Tuesday, June 22, 2010
အပျော်တမ်းကဗျာဆရာ
အပျော်တမ်း ကဗျာရေးပါတယ် ။
အပျော်တမ်း ဓာတ်ပုံရိုက်ကြသူတွေလို
အပျော်တမ်း ခြေလျင်တောင်တက်ကြသူတွေလို
အပျော်တမ်း ကဗျာလေးတွေ ရေးတယ် ။
တချို့တွေကတော့
အပျင်းပြေရည်းစားထား သတဲ့
ကျွန်တော်ကတော့ အပျော်တမ်း ကဗျာရေးပါတယ် ။
အပျော်တမ်း ကဗျာရေးတော့ တချို့စာတွေ မတတ်ပါဘူး ။
အပျော်တမ်း ကဗျာရေးတော့
လူတွေအများကြီး ရှေ့လည်း ထွက်မရပ်ဖြစ်ဘူး ။
အပျော်တမ်း ကဗျာရေးတော့
စာလုံးမဲမဲကြီးတွေနဲ့လည်း နာမည်မကျော်ခဲ့ဘူး ။
အပျော်တမ်း ကဗျာရေးတော့
(ဟိုကောင်လေးတွေလိုလည်း)
စကားအကြီးကြီးတွေ ပြောစရာ မရှိခဲ့ဘူး ။
အပျော်တမ်း ကဗျာရေးတော့
အများကြီး မတွေ့ နည်းနည်းတွေ့
ဒါနဲ့တွေ့သလောက်ကလေး နည်းနည်း ရေးပါတယ် ။
အပျော်တမ်း ကဗျာရေးတော့
တခါတလေ ကိုယ့်ကဗျာလေးတွေ
တော်ကောက်ခံရတော့လည်း ပျော်ပါတယ် ။
ကဗျာဆရာက သေနတ်မကိုင်ဘူး ။
နျူကလီးယားလက်နက်တွေ မစမ်းသပ်ဘူး ။
ကုလားထိုင်ကောင်းကောင်းမရှိဘူး ။
ရေးသလို နေထိုင်ပြီး နေထိုင်သလိုရေးတယ် ။
အဲသလို ကဗျာဆရာအစစ်ကြီးတွေကို
ရိုသေလေးစားခြင်းနဲ့ ရိုးရိုးသားသား ကဗျာရေးပါတယ် ။
တကယ်တော့
အပျော်တမ်း ကဗျာဆရာပါ
အပျော်တမ်း ကဗျာရေးတယ်
ကိုယ့်ဝါသနာလေးနဲ့ကိုယ်
အကုသိုလ်ကင်းတယ်တော့ ထင်တာပဲ ။
လင်းဒီပ
၂၂.၀၆.၁၀
Thursday, June 17, 2010
ဖတ်မိတော့လည်း ကဗျာ(၁)
မနက်ဖြန် သူအိမ်ပြန်တော့မယ် ။
သူ ပျော်နေတယ်
အလုပ်ရှင်က အလုပ်လုပ်ခွင့် သက်တမ်း ထပ်မတိုးပေးတဲ့အတွက် ။
သူ ပျော်နေတယ်
ဒီတခါ လေယာဉ်ကြီးက သူ့မြေကို ပြန်ပို့ပေးမှာ ဖြစ်တဲ့အတွက် ။
သူ ပျော်နေတယ်
ချင်းနိုင်လေဆိပ်ကနေ ဇာတိမြေရောက်ဖို့
နောက်ထပ်ကားခြောက်နာရီလောက် ထပ်စီးရမှာလို့ ပြောရင်း…။
သူ့စကားသံက
ပျော်ရွှင်ခြင်းဒရမ်ကို ခပ်ကြမ်းကြမ်း တီးတယ် ။
သူ့မျက်လုံးရုပ်ရှင်ပိတ်ကားပေါ် မိသားစုထမင်းဝိုင်းလေး ပြနေတယ် ။
သူ့မျက်လုံးရုပ်ရှင်ပိတ်ကားပေါ် သူ့ချစ်သူ အမည်းရောင် အိန်ဂျယ်လ်လေး ကနေတယ် ။
သူ့မျက်လုံးရုပ်ရှင်ပိတ်ကားပေါ် စည်းမဲ့ကမ်းမဲ့ ကားလမ်းမတွေ ပြနေတယ် ။
သူ့မျက်လုံးရုပ်ရှင်ပိတ်ကားပေါ် ခပ်အိုအို မီးရထားကြီးထဲ လူတွေ တပျော်တပါး စီးနေတယ် ။
သူဝတ်နေကျ
ညစ်ထပ်ထပ် ရှပ်အင်္ကျီကလေးကို
လျှော်ဖွတ်လိုက်ရင် ဘာတွေ ထွက်လာမလဲ
ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်
လည်ချောင်းထဲ အခါခါလှောင်ထားတဲ့ တောက်ခေါက်သံတွေလား
ညတာ….တိုလွန်း
အိပ်မက်က…..ရှည်လျားလွန်းတဲ့ သူ့ညတွေလား
ငွေစကြေးစလေး နည်းနည်းပါးပါးအတွက်ပါ..
ဈေးကြီးလွန်းတဲ့ လူတန်းစေ့အင်္ကျီကလေး ဝယ်ဝတ်ဖို့ပါ ။
သူစီးနေကျ Safety Shoe ကလေးဟာ
ကွဲကွဲ အက်အက် နဲ့ အသံထွက်လာတယ်…
တက်ခဲ့တဲ့ အထပ်မြင့်တွေ
ဆင်းခဲ့တဲ့ တွင်းနက်နက်တွေ
လျှောက်ခဲ့တဲ့ ညစ်ပတ်ပေရေ လမ်းတွေ
ငွေစကြေးစလေး နည်းနည်းပါးပါးအတွက်ပါ..
