Thursday, June 25, 2009

မှော်လမ်းလျှောက်သူ

စက်ဘီးစီးသင်သလို
တစ်ခါနှစ်ခါ နာနာကျင်ကျင် လဲကျရုံနဲ့
ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက်
ရှေ့ဆက်နိုင်မယ်ဆို သိပ်ကောင်းတာပေါ့။

ဒီတကွေ့မှာ ဒီလို အနာတရတွေနဲ့
ဟိုတကွေ့မှာ ဒဏ်ရာပုံစံအသစ်တွေနဲ့
အဖြစ်တွေက မရိုး
အနာတရတွေက တိုးတိုးလာ…။

မှော်လမ်းလျှောက်မိသူမှာ
ဒဏ်ရာတွေသာ ကဗျာဖြစ်
အနာတွေပဲ ချစ်တတ်လာတော့တယ်။
လင်းဒီပ
၂၅.၆.၀၉

Tuesday, June 23, 2009

ပိဋကတ်အိုးကွဲအလွမ်း

နေ့လည်စာ စားနေရင်း
မင်္ဂလာမနက်ခင်းပါကွယ်လို့ မင်းကို လှမ်းနှုတ်ဆက်ရတယ်။
နေရောင်ပြင်းပြင်းအောက်မှာ လမ်းလျှောက်နေရင်းကလည်း
မင်းများ ချမ်းနေမလားလို့ စိတ်ပူရသေးတယ်။

မင်းသင်ရမယ့် တက္ကသိုလ်ပညာတွေက မပြီးဆုံးသေးဘူးလားကွယ်။
တစ်ကမ္ဘာလုံးက တက္ကသိုလ်တွေ မကုန်မချင်း
မင်း လျှောက်တက်နေတော့မှာလား။
ငါလည်း ပိုက်ဆံတွေ ကုန်းရုန်းရှာရင်း ငွေထုပ်ကြီးနဲ့ အိုအိုမင်းမင်းဖြစ်လာ..။

မင်းက စာကြည့်တိုက်ထဲက အဖိုးတန်စာအုပ်ကြီးဖြစ်ချင်တာလား။
ငါတော့ ဘီလျံနာကြီးလည်း မဖြစ်ချင်ပါဘူးကွယ် ။

ချစ်ရင် စောင့်ပေါ့ကွယ်လို့ မချိုမချဉ်မပြောစမ်းနဲ့
မင်းမျက်နှာလေးကို ငါ online ကပဲငေးနေရမလား။
တစ်ယောက်တည်းနေတာ ကြာရင်
မင်း တစ်ယောက်တည်း နေတတ်သွားမှာလည်း ငါကြောက်ရဲ့။

မှန်တာ ပြောရရင်
မင်းမျက်နှာပေါ်မှာ အရေးအကြောင်းတွေ မများခင် မင်းပါးကလေး ထပ် နမ်းချင်သေးရဲ့။
ငါ့နဖူးကြီး ပိုပို ပြောင်မလာခင် မင်္ဂလာဆောင်တမ်း ကစားကြရအောင်ပါ ။

ငါ့မှာ
တစ်ယောက်တည်း မိုးလင်း တစ်ယောက်တည်း မိုးချုပ်
ခေါက်ဆွဲခြောက်ထုပ်တွေနဲ့
တစ်ယောက်တည်းသော့ခတ် ထွက်သွား
တစ်ယောက်တည်း သော့ဖွင့် ပြန်ဝင်
အေးစက်စက် အခန်းလေးထဲ။

(စာဂျပိုးမကြီးရယ်)
တကယ်ဆို
ချစ်သူဖြစ်ခါစ
မင်းနှလုံးသားက မင်းဦးနှောက်ကို စစ်မရှုံးခင်တုန်းက
သိပ်တော်ချင်တတ်ချင်လွန်းတဲ့ ဦးနှောက်ကို
ငါ ရိုက်ခွဲပစ်ခဲ့ဖို့ ကောင်းတယ်။
လင်းဒီပ
၂၃.၆.၀၉

