Tuesday, May 4, 2010

မိုးဦးလေပြည်ထဲက ကျွန်တော့်လိပ်စာ


လိပ်စာများ

အခန်းထဲ ခြင်တွေ ထည့်ထားတယ် ။
အိပ်ရာထဲ ကြမ်းပိုးတွေ ထည့်ထားတယ်
စာအုပ်ကြားထဲ silver fish တွေ ထည့်ထားတယ် ။
ကွန်ပျူတာထဲ ဗိုင်းရပ်တွေ ထည့်ထားတယ် ။

ခန္ဓာကိုယ်ထဲ ကိလေသာတွေ ထည့်ထားတယ် ။
အကြည့်ထဲ အဝိဇ္ဇာတွေ ထည့်ထားတယ် ။
အိပ်ကပ်ထဲ အကုသိုလ်တွေ အလုံအလောက် ထည့်ထားတယ် ။
အပွေ့အဖက်ထဲ တဏှာရာဂတွေ ထည့်ထားတယ် ။

ဒိုင်ယာရီထဲ သတိရခြင်းအတုတွေ ထည့်ထားတယ် ။
ပို့ဖြစ်တဲ့ အီးမေးလ်ထဲ ရမ္မက်တွေ ထည့်ထားတယ် ။
လက်စွပ်တစ်ကွင်းထဲ အရောင်ပြယ်သွားတဲ့ ကတိစကားလေး ထည့်ထားတယ် ။
ညီမလေးကိုယ်ရနံ့ထဲ စိတ်မချခြင်းတွေ ထည့်ထားတယ် ။

နိုင်ငံကူးလက်မှတ်ထဲ ကျေးကျွန်ဗီဇာတွေ ထည့်ထားတယ် ။
ညနေရီ အိမ်ပြန်လမ်းထဲ လဲကျသွားတဲ့ စိတ်ဓာတ်တွေ ထည့်ထားတယ် ။
ကျောပိုးအိတ်ထဲ အဝေးပြေးလမ်းတွေ ထည့်ထားတယ် ။
ဖောက်ပြန်ရာသီထဲ တစပြင်ရှုခင်း ထည့်ထားတယ် ။

ညီအစ်ကိုဆန်ခြင်းထဲ ဝှက်ဖဲတွေ ထည့်ထားတယ် ။
မိုးတိမ်ထဲ မေမေ့ကင်းထောက်ငှက်ကလေး ထည့်ထားတယ် ။
ဂျင်းန်ဘောင်းဘီထဲ တင်းသွားတဲ့ မေးရိုးတွေ ထည့်ထားတယ် ။
ပိတောက်ပွင့်ထဲ ကျိန်စာတွေ ထည့်ထားတယ် ။

ဒီကဗျာထဲ အညစ်အကြေးတွေ ထည့်ထားတယ် ။

လင်းဒီပ

ကိုလင်းဦး(စိတ်ပညာ) ကိုကျော်ညိုသွေးတို့ စီစဉ်တဲ့ မိုးဦးလေပြည် ကဗျာစာအုပ် ထွက်ရှိလာပါတယ် ။
ကောင်းကင်ကို
လင်းဦး(စိတ်ပညာ)
ညီဇံလှ
သူရဿဝါ
သားဖြိုး
ဇာတိ
ရင်နင့်သူ
လေပြေ
ကျော်ညိုသွေး
prizewai
တို့နဲ့အတူ ကျွန်တော်ရေးတဲ့ လိပ်စာများ ကဗျာလေးပါဝင်ပါတယ် ။ ဖတ်ကြည့်စေချင်ပါတယ် ။

လင်းဒီပ
၀၄.၀၅.၁၀

Sunday, May 2, 2010

ချစ်သူ့ဖတ်စာ(၆)


ကတိမတည်တဲ့ မိုးသားတွေက
ထပ်မရွာတော့ဘူး ဆိုပြီး
ဒီနေ့လည်း သည်းသည်းမဲမဲ။

ထန်းလက်သူရဲကောင်းလေးလေ
မင်းဆီတည့်တည့်လာမယ့် မိုးကြိုးတွေရှေ့
ပြေးရပ်ပေးချင်စိတ်က
တကိုယ်ရည် အိပ်ရာလေးထဲ
လန့်လန့်နိုးတယ် ။

အဝေးနေ့စွဲတွေမှာ
တစ်ယောက်ထုတ်လွင့်တဲ့ အနမ်းကို
တစ်ယောက်က tuning ကောင်းကောင်းနဲ့
ဖမ်းယူနမ်းရှိုက်ရတာ….