ဈေးကြီးလွန်းတဲ့ လူတန်းစေ့အင်္ကျီကလေး ဝယ်ဝတ်ဖို့ပါ ။
သူ့စကားတွေ သူပြန် နားထောင်ရင်း
သူ့မျက်လုံးရုပ်ရှင်ကားလေး သူ့ဘာသာ ပြန်ကြည့်ရင်း
သူ့ရှပ်အင်္ကျီကလေး သူ့စိတ်ကူးနဲ့ သူလျှော်ဖွတ်ကြည့်ရင်း
သူ့ ဖိနပ်ကလေးအကြောင်း သူ စဉ်းစားရင်း
အိန္ဒိယ အလုပ်သမားလေးဟာ ပျော်နေတယ်
မနက်ဖြန် သူအိမ်ပြန်တော့မယ် ။
သူ့အလွမ်းတွေ
မှော်အောင်သွားတဲ့အကြောင်း တွေးရင်း
ကျွန်တော်လည်း ပျော်နေခဲ့တယ် ။
လင်းဒီပ
၁၇.၀၆.၁၀
Wednesday, June 9, 2010
မြို့ပြရင်ကွဲနာ
လေယာဉ်က မြိုတော်နားတဖြည်းဖြည်းနီးလာတော့ ပြတင်းမှ ငေးကြည့်မိသည် ။ နေ့လည်နေရောင် အောက်မှာ သွပ်မိုးထားသည့် အိမ်ကလေးတွေက မျက်စိကျိန်းဖွယ် လင်းနေသည် ။ နောက်လယ်ကွက်ကလေးတွေပေါ်မှာ တိမ်ရိပ်တွေ ကျနေတာ ငုံ့ငေးမိသည် ။ လယ်ကွက်ကလေးက လေယာဉ်ကလေးကို သိမ်ငယ်စွာ နေရောင်ပြင်းပြင်းအောက်မှ မော့ငေးကြည့်နေသယောင် ခံစားမိသည် ။ လယ်ကွက်ကလေးက လေယာဉ်လေးကို ကျော့ကျော့လေး ပျံနေတာ ရယ်လို့ သူ တွေးကောင်းတွေးမည် ။ လေယာဉ်လေးခမျာလည်း သူပျံသန်းလာရတဲ့ လမ်းတလျှောက် သူ့အခက်အခဲ သူ့အပူအပင်တွေနှင့် ဆိုတာ လယ်ကွက်ကလေး နားလည်ပါ့မလား မသိ ။ အားလုံးဟာ ကိုယ်ပိုင်ဒုက္ခတွေနဲ့ ချည့်ပါ လယ်ကွက်ကလေးရယ် ။
လေယာဉ် ငြိမ့်ကနဲ ဆင်းချသွားတော့ မြင်နေကျ မြိုတော်လေဆိပ်မြင်ကွင်းတွေ ။ မြို့တော်က ကျွန်တော့်ကို အပူနှင့် နွေးထွေးမှု ပေးသည် ။ ဘယ်သူ ဘာပြောမလဲကွယ် ။ ဒါကျွန်တော့်ရဲ့ အမြဲတမ်းမြို့တော်ပါပဲ ။ နေပူပူ မိုးရွာရွာ… အိုကွာ ဘာတွေပဲ လာလာပေါ့ …။ ဒါဆို ဘာလို့ အဝေးမှာ သွားနေလဲ လို့ မြို့တော်က ကျွန်တော့်ကို ပြန်မေးရင်… အင်း …. ရုပ်ဝတ္တုတို့ဆီ လိုက်ရင်း ပြေးရင်း ဖိနပ်လည်း ပါးတော့မယ် ….
“ပြီးခဲ့တဲ့ရက်က အရမ်းပူနေတာ ။ မနေ့က မှ မိုးစရွာတာလေ ။”
ကေဘယ်ကြီးတွေကို ထမ်းထားသည် တာဝါတိုင်ကြီးတွေကို ကြည့်ရင်း တွေးမိသည် ။ သူတို့ပေါ်မှာ ဖြတ်ပြေးနေသည် high voltage ရှိပါရဲ့လား ။ ကြီးကောင်ကြီးမားနှင့် ကလန်ကလားရပ်နေရင်း ဘာအလုပ်မှ မရှိတော့ အားနာနေသလို တာဝါတိုင်ကြီးတွေက ကျွန်တော့်အကြည့်မှာ အိနြေ္ဒမရ ဖြစ်နေသည် ။ (ရှက်စရာ မလိုပါဘူး တာဝါတိုင်ကြီးတွေရယ် မင်းတို့ အပြစ်မှ မဟုတ်တာ….)