Wednesday, June 17, 2009

သန်းခေါင်ယံမျက်လှည့်

သူမရဲ့ဆံပင်တွေ ခိုးနမ်းဖို့ပေါ့
လရောင်ကို လာဘ်ထိုး
အိပ်ရာဖြူဖြူလေးဆီ တိုးတိုးလေး လာခဲ့။

အိပ်ရာပေါ် တိတ်တိတ်ဆိတ်ဆိတ်
ဝံပုလွေမလေး အိပ်နေရဲ့။

ရင်နာနာနဲ့ ပြန်အထွက်
ငါ့ရင်ဘတ် အတွင်းသားတွေတော့
သူမ အခန်းထဲ ကျန်ခဲ့ပေါ့။
လင်းဒီပ
၁၂.၄.၂၀၀၀
(သူငယ်ချင်းသုံးယောက် စုထုတ်ဖူးတဲ့ သုံးမျက်နှာဆိုတဲ့ ကဗျာစာအုပ်လေးထဲကပါ။)

Tuesday, June 16, 2009

အဝေးကငှက်တွေ

မနက်က အစ်ကိုဝမ်းကွဲ ကဖုန်းလှမ်းဆက်တော့ ဒီက အချိန် မနက် ဆယ်နာရီ ။ ဒါဆို သူတို့ဆီမှာ မနက် ဆယ့်တစ်နာရီပေါ့ ။ အစ်ကို က စကားများများ မပြော ။ ငါမနေ့က အိမ်ကို ဖုန်းဆက်တော့ အဖေဆုံးပြီ တဲ့။ ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက မေမေနှင့် ဖုန်းပြောတိုင်း ဘဘနေမကောင်းလို့ ဆေးရုံတင်ထားရတာ ။ ပုဂ္ဂလိကဆေးခန်းဆိုတော့ တစ်နေ့တစ်နေ့ သိန်းဂဏန်း ရှင်းရတာတွေ ပြောသည် ။ မေမေနဲ့ပြောတိုင်း “ကောင်းတာလား ဆိုးတာလားတော့ မပြောတတ်ဘူး” ဆိုသည့် ဝေခွဲမရတဲ့ အသုံးမျိုးတွေ ပါတတ်သည် ။ ဒီရက်ပိုင်းမှာ အိမ်က ဖုန်းပြဿနာ နည်းနည်းရှိတော့ အိမ်ကို ခေါ်လို့မရ ။ ဘဘတို့အိမ် ဖုန်းကလည်း ခေါ်မရ ။ တခြား ဦးလေးတစ်ယောက်ကို လှမ်းမေးသည် ။ ကောင်းပါတယ်ကွာ ဆေးရုံက ပြန်ဆင်းပြီး အိမ်မှာ နားနေပါတယ်တဲ့ ။တကယ်တော့ သူက ဖုံးဖုံးဖိဖိ ပြောတာ ။ ကျွန်တော်သိရင် အစ်ကို သိပြီလေ ။ ဒီမနက်တော့ အစ်ကိုက သူ့အဖေဆုံးတဲ့အကြောင်း လှမ်းဆက်သည် ။

