဖရဲသီးကားတွေနဲ့ မနီးမဝေးရောက်တော့ သူ့အဖော်တွေကိုပြောတယ်..မင်းတို့ကားသမားတွေအိပ်ပျော်နေတုန်းဖရဲသီးတွေသွားခိုးကြ..ငါဒီကစောင့်နေမယ်..တဲ့။သူအဖွဲ့တွေသွားပြီး သူ့အဖွဲ့တွေလက်ထဲ ဖရဲသီးတွေရောက်သွားတယ်ဆိုရင် ပဲ..သူက သူခိုးသူခိုး လို့ လှမ်းအော်တော့တာ…သူအဖွဲ့တွေလည်း ဖရဲသီးတွေ ပစ်ချပြီးသုတ်ခြေတင်ပြေးရတော့တာပေါ့…သူတို့က မြို့ခံတွေဆိုတော့ ကားသမားတွေ လက်ကတော့လွတ်အောင်ပြေးနိုင်တာပေါ့နော်..ဒါနဲ့သူနဲ့လည်းပြန်တွေ့ကော..ဟိုလူတွေက ဒေါသတကြီးနဲ့ဘာလို့ဒီလိုလုပ်တာလဲပေါ့..ဒီတော့သူကအေးအေးဆေးဆေးပဲပြန်ပြောတယ်..မင်းတို့သယ်နိုင်နည်းနည်းပေါ့ကွာ.ဟောဟိုမှာ..ငါ ခိုးထားတာကြည့်တဲ့။ ဟုတ်ပဗျာ ကားသမားတွေ သူခိုးလိုက်တုန်းမှာ သူခိုးထားတဲ့ ဖရဲသီးတွေလေ..နည်းနည်းနောနောမဟုတ်ဘူး ။

လင်းဒီပ
၁.၁၀.၀၈
Photo Source:picture by SUNKiiSSEDBABEx9
(http://www.media.photobucket.com/)

ဆယ်တန်းတုန်းကလေ..