အဝေးနေ့စွဲတွေမှာ
အဲဒီ တယ်လီဖုန်းလေး မရှိရင်
အဲဒီ မြန်နှုန်းမြင့်နည်းပညာနတ်ကောင်းနတ်မြတ်တွေ မစောင့်ရှောက်ရင်
အလို သေရချည့် ။

အဆင်မပြေပါဘူး အချစ်ရယ်
ယောက်ျားရင့်မကြီး ဆိုပေမယ့်
အလွမ်းဆိုတဲ့ ဘီလူးကြမ်းကြီးနဲ့
နေ့နေ့ညည စီးချင်းထိုးနေရတာ ။

ဒီမှာ….
ဝေးကွာခြင်းကွင်းကျယ်ထဲ
အထီးကျန်မြက်ရိုင်းတွေ
စိမ်းလွန်း စိုလွန်းတယ် အချစ်ရယ်။

လင်းဒီပ
၀၂.၀၅.၁၀

Wednesday, April 28, 2010

ကဗျာဆရာရဲ့ပုံတူ

ပြောင်းလဲသွားတယ်
အရာရာ….
ပြောင်းလဲလွယ်တယ်
နင် နောက်ရည်းစားတစ်ယောက် ထပ်ပြောင်းတွဲတယ် ။

ရာသီတွေကလည်း
အရင်လို မှန်းဆလို့မလွယ်
ပူလွယ် အေးလွယ် နေ့တွေထဲ
လောင်လွယ် ကျွမ်းလွယ် ဘဝတွေထဲ

လယ်ကွင်းတွေဟာ လမ်းတွေအဖြစ် ပြောင်းလဲသွားတယ်
လမ်းအကောင်းတွေဟာ လမ်းအဟောင်းတွေအဖြစ် ပြောင်းလဲ
ကားတွေကလမ်းတွေ ပေါ်မောင်းကြပြီး
လမ်းတွေက ဘယ်ကို ဆက်မောင်းကြလဲ ။

ပြောင်းလဲပေးမယ် ပြောတဲ့ လူလည်ကြီးတချို့က
ပြောင်းလဲခြင်းအတုတွေနဲ့ ထပ်ပြောင်းလဲပေးတယ် ။

ပြောင်းလဲသွားတယ်
ပြောင်းလဲမလွယ်တဲ့ ငါ့ဘဝထဲ
ဖြတ်သန်းစီးဆင်းသမျှ အာရုံတွေ ပြောင်းလဲသွားတယ် ။

ငါလည်း ပြောင်းလဲလာတယ်…
နင့်ဓာတ်ပုံလေးတွေ ပျောက်ကုန်တယ်…။
စီးနေကျ ဖိနပ်ကလေး အတော်ပါးသွားပြီ…။

သစ္စာရှိ
ရိုးမြေကျ
ဘဝမှာ ပေါင်းဖက်မိတာဆိုလို့
(တိုးတိုးဖော်အဖြစ်ကော
သူငယ်ချင်းအဖြစ်နဲ့ပါ )
ကဗျာကို
ဟိုး……..အရင်
ချောကလက်နံ့သင်းတဲ့ ညနေခင်းတွေကထက်
ပိုသောက်ဖြစ်လာတယ် ။

ငါလည်း ပြောင်းလဲခဲ့တယ်ဆိုပါတော့ ။

လင်းဒီပ
၂၈.၀၄.၁၀
(ဒီဧပရယ်လထဲ ကျွန်တော်ရေးမိသမျှ ကဗျာတွေ အကုန်လုံး အပူရောင်တွေ များနေတယ် ။ဒီကဗျာလေးကတော့ အဲဒီကဗျာတွေ အားလုံးရဲ့ သက်ပြင်းချသံ ဖြစ်သွားမလားပါပဲ...။)

Thursday, April 22, 2010

နွံ

မင်းခုံရုံးမှာ
ငါ့ နှလုံးသားရဲ့ စိုထိုင်းဆတွေလည်း
ခြေကုန်လက်ပမ်းကျတယ် ။

အချစ်ဆိုတာ
ဥပဒေတွေ တစ်ခုပြီး တစ်ခု နဲ့
တစ်ယောက်ကို တစ်ယောက်
ထပ်တိုး တုပ်နှောင်ကြဖို့လား။

သံသယအက်စစ်တွေနဲ့
(ငါ့)လှမ်းလှမ်း မပက်နဲ့
နားလည်မှုအရေပြားတွေ ပါးပါးကျနေပြီ…။

သင်္ကာမကင်း မျက်လုံးတွေနဲ့
ရိုက်နှက်လိုက်တာ
စိတ်တပြင်လုံး နာတယ် ။

ငါက
ငါ့အဓိပ္ပာယ်ကလေးနဲ့ ငါ
ဘဝကို နေပျော်ချင်တာပါ ။

အချစ်ဆိုတာ
လက်ထိပ်တစ်စုံလား
ငါ
အိပ်မက်ဆိုး မက်ပြီ ။

လင်းဒီပ
၂၂.၀၄.၁၀
(ဒီကဗျာလေးနဲ့ တွဲဖက်စားသုံးသင့်တာကတော့ စိုင်းထီးဆိုင်ရဲ့ မျက်လုံးတစ္ဆေ သီချင်းပဲ ဖြစ်ပါလိမ့်မယ် ။)