စိတ်ထဲမှာ တွေးစရာတွေ အတော်များသွားသည် ။ ကျွန်တော်တို့တွေ မိဝေးဖဝေး အပြင်မှာ လာနေကြသည်။ ငွေအတွက် အတတ်ပညာအတွက် အတွေ့အကြုံအတွက် ။ အိမ်မှာကျန်ခဲ့တဲ့မိဘတွေက တဖြေးဖြေး အိုမင်းလာကြသည် ။ နာမကျန်း ဖြစ်ကြသည် ။ အနားမှာ အနီးကပ် နေတော့လည်း တကယ် နေထိုင်မကောင်းတဲ့အခါ ဘယ်က ပိုက်ဆံနဲ့ ဆေးကုပေးမလဲ ။ ထိုင်ကြည့်ပြီး ဝမ်းနည်းနေရုံပဲ တတ်နိုင်သည် ။ အပြင်ထွက်လာတော့လည်း ငွေကြေးအားဖြင့်တော့ အထိုက်အလျောက် ထောက်ပံ့ပေးနိုင်သည် ။ အနားမှာ နွေးနွေးထွေးထွေး မနေပေးနိုင် ။ ဘဘ မှာ သားနှစ်ယောက်ရှိသည် ။တစ်ယောက်က အခု အဝေးရောက်နေသည့် အစ်ကို ။ တစ်ယောက် က ဆရာဝန်ပေါက်စ ဆိုတော့ Posting ကျသည့် နယ်မြို့တစ်မြို့မှာ သွားနေရသည် ။ သူ နေမကောင်းတော့ ဆရာဝန်ပေါက်စက ပြန်လာသည် ။ ခွင့် သိပ်မရတော့ ပြန်ရမည် ။ သားတွေကို ချစ်သည့် ဘဘက သားငယ်က ပြန်မယ် ပြောတိုင်း မျက်ရည်တရွဲရွဲ တဲ့။ (သားကြီးက အဝေးမှာ.) အခု ဘဘ နောက်ဆုံး ထွက်သွားတဲ့ အချိန်မှာတော့ သားငယ် ဆရာဝန်ပေါက်စက အနားမှာ ရှိနေမှာပါ။

ပြီးခဲ့တဲ့နှစ် ကျွန်တော် ယိုးဒယားမှာ ရှိတုန်းက ကျွန်တော့်အဖေရဲ့ သူငယ်ချင်း လူပျိုကြီး။ ကျွန်တော် ငယ်ငယ်တည်းက ကျွန်တော် ဦးလေးတစ်ယောက်လို ချစ်ခဲ့ရသည့် ဦးသိန်း အစာအိမ်ပေါက်ပြီး ဆုံးသွားသည် ။ သူက တစ်ယောက်တည်းသမား ဆိုတော့ အိမ်မှာ စားအိမ်သောက်အိမ်လို နေတာလေ ။ အိမ်က “သားရေ မင်း ဦးသိန်းတော့ ဆုံးပြီ” ပြောတော့ တစ်ပတ်လောက် သူ့မျက်နှာပဲ မြင်နေသည် ။ စိတ်ထဲမှာ တွေးနေမိတာက ငါ ရန်ကုန်ပြန်ရင် ဦးသိန်းရဲ့ ရယ်စရာတွေ ပြောတတ်သော ပြုံးရွှင်နေသည့် မျက်နှာ ဘာသာရေးအကြောင်းတွေ ပြောတတ်သော တည်ငြိမ်သည့် မျက်နှာကို မတွေ့ရတော့မှာ ။

အခုလည်းဒီလိုပါဘဲ ။ ဒီဇင်ဘာ ရန်ကုန် ပြန်သွားတုန်းက ဘဘ ကျန်းကျန်းမာမာ ။ ဒါပေမယ့် ဝတာ ဆီးချိုရောဂါရှိတာ အစားအသောက် မရှောင်တာ တွေက ဘဘကို သတ်သွားတာလား ။ ကျွန်တော်ပြန်မယ် လုပ်တော့ လေဆိပ်ကို လိုက်ပို့ဖို့ အိမ်ကို အစောကြီး ရောက်လာသည် ။ ထုံးစံအတိုင်း ရယ်လို့မောလို့ နောက်လို့ ပြောင်လို့ ။ ရန်ကုန်လေဆိပ်မှာ Immigration Check Point ဖြတ်ပြီး အပေါ်ထပ် မှန်တွေကြားကနေ လှမ်းလက်ပြတဲ့ အထိ သူ့ညီမကို စိတ်ရှည်ရှည် စောင့်ပေးသည်။ (မေမေက အဲလို လက်ပြပြီးမှ ပြန်ချင်တာလေ။) တူတွေ သားတွေကို သူငယ်ချင်းပေါင်း ပေါင်းပြီး ပျော်ပျော်နေတတ်သူ။ သူ့သားကြီး အပြင်ထွက်မယ်လုပ်တော့ လုံးဝမသွားစေချင်သူ ။ အဝေးရောက်ငှက်တွေ ကို ခွင့်လွှတ်ပါ ဘဘရယ် ။ သားတို့ အနားမှာ ရှိမနေနိုင်ခဲ့ဘူး ။ ကိုယ့်အတ္တတွေနဲ့ကိုယ် ဒုန်းစိုင်းကြတဲ့ ခရီးမှာ သားတို့ အဝေးကြီး ရောက်နေကြတယ် ။