(ခ)
မေမေ့ခြံကလေးထဲ ဝင်လိုက်တော့ အားလုံးက သူ့ကို လှိုက်လှိုက်လှဲလှဲ ကြိုကြသည် ။ မေမေကတော့ ထုံးစံအတိုင်း ထမင်းစားဖို့ အတွက် အစုံအလင် ။ လယ်ကွက်ကလေးက လေယာဉ်ကလေးကို လှမ်းကြည့်သည့် မျက်လုံးမျိုးနှင့် ဝမ်းကွဲ အစ်ကို အစ်မတွေ ညီ ညီမတွေ က သူ့ကို ကြည့်သည် ။ ဘာမှ မဟုတ်ပါဘူးကွာ ။ နွားတစ်ကောင် ချည်တိုင်ဆီ ခဏပြန်လာတာပါ လို့ စိတ်ထဲမှ ပြောမိပြန်သည် ။
သားပြန်လာမယ်ဆိုလို့ မင်းအဖေက ဓာတ်မီးတွေ အများကြီး ဝယ်ထားတယ် ။ မီးမှောင်ရင် မင်းနေတတ်မှာ မဟုတ်ဘူး ။ မေမေက စားပွဲပေါ်ရှိ LED တရုတ်ဓာတ်မီးလေးတွေကို ပြရင်း ပြောသည် ။ အိမ်ကို ဝင်တဲ့ မီးလိုင်းတွေက အတော်စုံနေသည် ။ ဒါက အင်ဗတ်တာ …ဒါက ရပ်ကွက်ထဲက ယူထားတဲ့ ည (၁၁) နာရီထိ စက်မီး ။ ဒါက EPC မီး ။ကျွန်တော့်ကုတင်ပေါ်မှာ အိပ်ရာလေးက အဆင့်သင့် ။
ညနေစောင်းတော့ လေဆိပ်လာကြိုသည့် ဖြူလေးကို အိမ်ပြန်ပို့ရင်း မြို့ထဲ လမ်းတွေပေါ် လျှောက်မိပြန်သည် ။ ရန်ကုန်သူတွေ ပိုလှလာတယ်လို့ ဖြူလေး မမြင်အောင် တွေးမိသည် ။ကားလမ်းပေါ်တက်လျှောက်နေသည့် လူများ ပလက်ဖောင်းအပြည့် နေရာယူထားသည့် လမ်းဘေးဈေးသည်များ ပလက်ဖောင်းပေါ် စီစီရီရီ ချထားသည့် မီးစက်ကြီးများကို ရှောင်ကွင်းရင်း လျှောက်ရတာကိုက ရန်ကုန်အရသာလို့ပဲ ပြောရမည် ထင်သည် ။ မြို့ထဲက လမ်းဘေးဆိုင်လေးမှာ မာလာဟင်း ကြက်ခြေထောက်သုပ် ဝက်ခေါင်းသုတ်နဲ့ ကျောက်ပွင့်သုပ်ကို ထမင်းလွတ်စားမိသည် ။
(ဂ)
ဖြူလေးက အလုပ်ဆင်းချိန် လာကြိုဆိုတော့ ညနေစောင်း သူတို့ ဆိုင်နားမှာ သွားစောင့်နေတုန်း မိုးက သည်းသည်းမဲမဲ ရွာချလာသည် ။ မိုးရွာတော့ လမ်းတွေပေါ်မှာ ရေတွေ ပြည့်ကုန်ပြီ ။ ဖြူလေးကတော့ မြို့တော်သူ ပီသစွာ ဘောင်းဘီကို ကျနစွာ ခြေသလုံးရင်းထိ လိပ်တင်ပြီး မိုးကာအင်္ကျီကလေးနှင့် တစ်ဖက်က ထီးကိုင် တစ်ဖက်က ထမင်းချိုင့်ကို ကိုင်ရင်းထွက်လာသည် ။ “အဲဒီဘောင်းဘီက ဘာလို့ မခေါက်တာလဲ ။ ခေါက်တင် ။ ပဲများမနေနဲ့ ။” ဆိုပြီး လှပတဲ့ ရာဇသံလေး ပေးသည် ။ ကျွန်တော်တို့ ဖြတ်သန်းရာ မှောင်ရီပျိုးစ အနော်ရထာလမ်းတလျှောက်မှာ မြို့တော်သူ မြို့တော်သားတွေ ပုဆိုးမ လုံချည်မ ဘောင်းဘီခေါက် ဖိနပ်တွေကိုင်သူကိုင်နဲ့ ချိုင့်တွေ အပေါက်တွေ ရှောင်ကာ အမှောင်ထဲ ကိုယ့်လမ်းကိုယ်စမ်းရင်း လျှောက်နေကြသည် ။ မိုးကာအင်္ကျီအောက်မှာ မျက်နှာလေးပဲ ဖော်ထားသည့် ဖြူလေး မီးမထွန်းဘဲ လှနေသည့် မြို့တော်ကြီး နှင့် မကြာခင်မှာ ကျွန်တော်လည်း တသားတည်းကျ သွားပြီ ။ တကယ်ဆို ဖတ်တတ်ရင် ကဗျာတွေချည်းပဲ မဟုတ်လား ။
နောက်တစ်နေ့ မြေအိုးမြီးရှည်ဆိုင်မှာ ပိုက်ဆံရှင်းတော့ ထောင့်ကိုးရာကို …တစ်ရာပြန်မအမ်းဘဲ Nestle Coffeemix တစ်ထုပ်အမ်းသည် ။ ငါးဆယ်ဆို Snow White Tissue တစ်ထုပ် သို့မဟုတ် တုတ်ထိုးသကြားလုံးလေးတစ်လုံး ပြန်အမ်းသည် ။ ကြေးအိုးဆိုင်ကြီးတစ်ဆိုင်ကတော့ တစ်ရာ့ငါးဆယ်အစား သူ့တို့ဆိုင်တံဆိပ်ပါသည့် ဘောလ်ပင်တစ်ချောင်းနဲ့ tissue တစ်ထုပ်အမ်းသည် ။ တစ်ပတ်လောက်နေတော့ ကျွန်တော့်မှာ အတော် စုမိဆောင်းမိဖြစ်လာပြီ ။ တစ်ရှုးတွေ ကော်ဖီမစ်တွေ ဘောလ်ပင်တွေ ။ သကြားလုံးလေးတွေ ။ပြီးတော့ာ ချစ်သူ့ပါးကလေးလို့ ဖွဖွကလေး ထိကပ်ရသည့် တစ်ရာတန် နှစ်ရာတန် ငွေစက္ကူလေးတွေလည်း ရှိလာပြီဖြစ်သည် ။
