Saturday, April 10, 2010

နွေ

သေအံ့မူးမူး နွေဆန်လွန်းတဲ့နွေ
သစ်ရွက်စိမ်းအင်္ကျီတွေကို ဆွဲဆုတ်ပစ်နေတဲ့နွေ
ဥသြငှက်ကလေး နေစရာမရှိတဲ့ နွေ
လက်ထဲက စီးကရက်မီးလေး ငေးယူရတဲ့ နွေ ။

တစ်ဘဝလုံးစာ
တစ်ရာသီထဲနဲ့ ပူပေးလိုက်သလား စဉ်းစားမရတဲ့နွေ
တနေ့ခင်းလုံး လင်း….ဖြူ…ပြာ…ဝေ
နွေပီသချင်လွန်းတဲ့ နွေ….။

အပြာရောင်တိမ်တွေနဲ့ အပြာရောင်တစ္ဆေ နွေ
ကဗျာစာရွက်ကလေး ပြာကျသွားတဲ့ နွေ
ခေါ်သံလေးတစ်ခု အပူလောင်သွားတဲ့ နွေ
ဗစ်တာခင်ညိုရဲ့ လွမ်းစရာ့နွေကို ငိုသံပါကြီးနဲ့ ဆိုမိတဲ့နွေ ။

အပူကြိမ်လုံးကြီးနဲ့
တစ်ကိုယ်လုံး ကျိမ်းစပ်သွားအောင် ရိုက်ချလိုက်တဲ့နွေ
ကိုယ့်ဘာသာ အစိုးမရ ပူပြလိုက် ငိုချလိုက်နဲ့ စိတ္တဇဆန်တဲ့နွေ ။

နွေ
နွေ
ရောင်စုံပက်ကြားအက်တွေကြားက
ဘဝတဏှာ အပြင်းစားတွေဆီ
ကျောသားရင်သား မခွဲခြား
သူ့သစ္စာတရားနဲ့သူ ဖြတ်လျှောက်သွားတဲ့နွေ။
လင်းဒီပ
၁၀.၀၄.၁၀

15 comments:

မေ့သမီး said...

မိုက်တယ်ကွာ။ ငါ့အကိုကတော့။ ဒါပေမယ့် မိုးစိုထားတဲ့ ပါတ်ဝန်းကျင်ကိုကြည့်ပြီး နွေကဗျာဖတ်ရမလို ဖြစ်နေတယ်နော်။ :D ဒါပေမယ့် မြန်မာနိုင်ငံမှာဆိုရင်တော့ ဒီကဗျာက တကယ့်အကိုက်ပဲ။

mirror said...

နွေက သစ္စာရှိလွန်းလို့တောင် ခက်နေတာ...
သူ့သဘောသူဆောင်ပြီး ဖြတ်သန်းနေတုန်းပဲ နော။

အော် ဒါနဲ့ ဥသြငှက်တွေနေစရာရှိပါတယ်။
ဒီညနေတောင် တရုတ်ဥယျာဥင်္ထဲမှာ
ကြားခဲ့သေးတယ်။ကြားချင်ရင် သွားခံစားဗျ။ :P

jr.လွင်ဦး said...

နွေမသိ ဆောင်းမသိတဲ့ နေရာကြီးမှာ..
အပူဆိုတာကလဲ တဒင်္ဂမဟုတ် ..
ကိုယ့်ဘ၀ ရောင်စုံပပ်ကြားအက်တွေကြားထဲ တချိန်လုံးကို ရှိနေတော့တာ..

မောင်ခင်လေး said...

ခေါ်သံလေးတစ်ခု အပူလောင်သွားတဲ့နွေ....
သူ့သစ္စတရားနဲ့ သူဖြတ်လျှောက်သွားတဲ့နွေ...
ကိုဒီပကို လောင်သွားတဲ့နွေ... :)
တစ်ပုဒ်လုံးကြိုက်တယ် :)

ahphyulay said...