ကျွန်တော် ယိုးဒယားမှာတုန်းက ညီအစ်ကိုလို ခင်သည့် အစ်ကိုတစ်ယောက်က ပြောဖူးတာရှိသည်။ မင်းတစ်နှစ်တစ်ခါ ပြန်သွားရင် မိဘတွေ မျက်နှာကြည့်လိုက် တစ်နှစ်ထက်တစ်နှစ် ပိုအိုသွားတာ မင်းတွေလိမ့်မယ် ။ ဒီမှာ ရောက်နေတုန်း လိမ်လိမ်မာမာနေ လို့ အမြဲဆုံးမတတ်သည် ။ သူတို့ခမျာ အဝေးက ဖုန်းသံလေးတွေပဲ မျှော်နေရရှာတာ ။ ဘန်ကောက်ကို လျှောက်လည်ဖို့ စင်ကာပူ ကျွန်းကို ပတ်ဖို့ ကွာလာလမ်ပူကို ဈေးဝယ်ထွက်ဖို့ သူတို့မတွေးပါ ။ သူတို့ သားတွေ သမီးတွေ အရာရာအဆင်ပြေဖို့ပဲ ဆုတောင်း နေတတ်ပါသည် ။ အချိန်မရွေး ပြန်လာခဲ့ ဆိုတာ မေမေပြောနေကျ စကားပါ ။

ဒီမှာ အဆင်ပြေရင် မိဘတွေ ခေါ်ထားလို့ရတာပဲ ဆိုသည့်စကားက စိတ်ကူးယဉ်သက်သက် ။ ကိုယ်ကိုယ်တိုင်တောင် မပျော်ဘဲ အလိုရမ္မက်တွေ အတွက် ကြိတ်မှိတ်ပြီးလာနေရတဲ့ နေရာမှာ သူတို့ ဘယ်လို ပျော်မှာလဲ ။ သူတို့ လက်ကျန်ဘဝတွေကို မပျော်တဲ့နေရာမှာ နေပြီး ဖြုန်းတီးပစ် ခိုင်းရမှာလား။ တခါ မိအို ဖအိုတွေကို ထားခဲ့ရတဲ့ အတွေးတွေ တွေးမိတိုင်းမောရသည် ။ အခု ဘဘဆုံးတယ်ဆိုတော့ အစ်ကို နေရာက ဝင်ခံစားကြည့်သည် ။ သူအရမ်း ခံစားရမှာပဲ ။ အစ်ကိုကလည်း သူ ရောက်နေသည့် နိုင်ငံမှာ “အို” နဲ့နေတာ ။ ပြန်ထွက်ပြီးရင် ပြန်ဝင်လို့မရတော့ ။ ကျွန်တော်ကမှ တစ်နှစ်တစ်ခေါက် ပြန်လို့ ရသေးသည် ။