ရွှေတိဂုံဘုရားပေါ်တက်လိုက်တော့ Shopping Mall ထဲ ဝင်လိုက်တော့ ရုပ်ရှင်ရုံထဲ ဝင်လိုက်တော့  ကျွန်တော့်လုံခြုံရေးအတွက် Scanner ထဲက ဖြတ်သွားရသည် ။ Scanner ထဲက ဖြတ်ပြီးတော့မှ ကိုယ့်ကိုကိုယ် လုံခြုံသွားပြီလို့ ခံစားမိသည် ။ ရွှေတိဂုံတောင်ဖက်မုဒ်ကတော့ လှေကားထစ်တွေ ရေလို ကောင်းနေတုန်းပါပဲ ။ ဘုရားပေါ်က ပြန်ဆင်းတော့ လူကူမျဉ်းကျားမှ ကားတွေ ရပ်ပေးမလားလို့ ကြောင် မိသေးသည် ။ ကားဦးကားဖြတ် လူဦးလူဖြတ်စနစ်ကို မေ့နေတာရယ်လေ ။
ဖြူလေးအဒေါ်အိမ်သွားမယ်ဆိုပြီး ကားငှားတော့ ကားဆရာက ဒီတံခါးက ပျက်နေတယ် အစ်ကို ။ ဟိုဘက်က တက်လိုက်ပါ ။
သူပြောတဲ့ ကောင်းတဲ့တံခါးကလည်း မ,ပြီးမှ ပိတ်လို့ရသည် ။ကျွန်တော့်တို့ဆယ်တန်းလောက် ဆလွန်းတက်စီတွေ ပေါ်ကာစက ကားထဲ ဝင်လိုက်တာနှင့် မွှေးပြီး အဲကွန်းတွေလည်း ကောင်းသည် ။အခုလိုလည်း အနောက်ဖက်ပိုင်းမှာ ဖုထစ်နေသည့် စီအန်ဂျီယဉ်ကျေးမှု မထွန်းကားသေး ။ ဖြူလေးက အထဲတော့ ဝင်ရတယ် လမ်းက ကောင်းပါတယ် ဆိုတာ ကားဆရာ ယုံပြီး လိုက်လာသည် ။ နှစ်လမ်းမောင်းကားလမ်းကလေးမှာ ကားဆရာ ချိုင့်တွေကို ဘယ်လေးဝိုက်လိုက် ညာလေးဝိုက်လိုက်နဲ့ ကားမောင်းသင်သလို မောင်းနေရသည် ။ ကျွန်တော်မူလတန်းကျောင်းသားဘဝက ပါပလေကာကျောင်းကားလေး ချိုင့်တွေ ရှောင်ကာ ကွေ့ကာ မောင်းနေတာ ပြန် အမှတ်ရသည် ။ ကြည့်ပါဦး ရန်ကုန်လမ်းတွေက အခုထိ ရိုးရာကို ထိမ်းသိမ်းထားတုန်း ။
(ဃ)
“အင်းယားဘက်လျှောက်ရအောင်နော်”
ဖြူလေးပြောတော့ ကျွန်တော် မငြင်းမိ ။
အင်းယားကန်ဘောင်ပေါ်က A21 ခုံလေးတွေမှာ ခုံပြည့်ခုံလျှံ ။ ကန်ဘောင်ပေါ်မှာ လျှောက်ဖြစ်ကျတော့ ငယ်ငယ်တုန်းက အချိန်တွေ ပြန်အမှတ်ရသည် ။ ငယ်တုန်းကလို ရင်မခုန်တတ်တော့ ။ ဘယ်ရည်းစားကို လွမ်းနေပြန်တာလဲလို့ ဖြူလေးက မချိုမချဉ် စသည် ။ဘဝမှာ တချို့အလွမ်းတွေက မနိုင်တော့လို့ လွတ်ချပစ်ခဲ့တာ ဖြူလေးကို ပြန်မပြောပြချင်ပါ ။
ဘဝရဲ့ အမျိုးမျိုးသော ရှုမျှော်ခင်းတွေကို ရင်ထဲထည့်မိပြန်သည် ။ စိတ်တွေက ဝေးသွားလိုက် နီးလာလိုက် ။ ဘယ်လိုဆုံးမယ် မသိတဲ့ ခရီးထဲ ဘယ်လောက်ရှင်သန်ချိန်ရမယ် မသိတဲ့ ဘဝထဲ ချစ်သူခင်သူတွေကို ထားခဲ့လိုက် ပြန်လာကြည့်လိုက် ။ ကျွန်တော့်ရှင်သန်ခြင်းဟာ အဓိပ္ပာယ်ရှိခဲ့ပါရဲ့လား ။ ကျွန်တော်ဘာတွေလိုချင်လို့ အဝေးကို သွားနေတာလဲ ။ ကျွန်တော်လိုချင်တာတွေကော တကယ်ရပါရဲ့လား ။ ဘယ်လောက်ကြာရင် ပြန်လာခဲ့လို့ရမလဲ ။ လူဆိုတာလည်း ကိုယ့်စိတ်ထဲမှာ ကိုယ်ပြန်ပြီး အကျဉ်းကျနေတတ်တာ မဟုတ်လား ။ စိတ်ကို ပြင်လိုက်ရင် အားလုံးကို ပြင်လို့ ရပြီ ။
“မနက်ဖြန် ပြန်တော့မယ်နော်”ဆိုတဲ့ စကားတခွန်းကို အရည်လဲ့နေတဲ့ ဖြူလေးမျက်လုံးတွေကို ကြည့်ရင်း ကျွန်တော် ဘယ်နှခါ ထပ်ပြောရဦးမှာလဲ ။ တိမ်ဆိုးလေးကို ဝေးလွင့်ခွင့်ပြုပါဦးကွယ်…။
လင်းဒီပ
၀၉.၀၆.၁၀
Friday, June 4, 2010
ကစားဖော်
တစ်ဝိုင်းထဲ ကစားရမယ်ဆို
တစ်ဘဝလုံး ရင်းရ ရင်းရ ။
နှုတ်ခမ်းကလေး ဖွဖွကိုက်ထားပုံလေး
ဖဲချပ်ကလေးတွေ ဖြည်းဖြည်းချင်း ပွတ်သပ်နေပုံလေး
ကစားဖော်တွေ မျက်နှာရိပ်ကို ဖတ်ဖို့
အကြည့်ကလေး ဝေ့ဝဲလိုက်ပုံလေး
ကိုးပူးလေးနဲ့ ဟန်ပါပါလေး ဟောက်ထုတ်လိုက်တာလေး
ကိုယ့်ဖဲချပ်ကလေးတွေ ရှေ့ရေး
တွေးဖို့ မေ့နေလောက်အောင်
ငါ့,မလည်း
မင်းမျက်နှာဂျက်ကွင်းကင်းလေးနဲ့
အလုပ်တွေကို များလို့။
မင်းမှောက်ဖဲလေး ဂုဏ်သိက္ခာ အတွက်
တစ်ဘဝလုံးပုံအောထားတဲ့ ကစားသမား
ဒီတစ်ဘဝရှုံးရင်
နောက်ထပ် ဘဝ ဘဝတွေ ထပ်ထည့်မယ် ။
မရင်းရဲတဲ့ လူတွေက အလျှိုလျှို ထွက်သွား
ဥာဏ်များလိုက်စမ်း မြေခွေးမလေးရယ်..
