Tuesday, June 16, 2009

အဝေးကငှက်တွေ

မနက်က အစ်ကိုဝမ်းကွဲ ကဖုန်းလှမ်းဆက်တော့ ဒီက အချိန် မနက် ဆယ်နာရီ ။ ဒါဆို သူတို့ဆီမှာ မနက် ဆယ့်တစ်နာရီပေါ့ ။ အစ်ကို က စကားများများ မပြော ။ ငါမနေ့က အိမ်ကို ဖုန်းဆက်တော့ အဖေဆုံးပြီ တဲ့။ ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက မေမေနှင့် ဖုန်းပြောတိုင်း ဘဘနေမကောင်းလို့ ဆေးရုံတင်ထားရတာ ။ ပုဂ္ဂလိကဆေးခန်းဆိုတော့ တစ်နေ့တစ်နေ့ သိန်းဂဏန်း ရှင်းရတာတွေ ပြောသည် ။ မေမေနဲ့ပြောတိုင်း “ကောင်းတာလား ဆိုးတာလားတော့ မပြောတတ်ဘူး” ဆိုသည့် ဝေခွဲမရတဲ့ အသုံးမျိုးတွေ ပါတတ်သည် ။ ဒီရက်ပိုင်းမှာ အိမ်က ဖုန်းပြဿနာ နည်းနည်းရှိတော့ အိမ်ကို ခေါ်လို့မရ ။ ဘဘတို့အိမ် ဖုန်းကလည်း ခေါ်မရ ။ တခြား ဦးလေးတစ်ယောက်ကို လှမ်းမေးသည် ။ ကောင်းပါတယ်ကွာ ဆေးရုံက ပြန်ဆင်းပြီး အိမ်မှာ နားနေပါတယ်တဲ့ ။တကယ်တော့ သူက ဖုံးဖုံးဖိဖိ ပြောတာ ။ ကျွန်တော်သိရင် အစ်ကို သိပြီလေ ။ ဒီမနက်တော့ အစ်ကိုက သူ့အဖေဆုံးတဲ့အကြောင်း လှမ်းဆက်သည် ။

စိတ်ထဲမှာ တွေးစရာတွေ အတော်များသွားသည် ။ ကျွန်တော်တို့တွေ မိဝေးဖဝေး အပြင်မှာ လာနေကြသည်။ ငွေအတွက် အတတ်ပညာအတွက် အတွေ့အကြုံအတွက် ။ အိမ်မှာကျန်ခဲ့တဲ့မိဘတွေက တဖြေးဖြေး အိုမင်းလာကြသည် ။ နာမကျန်း ဖြစ်ကြသည် ။ အနားမှာ အနီးကပ် နေတော့လည်း တကယ် နေထိုင်မကောင်းတဲ့အခါ ဘယ်က ပိုက်ဆံနဲ့ ဆေးကုပေးမလဲ ။ ထိုင်ကြည့်ပြီး ဝမ်းနည်းနေရုံပဲ တတ်နိုင်သည် ။ အပြင်ထွက်လာတော့လည်း ငွေကြေးအားဖြင့်တော့ အထိုက်အလျောက် ထောက်ပံ့ပေးနိုင်သည် ။ အနားမှာ နွေးနွေးထွေးထွေး မနေပေးနိုင် ။ ဘဘ မှာ သားနှစ်ယောက်ရှိသည် ။တစ်ယောက်က အခု အဝေးရောက်နေသည့် အစ်ကို ။ တစ်ယောက် က ဆရာဝန်ပေါက်စ ဆိုတော့ Posting ကျသည့် နယ်မြို့တစ်မြို့မှာ သွားနေရသည် ။ သူ နေမကောင်းတော့ ဆရာဝန်ပေါက်စက ပြန်လာသည် ။ ခွင့် သိပ်မရတော့ ပြန်ရမည် ။ သားတွေကို ချစ်သည့် ဘဘက သားငယ်က ပြန်မယ် ပြောတိုင်း မျက်ရည်တရွဲရွဲ တဲ့။ (သားကြီးက အဝေးမှာ.) အခု ဘဘ နောက်ဆုံး ထွက်သွားတဲ့ အချိန်မှာတော့ သားငယ် ဆရာဝန်ပေါက်စက အနားမှာ ရှိနေမှာပါ။