ဖွားဖွားက မဆုံးခင် လေဖြတ်ပြီး အိပ်ရာထဲမှာ လဲနေတာ နှစ်အတော်ကြာသည် ။ ဖွားဖွားဆုံးတော့ မေမေပြောတဲ့စကားလေး မှတ်မိသည် ။ အိပ်ရာထဲ လဲနေတယ်ဆိုပေမယ့် အမေရှိတယ်ဆိုတဲ့အသိနဲ့ စိတ်က အမြဲတမ်း လုံခြုံနေတယ် တဲ့။ အဲဒီ လုံခြုံမှုကတော့ မိဘတွေကပဲ ပေးနိုင်တာပါလေ ။ ဘယ်လောက်ပဲ တိုးတက်ပါတယ် ပြောပြော မြန်မာပြည်က ပစ္စည်းတွေ လိုချင်တာတွေ အကုန်ရှိပါတယ် ပြောပြော မင်းဘဝတက်လမ်းအတွက် နေသင့်ပါတယ် ပြောပြော ပါ ။ မေမေပြောတဲ့ တကယ် လုံခြုံတဲ့နေရာလေးတော့ နေချင်ပါသည် ။ သေမှ ပြန်ငိုတာထက် မသေခင် အနားမှာ ကျေနပ်အောင် ပျော်ရွှင်အောင် နေပေးဖို့ ရိုသေလေးစားစွာ ပြုစုပေးဖို့လည်း လိုသေးတယ် မဟုတ်လား ။ အဝေးကနေ ငွေကြေးထောက်ပံ့ပေးနေရုံနှင့် တာဝန်ကျေပြီလို့ ခံယူမိလျှင်တော့ ပညာတတ်လူမိုက် တစ်ယောက်ပဲပေါ့ ။

အချိန်ကာလ တစ်ခုထိ ပါပဲလေ ။ ကျွန်တော်က အမြဲတမ်း အသိုက်အိုကို ပြန်ငေးနေတတ်တဲ့ ငှက်တစ်ကောင်ဖြစ်ပါလိမ့်မည် ။ သူများတွေနဲ့ သိပ်မတူလို့ ငနုံငအ လို့ လာပြောလျှင်လည်း ကိစ္စမရှိပါ ။ မေမေ ဖေဖေ ကို အဖိုးကြီး အဖွားကြီး နှစ်ယောက်တည်း ကျွန်တော် ဘယ်လို အိုမင်းခိုင်းမလဲ။ ကျေးဇူးတရားတွေကို ငွေကြေးအပြင် နွေးထွေးကြင်နာမှုနှင့်လည်း ပေးဆပ်ချင်ပါသေးသည် ။ ကျွန်တော်ပြန်လာခဲ့မှာပါ ဖေဖေနဲ့မေမေ ။ ဖေဖေဆီ မေမေဆီ ကျွန်တော် ချစ်တဲ့ တိုးတက်ရခက်နေတဲ့ ရွှေနိုင်ငံလေး ဆီပေါ့။

ဘဘကောင်းရာ သုဂတိလားပါစေ။
(ဘဘသို့)
လင်းဒီပ
၁၆.၆.၀၉

Monday, June 15, 2009

မင်းပြန်သွားတဲ့နေ့

လမ်းမီးတိုင်တွေ
ဝါဝင်း သလောက် ဝေဝါး
ညအခါးလေးထဲ
တစ်ယောက်တည်း လျှောက်ပြန်လာခဲ့တယ်။

ကားတွေတစ်စီးပြီး တစ်စီး
ငါ့ဘေးက ဖြတ်စီးသွား
လူတွေတစ်ယောက်ပြီး တစ်ယောက်
ငါဘေးက ဖြတ်စီးသွား
ဦးတည်ရာ ကိုယ်စီ ကိုယ်စီ ဖြတ်စီးနေကြ
ငါက ဘယ်ကို ဆက်စီးမလဲ ။

ရုတ်တရက် ထပျံသွားတဲ့ လေယာဉ်တစ်စီး
ငေးကြည့်ရင်း တွေးမိတယ်
အဲဒီလေယာဉ်ပေါ်မှာ ငါ့လို အသဲကွဲခရီးသည်
ဘယ်နှစ်ယောက်လောက်ပါမလဲ
အသဲကွဲတဲ့လူတွေ သီးသန့်ထားတဲ့နိုင်ငံ ရှိရင်
(ငါ့) ပို့ပေးစမ်းပါ လေယာဉ်ကြီးရယ်…။