Saturday, April 17, 2010

ပင်လယ်အသစ်ထဲက ငါးတွေ

ခေတ်ကြီးက
သီအိုရီ ထည်လဲ ဝတ်တဲ့မိန်းမ…

ရူပါ တစ်သိန်းနဲ့ ဖမ်းစား
အာရုံတစ်သန်းနဲ့ ဖမ်းစား
တွေးတိုင်း အသက်ရှုမှားတယ် ။

လူငယ်စိတ် သစ်ထွင်းလှေကလေးက
လောကဓံ ညကြီးမင်းကြီးကို
လူတန်းစေ့ဆာလောင်မှုနဲ့ ဖြတ်ကူးခဲ့တယ် ။

လူသားဦးနှောက်
တွေးတတ်သလောက် တွေးထားသမျှ
ကူးတတ်သလောက် ကူးခတ်သမျှဟာ
အိုလွယ်မင်းလွယ် ။

လိုက်စရာ သမင်တွေ ပေါလို့
မောနေတဲ့ ခေတ်ထဲ
(မေမေတောင်)
လောဘကြီးတယ် လို့
ကျွန်တော့်ကို သိပ် မပြောတော့ဘူး ။
လင်းဒီပ
၁၇.၀၄.၁၀

Thursday, April 15, 2010

မီးတောင်သေ

အတွင်းက အလွမ်းက
အပြင်က အလွမ်းကို လက်သင့်မခံဘူး ။

“လာလမ်းအတိုင်း လှည့်ပြန်”
အဲသလို နှုတ်ဆက်ရင်း
နှုတ်ခမ်းတွေ တင်းတင်းစေ့ထားမိ။

နင့်လက်ထဲ
နှစ်ချို့ အိပ်မက်စုဗူးကြီး
မကြည့်မိအောင် နေမယ် ။

မာကျောခြင်း ချောရည်တွေနဲ့
စိတ် အပေါ်ရည်ကျောတွေ တင်းလို့ ။

နင့်စိတ်လွန်ကြိုးနဲ့
အမျိုးမျိုး နှိုး
(ထပ် မကြိုးစားနဲ့ တေလေ)
ငါက မရွာတော့မယ့် မိုး ။

နင်က
လူမြင်သူမြင် ရှုံးနိမ့်သူဆိုရင်
ငါကတော့
စိတ်ရဲ့ကန္တာရကို
ဘယ်တော့မှ ပြောမပြမယ့် လျှို့ဝှက်သူ။
လင်းဒီပ
၁၀.၀၄.၁၀

Saturday, April 10, 2010

နွေ

သေအံ့မူးမူး နွေဆန်လွန်းတဲ့နွေ
သစ်ရွက်စိမ်းအင်္ကျီတွေကို ဆွဲဆုတ်ပစ်နေတဲ့နွေ
ဥသြငှက်ကလေး နေစရာမရှိတဲ့ နွေ
လက်ထဲက စီးကရက်မီးလေး ငေးယူရတဲ့ နွေ ။

တစ်ဘဝလုံးစာ
တစ်ရာသီထဲနဲ့ ပူပေးလိုက်သလား စဉ်းစားမရတဲ့နွေ
တနေ့ခင်းလုံး လင်း….ဖြူ…ပြာ…ဝေ
နွေပီသချင်လွန်းတဲ့ နွေ….။

အပြာရောင်တိမ်တွေနဲ့ အပြာရောင်တစ္ဆေ နွေ
ကဗျာစာရွက်ကလေး ပြာကျသွားတဲ့ နွေ
ခေါ်သံလေးတစ်ခု အပူလောင်သွားတဲ့ နွေ
ဗစ်တာခင်ညိုရဲ့ လွမ်းစရာ့နွေကို ငိုသံပါကြီးနဲ့ ဆိုမိတဲ့နွေ ။

အပူကြိမ်လုံးကြီးနဲ့
တစ်ကိုယ်လုံး ကျိမ်းစပ်သွားအောင် ရိုက်ချလိုက်တဲ့နွေ
ကိုယ့်ဘာသာ အစိုးမရ ပူပြလိုက် ငိုချလိုက်နဲ့ စိတ္တဇဆန်တဲ့နွေ ။

နွေ
နွေ
ရောင်စုံပက်ကြားအက်တွေကြားက
ဘဝတဏှာ အပြင်းစားတွေဆီ
ကျောသားရင်သား မခွဲခြား
သူ့သစ္စာတရားနဲ့သူ ဖြတ်လျှောက်သွားတဲ့နွေ။
လင်းဒီပ
၁၀.၀၄.၁၀