အင်း...
ကဗျာလေးတွေ ဖတ်ရတာ လွမ်းမောဘွယ်
ကောင်းပါတယ်။ ရသ လေးတွေ ကို ပေးစွမ်း နိုင်ပါတယ်။
ကျွန်တော်က “ သံယောဇဉ်” နဲ့  ပတ်သက်ပြီး မှ
မွေးဖွား ခဲ့ ရသူ တစ်ယောက်မို့  ပိုလို့  တောင်ခံစား
ရမိပါတယ်လို့ ။

မမသီရိ said...

တစ်ဘဝလုံးစာ
တစ်ရာသီထဲနဲ့ ပူပေးလိုက်သလား စဉ်းစားမရတဲ့နွေ
တနေ့ခင်းလုံး လင်း….ဖြူ…ပြာ…ဝေ
နွေပီသချင်လွန်းတဲ့ နွေ….။

အဲဒီနွေက...
ညဖက်မှာတောင်
မျက်လုံးကြောင် အဆွေးတွေထပ်ဖို့
ညဥ့်ငှက်တွေ ထ အော်လို့..

နွေကြောင့်ပဲ ညဥ့်နက်နက်မှာ အလွမ်းတွေ ပို...

jr.လွင်ဦး said...

ခင်ဗျားစာလုံးပေါင်းမှားတာနဲ့ ကော်ပီကူးလိုက်တာ ကျုပ်ပါမှားသွားတယ်ဗျ။
eek!

လင်းဒီပ said...

အဲ ... ဆောရီးပါ မဂျူရေ... ကျွန်တော် အမှတ်လွဲနေတာ... :)

littlebrook said...

ကိုလင်းဒီပရေ ခင်ဗျားနွေကိုဖတ်ပြီး
ချက်ချင်းကို ရေထဲခုန်ဆင်းပစ်ချင်စိတ်ပေါက်သွားတယ်
ပီသပါပေ့ဗျာ နွေက လင်းလင်းထင်းထင်းကို ခုံးထလာတယ် ကတ္တရာလမ်းထဲကနေလေ ..

mirror said...

မရည်ရွယ်ပါဘူးလေ... တကယ်။

( ငါကွ)..ဘလော့နှင့် ခပ်လှမ်းလှမ်ရောက်မှ ထအော်ခြင်းဖြစ်သည်။

ကျော်ညိုသွေး said...

ကျောသားရင်သား မခွဲခြား
သူ့သစ္စာတရားနဲ့သူ ဖြတ်လျှောက်သွားတဲ့နွေ။

Anonymous said...

ငါ့ဦးထုပ်ထဲလာပြီး
ခုထိ ပြန်မသွားသေးတဲ့နွေ.......
မနော်ဟရီ

ရွှေပြည်သူ said...

ဖတ်စတုန်းက ပတ်ဝန်းကျင်က ချမ်းစိမ့်စိမ့်နဲ့... ဖတ်လည်းပြီးရော နွေကရင်ထဲကို ဖြတ်လျှောက်သွားသလို ခံစားလိုက်ရတယ်...

“တနေ့ခင်းလုံး လင်း….ဖြူ…ပြာ…ဝေ
နွေပီသချင်လွန်းတဲ့ နွေ….။”

ZIN MAR said...

ဟူး!

အခန်းက ပြူတင်းပေါက် မရှိရတဲ့အထဲ
ပူလိုက်တာဗျာ။

ရေနွေး said...

သြော်..နွေ..နွေ...၀န်ကျင်းတခုလုံးကို ခြောက်သွေ့သွားအောင် လောင်မြိုက်စေတဲ့နွေ...။ပူပြလိုက် ငိုချလိုက် စိတ္တဇဆန်တဲ့နွေ....။ ဖတ်ပြီးခံစားသွားပါတယ်ဗျာ..။