ကမ်းစပ်တစ်ခုမှာ ခဏဖြစ်ဖြစ် သွားထိုင်ရင် အဆင်ပြေမလား..။
ပင်လယ်ကို ဖြတ်လာမယ့်လေမှာ
အနာနဲ့တည့်မယ့်ဆေးတစ်မျိုးမျိုး ပါလာနိုး….။

အချစ်ဆိုတာ ဖြတ်သွားဖြတ်လာလောက်ပဲ
ဒိထက် ပိုခံစားဖို့မကောင်းဘူး
(ဒီလို အတွေးမျိုးလည်း တွေးမိ)

တကယ့်ကို
လွမ်းလွမ်းဆွေးဆွေးကြီးပါကွယ်။

ပြန်နေကျ လမ်းလေးအတိုင်းပါပဲ
အထီးကျန်တေးလေး ညည်းရင်း ပြန်လာခဲ့ရတာ
(မင်း)
ထားခဲ့လိုက်တော့လည်း
ငါ တစ်ယောက်တည်း အိမ်ပြန်ရုံပါ။
လင်းဒီပ
၁၅.၆.၀၉

Wednesday, June 10, 2009

မီးတောက်ကဗျာဆရာ

တစ်ယောက်က တစ်ယောက်ကို တိမ်တွေလို လှမ်းငေးဖို့မလိုဘူး။

မင်းယုံကြည်ရာဆီ မင်းရွက်လွင့်
ငါယုံကြည်ရာဆီ ငါရွက်လွင့်ကြတာ
ကိုယ့်ပင်လယ်နဲ့ကိုယ် ကိုယ့်သမုဒ္ဒရာနှင့်ကိုယ်
ကိုယ်မုန်တိုင်းနဲ့ကိုယ် ကိုယ့်မူးစရာ လှိုင်းနဲ့ကိုယ်။

ကိုယ့်ဖိနပ်နဲ့ကိုယ့်လမ်း သဟဇာတဖြစ်ရင် တော်ပြီ။
ကိုယ့်ပန်းအိုးနဲ့ ကိုယ့်နှင်းဆီ အဆင်ပြေရင် တော်ပြီ။
ကိုယ့်မနက်ခင်းမှာ ကိုယ့်နေမင်းနဲ့ အနွေးဓာတ်ရရင် တော်ပြီ။
ကိုယ့်လရောင်နဲ့ ကိုယ့်အမှောင်ကို ခရီးဆက်လို့ရရင် တော်ပြီ။

မင်း အထင်ကြီးစရာ ဘာသာစကားလေးငါးမျိုး ငါမတတ်ဘူး။
မင်း ငေးမောစရာ ပင်လယ်ရပ်ခြား ခရီးတွေလည်း ငါမသွားဖူးဘူး။

ဖြတ်သန်းသလို ချရေးတဲ့ ဒိုင်ယာရီ
ဖတ်လို့ကောင်းမယ့် စကားလုံးတွေ ရှိချင်မှ ရှိမှာ…
ယုံကြည်သလို ပြောလိုက်တဲ့စကား
ပြဇာတ်မင်းသားမဟုတ်တော့ ဒိုင်ယာလော့တွေ မကောင်းဘူး။

ကြိုက်သလို တွေးပေါ့
ငါက ကာတွန်းထဲက ပြောင်ချော်ချော် ဇာတ်ရုပ်တစ်ရုပ်
သူရဲကောင်း ဝတ္တုတွေထဲက မထင်ရှားတဲ့ ဇာတ်ကောင် တစ်ကောင်။

ထားပါလေ
လူ့ဘဝက ဒီလောက်ပါပဲ
ဆယ်စုနှစ် ငါးခု ခြောက်ခုလောက် ဖြတ်သန်းကြရုံပါ
ဘာအတွက်မှ အပန်းမကြီးချင်ဘူး။

ခက်နေတာ …
ငါကလည်း
ငါ့အရိပ်ပေါ် တံတွေး လာလာထွေးရင်တောင်
ဟုန်းကနဲ ထထ တောက်တတ်တာ…..။
လင်းဒီပ
၁၀.၆.၀၉