မင်း…ဘာတွေ ပုံအောရဲမလဲ ။
ဥာဏ်နဲ့ကံနဲ့ ကစားရတဲ့ ကစားနည်း
ကြွေတလှည့် ကြက်တခုန်
အလည်မှာပုံထည့်ထားတဲ့ မင်းဘဝနဲ့ ငါ့ဘဝ
(ငါ) ရင်တွေ ခုန်လှရဲ့ ။
လင်းဒီပ
၀၂.၀၆.၁၀
Friday, May 21, 2010
ကျွန်တော့် အေတူဇက်ကလေး(၂)
မနေ့ညက A ကနေ O အထိ ကဗျာဆယ့်ငါးပုဒ်တွဲပြီး တင်လိုက်တာ ဖတ်ပေးကြတဲ့အတွက် အတော်ပျော်မိပါတယ်။ ကျွန်တော်က ကဗျာသမားဆိုတော့ ဧည့်သည်ကို ဧည့်ခံစရာ ကဗျာကလေးတွေပဲ ရှိပါတယ်ဗျာ။ အခု ကျန်တဲ့ P ကနေ Z အထိ တင်လိုက်ပါတယ် ။ ဒီတခါတော့ နည်းနည်းရှည်တဲ့ ကဗျာလေးတွေ ရွေးထားပါတယ် ။ဆက်ဖတ်ပေးကြပါဦးနော် ။
P Pain
ကြေးစား
မွန်းကျပ်နေရတဲ့အထဲ
အိမ်အပြန် အလုပ်သမလေးရဲ့
ဣနြေ္ဒသိက္ခာကို
မထိပါးလိုဘူး ။
‘လော်ရန်ဇို’ ဆက်တီပေါ်မှာ
မာတီနီနဲ့ ဇိမ်ကျနေတဲ့
ကျားသစ်မတွေရဲ့ သွေးညှီနံ့ကိုသာ
တစိမ့်စိမ့် အရသာခံချင်တယ် ။
ကြိုက်ရင်ခေါ်လိုက်လေ
ကော်ဖီတစ်ခွက်နဲ့ လိုက်ခဲ့ဖို့ ဝန်မလေးသူ
သူ့နာမည်က ‘မိုဃ်းဇော်’
ဒါမှမဟုတ်
ခေတ်ကြီးရဲ့ တန်ဖိုးအကြီးဆုံး ယဇ်ကောင်တဲ့ ။
မိုဃ်းဇော်
Q Quill
အလင်္ကာ
ထိတွေ့စမူ
နားဝမှာလျှင် ၊ ကျယ်လောင်သွင်တည့်
မြင်လိုက်သည့်ခါ ၊ အာရုံမှာလည်း
မှုန်ဝါးမစင် ၊ ဝိုးဝါးထင်၏
ပဲ့တင်သံကား ၊ တိမ်တိုက်ကြားဝယ်
လွင့်ပါးလှိုင်းဝေ ပမာတည်း။
ခံစားတတ်မူ
မြင့်မြတ်ပညာ ၊ အလင်္ကာကား
မြင်ရာကြားမှု ၊ အာရုံစုကို
မနုမရိုင်း ၊ ပဲ့တင်လှိုင်းဖြင့်
လွင့်တိုင်းသံလွင် ၊ ကြည်ဘဝင်မှာ
ယဉ်ယဉ်ငြိမ့်ငြိမ့် လှသတည်း။
ဒဂုန်တာရာ
R Remembrance
အချစ်ဦး
တစ်သက်တစ်ခါ တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့် ငုံအဆင်မို့
ရင့်လို့ပဲဝါ၀ါ...
ညှာတံပဲပြုတ်ပြုတ် ဖြုတ်ခနဲပဲကြွေကြွ..
မြေမှာပဲရောက်ရောက်.....
ဖွဖွလေးကောက်လို့...
ပန်းခြောက်ကလေးပဲ မြတ်နိုးမယ်...
မောင်စိန်ဝင်း(ပုတီးကုန်း)
S Slave
ချစ်သူ
ကိလေသာ အအေးဓာတ်တို့
အရိုးထဲ ပတ်ဖွဲ့လာတဲ့အခါ
စောင်တစ်ထည်ထဲ တို့နှစ်ယောက်ခြုံကြတယ် ။
အချစ်ရယ်
ဒါဟာ ဘုရားမကြိုက်တဲ့ ကိစ္စပါလို့ မင်း ကမပြော
ဒါဟာ ရှောင်လွှဲမရနိုင်တဲ့ သဘာဝတရားကြီးပါလို့ ငါက မဆို
ရင်ခုန်ကြရုံသက်သက်ပဲ
ပြီးတော့
တစ်ယောက်ကို တစ်ယောက်
ကမ္ဘာထဲက ကန်ထုတ်ကြပြန်ရော ။
မိုဃ်းဇော်
T Truth
ကိုက်လမ်း
ငါဟာ
ကမ္ဘာကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ
နေ့စဉ်နေ့စဉ်
ငါ့ ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း
သစ်ပင် မြက်ပင်ငယ်လေးတွေကို ကိုက်ကိုက်ပြီး
ငါ ထွက်လာခဲ့မြဲ
ခု…
လူနဲ့ ခွေးများ တောခြောက်ကြ
အပြေးအမြန် ငါ့ကိုက်လမ်းလေးအတိုင်း ပြန်လာခဲ့ရာ
ပိုက်ထဲ
ငါ့သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့ ။
မောင်ချောနွယ်
U Universe
အ နေတဲ့လက်
မှော်အဝင်လွန်နေတဲ့ကဗျာ
တစ်ပုဒ်လုံးပြိုပြိုကျနေ….
အမေ
အိုင်လွယ်ပန်
Idea, May 2010
V Villian
စစ်
ကောင်လေးက
အုန်းလက်နွားလေး စီးလို့
အမေပျောက်ကို ရှာတယ်
ကောင်မလေးက
ကျောက်တုံး ပြက္ခဒိန်လေးဆောက်ပြီး
အဖေ့ ..