ကျွန်တော်ဆယ်တန်းတက်တော့ ပထမဆုံးအိမ်နဲ့စခွဲဖူးတာ..တစ်ဦးတည်းသောသားဆိုတော့ အမြဲအိမ်မှာတစ်ယောက်တည်းနေဖြစ်ခဲ့သည်….ဆယ်တန်းမှာအစ်ကိုဝမ်းကွဲနဲ့အတူတူနေပြီး..စာအတူလုပ်ကြ..စာမေးပွဲအတူတူဖြေကြဆိုပြီး..အဒေါ်နှင့်မေမေက စီစဉ်သည်.ဒီလိုနှင့်အဒေါ်အိမ်မှာ ကျွန်တော်သွားနေ ဖြစ် သည် ..အစ်ကို ဆိုပေမယ့်လပိုင်းသာခြားတော့..အတန်းက အတူတူ..မှတ်မိနေသေးသည်…ကျွန်တော် တို့ညီ အစ်ကိုနှစ်ယောက် ..အိမ်ထပ်ခိုးမှာတက်နေကြသည်…နှစ်ယောက်အိပ်ဖျာကြီးက ဆယ့်နှစ်ရာသီခင်းထားသည်. .ဘေးမှာ ထမင်း စား ပွဲဝိုင်းပုပုလေး..စားပွဲပေါ်မှာတော့ စုံသည်..ကံကော်ရွှေပြည်ရယ်..ရွှေကံကော်ရယ်..S.Sခင်မောင်အေး..နောက်biology သီချင်းခွေတွေလည်း ပါသည်..အတူတူနေဖြစ်တော့ စာအတူတူလုပ်ဖြစ် မဖြစ် မသေချာသော်လည်း..သိပ်မကြာခင်မှာပဲ..လက်ဖက်ရည်တစ်ခွက်နှင့် ဆိုင်တွင် ဇိမ်ဆွဲထိုင်တတ်သော ကျွန်တော့်အကျင့်ကို သူကစွဲသွားပြီး….သူသောက်နေကျ Lucky Strikeစီးကရက် ကို ကျွန်တော် စသောက်တတ်သွားသည် (အဲဒီတုန်းကLucky Strike တစ်လိပ်ကိုငါးကျပ်…Landon ပေါ်ကာစ)..ကွမ်းယာကို 92(ကွမ်းစားဆေးတစ်မျိုး) ထည့်ပြီး...ရော့မင်း တစ်ယာ..ငါတစ်ယာ စားတတ်သွားသည် …အသက်က ဆယ့်ခြောက်ကျော်ကျော် …ပျော်စရာသိပ်ကောင်းတဲ့ အချိန်လေး တွေ…ညကျ အားအားရှိရင် ကျွန်တော်က အိမ်ကသယ်လာသည့် ဂစ်တာကြီး..တဒေါင်ဒေါင်နှင့် ထတီးသည်…အစ်ကိုကအစောပိုင်းမှာ စာကျက်ချင်ယောင်ဆောင်ပြီး ..လူကြီးတွေအောက်ထပ်က အိပ်သွားသည့် အသံကြားရင်…သူပါလိုက် အိပ်သည်လေ..ကျွန်တော်ကလည်း လူခြေတိတ်လို့ သိပ် စိတ်ကူးယဉ်လို့ကောင်းတဲ့ညတွေဆို..စာအုပ်ချပြီး ကဗျာတွေ ထထ ရေးတော့တာပါပဲ
ကျွန်တော့်တို့ညီအစ်ကို တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်ချစ်လဲဆိုတာပြောပြချင်သေးသည်…ကျွန်တော်တို့ Day Special မှာ ကောင်မလေး တစ် ယောက်ရှိသည်..ကျူရှင်ခန်းတစ်ခန်းလုံးကို လွှမ်းသွား အောင် ပေါက်တတ်ကရမျိုးစုံလုပ်တတ်သောကောင်မလေးပေါ့ဗျာ…ဖြစ်ချင်တော့ ညီအစ်ကိုနှစ်ယောက်လုံးက သဘောကျသည်..ကောင်မလေးကလည်း တကယ့်ဆူးလှည်း ..တစ်လမ်း လုံးငြိအောင်ကိုမောင်းသည်…ဒ်ီတော့ညီအစ်ကိုနှစ်ယောက်လုံး ငြိပါသွားရုံတင်မကဘူး..အချင်းချင်းပါပြန်ငြိကုန်ရော…အခုပြန်တွေးကြည့်တော့ အတော်ရယ်စရာ ကောင်းသည်…အခုတော့ အဲဒီဆူးလှည်းလေးလည်း ကလေး နှစ် ယောက် လောက်ရနေလောက်ရောပေါ့..ပြီးခဲ့တဲ့ရက်က အစ်ကိုနှင့် onlineမှာ ဒီအကြောင်းတွေစကား စပ်မိ တော့  နှစ်ကောင်သားရယ်ဖြစ်ကြသေးသည်…ဆူးလှည်းလေးကိုကျွေးဖို့ နှစ်ကောင်သားမာလကာသီးတွေ
တက်ခူးတာ …ကျုရှင်မသွားခင် ရေခဲသေတ္တာထဲမှာ..အေးစိမ့်နေအောင်ထည့်ထားတာတွေ….
လူ့ဘဝသည် အတော်လေးတော့ ရယ်စရာကောင်းသည်…တချိန်ကရေးကြီးခွင့်ကျယ်ကိစ္စများသည်..နောင်တချိန်တွင်ရယ်စရာကောင်းသွားသည်…အခု အရေးတကြီးကိစ္စများသည်လည်း နောင်တစ်နေ့ကျ ရယ်စရာဖြစ်လာဦးမည်လေ….


လင်းဒီပ
၃၀.၉.၀၈
Photo Source:(picture by ernstfamily1)