Tuesday, June 9, 2009

ပန်းရိုင်းအလင်္ကာ

ပန်းအလင်္ကာ

“ပန်းမခူးရ”တဲ့။

ငါက
လှည့်ပြန်မယ် ကြံတော့
ပန်းကလေးက
ငါ့နာမည် သီချင်းလုပ်ဆိုနေတယ်။

ဧဝ ဘယ်လိုမူခဲ့သလဲ
အာဒံကို ပြန်မေးကြည့်ချင်တယ် ။



အရိုင်းတေး

တခါမှ သူ့ကို
စွယ်တော်ရွက်ကလေးလည်း ခူးမပေးခဲ့ဖူးဘူး။
တခါမှ သူ့ကို
နှင်းဆီပန်းလေးလည်း ဆူးသင်မပေးခဲ့ဖူးဘူး။
တခါမှ သူ့ကို
ပုံတော်ဖိနပ်ကလေးလည်း ဝယ်မပေးခဲ့ဖူးဘူး။

ဆုံလိုက်တိုင်းမှာ
တွေ့ကရာတစ်ခုခုနဲ့ သူက ပစ်ပေါက်တတ်သလို…
ဆုံလိုက်တိုင်းမှာ
ရန်စကားတစ်ခုခုနဲ့ နှုတ်ဆက်ဖြစ်သလို….
ဆုံလိုက်တိုင်းမှာ
ပြဿနာမိုးပြေးလေးရွာမှ ကျေနပ်သွားကြတာမျိုး…

အဲဒိ မိုးလေဝသကို
ဘယ်သူမှ သတိမထားမိတာလား
နှစ်ယောက်တည်းသတိမထားမိတာလား
ကျွန်တော်တို့နှစ်ယောက်ရဲ့ စိတ်လွင်ပြင်မှာ
အတေးအမှတ်မရှိတဲ့ အမာရွတ်ကလေးတွေ စိမ်းစိမ်းစို
အရိုင်းတေးတွေ ပွင့်နေ ဝေနေပေါ့။


လတ်တလောကျွန်တော်…..
ဒီကဗျာလေးနှစ်ပုဒ် က ၂၀၀၀ ပတ်ဝန်းကျင်လောက်က ရေးထားတာလေးပါ။( “ပန်းအလင်္ကာ” ကတော့ သက်တန့်ရောင်စဉ်ဂျာနယ်မှာ ပါခဲ့ဖူးပါတယ် ။ ဒေဝ နာမည်နဲ့ပါ) ။ ကျွန်တော်ကဗျာမရေးရင် လာလာအော်တတ်တဲ့ ကိုမင်းအိမ်ဖြူ ကိုဆိုးသွမ်း ညီမမယ်ကိုး ညီမဝတ်လုံတော်ရမင်းတို့ကို ကြောက်လို့ ရှာကြံပြီး တင်လိုက်ရတာပါ။ ဒီရက်တွေမှာ အလုပ်များနေတော့ ဘလောဂ့်ကို ပစ်ထားသလို ဖြစ်နေပါတယ် ။ တခြား ဘာမှမဟုတ်ပါဘူး။ ဘယ်လက်ခုပ်ထဲမှလည်း မရောက်ပါဘူးဗျာ ။ အစ်မ မနော် ပြောသလို ငါးက ကျွန်တော်မဟုတ်ပါဘူး ။ ဘာပဲဖြစ်ဖြစ် ပုံမှန် စာပြန်ရေးဖြစ်အောင် ကြိုးစားနေပါတယ် ။ အခုတော့ ဒီကဗျာဟောင်းလေးတွေနဲ့ပဲ ပိုစ့်လေးတစ်ပုဒ်ဖြစ်အောင်တင်ခွင့်ပြုပါ။

မှတ်မှတ်ရရ ဒီပိုစ့်လေးက ပိုစ့်တစ်ရာမြောက်ပါ။

အားလုံးကို ခင်မင်လေးစားစွာ
လင်းဒီပ
၉.၆.၀၉