လာလမ်းကို မျှော်လို့ ။
သူရနီ
W Worthy
ကာလတန်ကြေး
ဝတ်လစ်စလစ်
ချစ်စရာဟန် နိုင်ငံခြားဖြစ်
ပလစ်စတစ် တစ်ရုပ်…
ကားရှေ့ချိတ်ရန် တန်ဖိုးငွေကြေး
ရာကျော်ပေး၍ ဈေးတည့်ဝယ်သူ ပေါ်လာချိန်…
ပလက်ဖောင်းဘေးမှာ…
ညကြေးငါးဆယ် ရောင်းဝယ်မဖြစ်
လူအစစ်မူ…
ဈေးစစ်ခံနေရတကား ။
မောင်စိန်ဝင်း(ပုတီးကုန်း)
X (Roman numeral for 10)
2010
???????????
Y Yesterday
နှုတ်နှေးခဲ့သည်
မောင်နဲ့တွေ့လျှင်
ချမ်းမြေ့ပျော်လည်း သူဝမ်းနည်းပြန်
မသဲမကွဲ နှစ်ယောက်တည်းပင်
မိုးဖွဲ့နုညက် ဆံနွယ်ခက်ကြား
တစ်စက် တစ်စက် လျောသက်တွယ်ခို
ညို့ညို့လဲ့မှောင် ကော့မျက်တောင်မှ
ဝေ့ယောင်သီဝဲ မျက်ရည်ပဲလား
မသဲမကွဲ မိုးရေပဲလား
ဆိုရဲခက်ခက် မမေ့ရက်လို့
ပင့်သက်ပူနွေး မှိုင်မောငေးဆဲ
နွဲ့ထွေးနှမ ပြုံးအေးမြတော့
နောင်တနောက်ကျရပြန်သည် ။
ကြည်အေး
Z Zero
တကယ့်ကဗျာ
ပြိုတော့မယ့် တိုက်အိုကြီးပေါ်မှာ
မပြိုပါဘူး တွေးပြီးနေတာ
ငါတို့အရည်အသွေးပေါ့။
ဘုရားပန်းလဲတယ်
သောက်တော်ရေကပ်တယ်
ဆွမ်းတော်တင်တယ်
စိတ်ကိုချမ်းသာနေတာပဲ။
သုခမိန်လှိုင်
Idea, April, 2009
ပြီးအောင် ဖတ်ပေးသွားတာ ကျေးဇူးအများကြီးတင်ပါတယ် ။ ဒီလို စုစည်းဖြစ်သွားအောင် တဂ်လိုက်တဲ့ အစ်မ မနော်ကိုလည်း အထူးကျေးဇူးတင်ပါတယ် ။ ဒီပိုစ့်ထဲက ကဗျာတွေအတွက် မူရင်းကဗျာရေးသူများဆီ အတတ်နိုင်ဆုံး အသိပေးခဲ့ပါတယ် ။ အသိပေးဖို့မလွယ်တဲ့ ဆရာ ဆရာမကြီးများကို ဒီနေရာကနေ လေးစားစွာ ဦးညွှတ်ပါတယ် ။ ကျွန်တော် နေ့စဉ် ရှင်သန်မှုထဲမှာ ဒီကဗျာတွေက အဓိကကျတဲ့ဇာတ်ကောင်တွေမို့ပါ ။ ကျွန်တော် ကဗျာတွေကို ချစ်တယ် ။ မချစ်တတ်သေးတဲ့ လူတွေကိုလည်း ချစ်တတ်အောင် ဆွဲခေါ်ချင်ပါတယ် ။ဘဝတွေ နေကောင်းထိုင်သာရှိဖို့ပါ ။
ဒီလအတွက်တော့ ဒီပိုစ့်က နောက်ဆုံးပိုစ့်ပါ ။ နောက်လမှ ပြန်ဆုံကြပါစို့ရယ် ။ဂျွန်လရဲ့မိုးရေစက်များထဲမှာ ပေါ့ဗျာ.. :P
မောင်နှမအားလုံးကို ခင်မင်လေးစားစွာ
လင်းဒီပ
၂၁.၀၅.၁၀
Thursday, May 20, 2010
ကျွန်တော့် အေတူဇက်ကလေး (၁)
အစ်မ မနော်တဂ်ထားတဲ့ A to Z ကို ကဗျာတွေနဲ့ ကြိုးစားရေးကြည့်ပါတယ်။ ရှည်သွားလိမ့်မယ် ထင်ထားတာထက်ကို ပိုရှည်သွားလို့ နှစ်ခု ခွဲတင်လိုက်ပါတယ် ။ကျွန်တော်လည်း နားနားပြီး ရေးထားပါတယ် ။ နားနားပြီး ဖတ်ပေးပါ ။ ကြိုက်တဲ့ကဗျာလေးတွေကို ပြန်စုပြီး တွဲ တင်လိုက်တာပါ ။ ကဗျာဆရာပေါင်းစုံရဲ့ ကဗျာလေးတွေ ဖတ်ဖြစ်သွားတယ်ဆို ကျွန်တော့် အေတူဇက်ကလေး အွန်လိုင်းတက်လာရကြိုးနပ်ပါရဲ့ ။
A Artist
ကဗျာဆရာ
လျှာပေါ်မြက်ပေါက် အနက်ကောက်ရင်း
အာခြောက်လာလို့
ဘီယာတစ်ငုံ သောက်လိုက်တယ် ။
မောင်စွမ်းရည်
B Blue
ပင်လယ်
မြစ်တွေက
ငါ့ဆီရောက်မှ
ချစ်ခြင်း ဆုံခွင့် ရသတဲ့။
ငါကတော့
အဖော်မဲ့ပေါ့ ။
နီမာရှင်း
C Cowboy
နွားကျောင်းသား
တစ်မျှော်တစ်ခေါ်
ကွင်းပြင်ကြီးထဲ
ရွှင်မြူးဖွယ်နေ့တစ်နေ့ကို
အော်ခေါ်ကြည့်မိတာ
ခလောက်သံ ပြန်မကြားရဘူး
သီချင်းမသီဖြစ်ပါ
အရွက်မဲ့ သစ်ပင်အောက်မှာ
အိပ်မက်တွေ လွှတ်ကျောင်းထားပေမဲ့
မိုးမကျသေးတာမို့ ။
အိုအောင်
D Day
ပဉ္စလက်
မနက်ခင်းကလည်း
ချက်နို့ဆီနဲ့ အရောတဝင်ဖြစ်လို့
အီကြာကွေးသေးသေးလေးနဲ့ စစ်ပြေငြိမ်းလို့
သတင်းစာတွေက လက်မထပ်ပဲ အတူနေလို့ ။
နေ့ခင်းကျတော့…
ရေလိုက်ငါးလိုက်ဝါဒကို မျက်မှန်တပ်လို့
အစာအိမ်ကို ဗြူတီဆလွန်းပို့ရ
မျှော်လင့်ချက်နဲ့ စစ်တုရင်ထိုးရနဲ့
(သူပဲ ပွဲတိုင်းရှုံးလေ့ရှိတယ်)
လူဆိုတာ…
စနစ်တကျ ပျက်စီးတတ်ဖို့ပဲ လိုတယ်
ညကျရင်
ဂျနီဖာလိုပက်ကို
အိပ်မက် မက်ပစ်မယ် ။
သစ္စာနီ
E Error
ခေါင်
ထုပ်၊ လျောက်၊ ဒိုင်း၊ မြားတို့အပေါ်
တလေးတစား ထမ်းတင်ထားတာ
ခန့်ခန့်ကြီးထိုင်နေဖို့တော့ မဟုတ်ဘူး
ရှိစုမဲ့စု အိမ်ရဲ့ အစိတ်အပိုင်းအားလုံးနဲ့
လူလူသူသူ ထိပ်မှာရွက်ထားတာ
ဝင့်ကြွားဖို့ သက်သက်တော့ မဟုတ်ဘူး
စကားဆိုတာ များများပြောဖို့ မလိုဘူး
ပြောလိုက်တဲ့ စကားတိုင်း
မှန်နေဖို့ပဲ လိုတယ်
အမြင့်ပိုင်းမှာ နေသာပြီး
အနိမ့်ပိုင်းမှာ ထစ်ချုန်းနေတဲ့ ရာသီဥတု
ဘယ်သူက ပြုစားလိုက်တာလဲ
ရေဒဏ်မိုးဒဏ်တွေနဲ့
အိမ်ရဲ့ အသံကလည်း တိမ်နေပြီ
နေစားလေစားနဲ့
အိမ်ရဲ့ အရောင်အသွေးကလည်း မှိန်နေပြီ
ခေါင်ကသာ
နည်းမှန်လမ်းမှန်နဲ့ ကာကွယ်စောင့်ရှောက်ပါစေ
အိမ်ဟာ ပန်းတွေဝေအောင်ပန်လို့
ခေါင်းကို မော့နေအောင်ထောင်ပြလိမ့်မယ်
တစ်ခုတော့ရှိရဲ့
ခေါင်က ခေါင်မမည်သရွေ့တော့
အိမ်ကလည်း အိမ်စဉ်မှီဦးမှာ မဟုတ်ဘူး ။
ညိမ်းညို
F Fire
…….
…….
နှလုံးသားတစ်ရပ်စာ မြင့်တဲ့
မျှော်စင်တစ်ခုဆောက်ပြီး
ကမ္ဘာဦးအစကို လှမ်းကြည့်လိုက်တယ်
မီးကို စတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်နေရဲ့ ။
(မောင်သိန်းဇော်)
G Green
သူမ
ကောက်နှံပြည့်လယ် ၊ စန္ဒကူးတော
မြင့်မားသော ရယ်သံ ၊ အတိုင်းမသိ လျှို့ဝှက်ချက်များ
သုံးရာသီရေတံခွန် ၊ နတ်သမီးပုံပြင်
ကြီးမြတ်သောဝါကျ ၊ သမားကောင်း ၊ ဓားတစ်လက်
အိုအောင်
H Home
အိမ်
ပလတ်စတစ် အကြည်သားပေါ်
တိမ်တွေရေးဆွဲချလိုက်ပြီး
တိမ်အိမ်လေးဆောက်ခါ ဝင်လိုက်မိ
ဘယ်လိုမှ ပြန်ထွက်လို့ မရတော့ဘူး ။
မောင်ချောနွယ်
I Innocent
ပတ်ဝန်းကျင်
မုန်တိုင်းထန်မှ ပန်းကြွေကျတာ
မဟုတ်ပါဘူး လေရူးဝေ့ရုံ
နှင်းထန်ရုံနဲ့ ပန်းငုံလေးတွေ ကြွေတတ်ပါတယ် ။
မောင်စိန်ဝင်း(ပုတီးကုန်း)
J Justice
တော်လှန်ရေး
ဆူးစူးဝင်၍ အပ်နှင့်ထွင်သည်
အသင်ဘာပြောချင်သနည်း ။
မောင်သာရ
K Knight
သူ့ရေတွေ ဖောက်ချခံနေရတဲ့ ငါး
ငါးဟာ
အပျင်းပြေ အသတ်ခံဖို့အတွက်တော့
နွံအိုင်ကို ခံတပ်လုပ်မနေဘူး....
သူ့အကြေးခွံ လှန်မပစ်နိုင်သေးသ၍...
သူ့ယုံကြည်ချက် ရွှံ့တွေ နွံတွေကြား
သူ့သစ္စာတရားကနေ
ပတ္တမြား ထပွင့်နိုင်ကြောင်း ပြလိမ့်မယ်။
အိန္ဒြာ
(၁၃.၃.၂၀၁၀)
L Life
သစ်ခုတ်လှေ
ပုခက်လုပ်နေတဲ့လှေကလေး
ပင်လယ်လှိုင်းများ ပုတ်ခတ်ကျီစယ်
အမေ့လက် ရေပက်ခွက်မှာ မောဟိုက်နေပေါ့
အဖေ တက်ခတ်ရင်း
သမားရိုးကျ သီချင်းတစ်ပုဒ်ဆိုတယ်
သား ဘယ်ကမ်းခြေမှာ ငိုရမလဲ ။
မိုးသစ်
ရုပ်ရှင်တေးကဗျာ
Oct 1997
M Mistake
မရီရတဲ့ကဗျာ
အမြစ်ကိုထိလို့မှ မနာတတ်ရင်
အသီးအကြောင်း မပြောကြကြေး။
ကြက်သွန်တွေနာတတ်သလားဆိုပြီး
တလွှာချင်းခွာကြည့်မိတယ်
သူတို့ကတော့ ဗလာ
ကိုယ့်မှာသာ မျက်ရည်တွေကျလို့ ...။
တင်မင်းထက်
N Native
နောက်ဆုံးခံတပ်
ရန်ကုန်အကြောင်းဆို
သွေးမတိတ်လို့ ငါ့သူငယ်ချင်းတွေလည်း
ငါ့ကို့ မြင်ပြင်းကပ်လှရော့မယ်
ဒီတစ်ခါလည်း ငါရေးပါရစေ…
ဒီတစ်နေ့ပေါ့
အမှိုက်တွေပုံထားတဲ့ ဘဏ်လမ်းထဲမှာ
ငါ့ကျောင်းနေဖက်ဇော်မင်းနဲ့တွေ့တယ်လေ..
လမ်းဘေးလက်ဘက်ရည်ဆိုင်လေးမှာထိုင်ပြီး
ငယ်ငယ်က အကြောင်းတွေကို
ရေနွေးကြမ်းနဲ့မြည်းတာပေါ့..
ဘိုစိန်ကဆန်ဖရန်စ္စကိုရောက်နေပြီး
အသေးလေးက ဆွှစ်ဇာလန်မှာတဲ့
ဝင်းနိုင်က အင်းစိန်မှာ
ဒီဗီဒီစက်တွေပြင်နေပြီး
အာကာကျော်က ကျောက်ရေတွင်းမှာ
ရန်ကုန်မြို့ထဲမှာလူနည်းနည်းလေးပဲ
ကျန်တော့တာငါစဉ်းစားမိတယ်…
ကိုဆင်ကြီးက ချန်ဂီလေဆိပ်အ၀င်မှာ
အဆက်အသွယ်ပြတ်တောက်နေပြီး
မခိုင်ရည်က သူ့ယောကျာင်္းရှိရာ ရှန်ဟိုင်းကို
လိုက်သွားတယ်တဲ့…
ရန်ကုန်မြို့ကို
ငါတို့ လူနည်းနည်းလေးနဲ့ခံတိုက်နေရတယ်
သူငယ်ချင်းကနောက်ဆုံးရထားနဲ့အိမ်ပြန်တယ်
ငါက ဒူးမလွတ်တဲ့ အဓိပတိတက်စီးပြီး
အင်တာနေရှင်နယ်စတန်းဒတ်က
ငါတို့ရန်ကုန်နဲ့ စကေးမကိုက်တာကို
စိတ်ပျက်နေမိတယ်…
ဒါပေမယ့်
ဒါဟာငါရဲ့နောက်ဆုံးခံတပ်ပဲ
အလုပ်လက်မဲ့အခြေအနေမှာတောင်
ငါရန်ကုန်က ဆုတ်ခွာလို့မရခဲ့ဘူး….။
မိုးလှိုင်ည
O Oyster
မုတ်ကောင်
ခဲလေးတစ်လုံးပါပဲ
အမှတ်မဲ့ မျိုချ
စူးစူးရှရှ ယားယားယံယံ
အန်မပစ်ရက် ပေါင်းတင်ပွေ့ပိုက်
ရင်အခွဲ ခံလိုက်ရတယ်။
တိုးရဲ
ရုပ်ရှင်တေးကဗျာ
FEB 1998
နောက်တစ်ခြမ်း ဆက်ဖတ်ပေးပါဦးဗျာ ။ နောက်နေ့တင်ပါမယ့် ။
Sunday, May 16, 2010
လူကြီးနာ
မင်းဘဝကို
ချိုချဉ်သကြားလုံးလေးလို မချိုမချဉ်စားနေတုန်း
နောက်လက်တစ်ဖက်က
ငါ့ဘဝကို
ကောက်ကိုင်ကြည့်လိုက် ပြန်ချထားလိုက်နဲ့။
မင်းရဲ့ မနက်ဖြန်အင်္ကျီဖြူလေးမှာ
ငါ့အရိပ်လေး တွဲရက်ဖြစ်နေမှာ စိုးရွံ့နေ
အဲဒိ စိုးရွံ့စိတ်ကလေးကို ငါကလည်း ဖတ်မိနေ
ငါက မင်းကို ကြည့်ပြီး ရီ(ရယ်)တယ်
မင်းက ငါ့ကို ကြည့်ပြီး ရီတယ်
လူတွေက တို့နှစ်ယောက်ကို ကြည့်ပြီး ရီတယ် ။
ငါ့လက်ကို ဖြုတ်ချဖို့
မာယာတွေ ချော့တိုက်နေစရာ မလိုပါဘူး ချာတိတ်ရယ်။
တကယ်ဆို ထိရုံကလေး ထိထားတာ
အချိန်မရွေး မင်းထွက်ခွာ သွားဖို့….
တကယ်ဆို စေ့ရုံကလေး စေ့ထားတာ
အချိန်မရွေး မင်းပြန်ဝင် လာဖို့….
မင်း ဘယ်နှခါထိုးထိုး
အသံအက်မသွားတဲ့ ခေါင်းလောင်းကြီးလို…
မင်း ဘယ်နှခါ မောင်းထုတ်ထုတ်
အိမ်ကို တည့်တည့်ပြန်လာတတ်တဲ့
အမှတ်မရှိ ခွေးအိုကြီးလို…
ချာတိတ်ရေ…
ငါ့မျက်စိထဲတော့ မင်းဟာ ကလေးတစ်ယောက်လို
ကစားပွဲပြီးလို့ မင်းမောပမ်းသွားတဲ့အခါ
ကစားဖော်တွေနဲ့ ကွဲသွားတဲ့အခါ
အိမ်အတူပြန်ဖို့ သစ်ပင်အောက်မှာ ငါစောင့်နေမိတုန်းပဲ ။
လင်းဒီပ
၁၆.၀၅.၁၀