ပြီးခဲ့တဲ့နှစ် ကျွန်တော် ယိုးဒယားမှာ ရှိတုန်းက ကျွန်တော့်အဖေရဲ့ သူငယ်ချင်း လူပျိုကြီး။ ကျွန်တော် ငယ်ငယ်တည်းက ကျွန်တော် ဦးလေးတစ်ယောက်လို ချစ်ခဲ့ရသည့် ဦးသိန်း အစာအိမ်ပေါက်ပြီး ဆုံးသွားသည် ။ သူက တစ်ယောက်တည်းသမား ဆိုတော့ အိမ်မှာ စားအိမ်သောက်အိမ်လို နေတာလေ ။ အိမ်က “သားရေ မင်း ဦးသိန်းတော့ ဆုံးပြီ” ပြောတော့ တစ်ပတ်လောက် သူ့မျက်နှာပဲ မြင်နေသည် ။ စိတ်ထဲမှာ တွေးနေမိတာက ငါ ရန်ကုန်ပြန်ရင် ဦးသိန်းရဲ့ ရယ်စရာတွေ ပြောတတ်သော ပြုံးရွှင်နေသည့် မျက်နှာ ဘာသာရေးအကြောင်းတွေ ပြောတတ်သော တည်ငြိမ်သည့် မျက်နှာကို မတွေ့ရတော့မှာ ။

အခုလည်းဒီလိုပါဘဲ ။ ဒီဇင်ဘာ ရန်ကုန် ပြန်သွားတုန်းက ဘဘ ကျန်းကျန်းမာမာ ။ ဒါပေမယ့် ဝတာ ဆီးချိုရောဂါရှိတာ အစားအသောက် မရှောင်တာ တွေက ဘဘကို သတ်သွားတာလား ။ ကျွန်တော်ပြန်မယ် လုပ်တော့ လေဆိပ်ကို လိုက်ပို့ဖို့ အိမ်ကို အစောကြီး ရောက်လာသည် ။ ထုံးစံအတိုင်း ရယ်လို့မောလို့ နောက်လို့ ပြောင်လို့ ။ ရန်ကုန်လေဆိပ်မှာ Immigration Check Point ဖြတ်ပြီး အပေါ်ထပ် မှန်တွေကြားကနေ လှမ်းလက်ပြတဲ့ အထိ သူ့ညီမကို စိတ်ရှည်ရှည် စောင့်ပေးသည်။ (မေမေက အဲလို လက်ပြပြီးမှ ပြန်ချင်တာလေ။) တူတွေ သားတွေကို သူငယ်ချင်းပေါင်း ပေါင်းပြီး ပျော်ပျော်နေတတ်သူ။ သူ့သားကြီး အပြင်ထွက်မယ်လုပ်တော့ လုံးဝမသွားစေချင်သူ ။ အဝေးရောက်ငှက်တွေ ကို ခွင့်လွှတ်ပါ ဘဘရယ် ။ သားတို့ အနားမှာ ရှိမနေနိုင်ခဲ့ဘူး ။ ကိုယ့်အတ္တတွေနဲ့ကိုယ် ဒုန်းစိုင်းကြတဲ့ ခရီးမှာ သားတို့ အဝေးကြီး ရောက်နေကြတယ် ။

ကျွန်တော် ယိုးဒယားမှာတုန်းက ညီအစ်ကိုလို ခင်သည့် အစ်ကိုတစ်ယောက်က ပြောဖူးတာရှိသည်။ မင်းတစ်နှစ်တစ်ခါ ပြန်သွားရင် မိဘတွေ မျက်နှာကြည့်လိုက် တစ်နှစ်ထက်တစ်နှစ် ပိုအိုသွားတာ မင်းတွေလိမ့်မယ် ။ ဒီမှာ ရောက်နေတုန်း လိမ်လိမ်မာမာနေ လို့ အမြဲဆုံးမတတ်သည် ။ သူတို့ခမျာ အဝေးက ဖုန်းသံလေးတွေပဲ မျှော်နေရရှာတာ ။ ဘန်ကောက်ကို လျှောက်လည်ဖို့ စင်ကာပူ ကျွန်းကို ပတ်ဖို့ ကွာလာလမ်ပူကို ဈေးဝယ်ထွက်ဖို့ သူတို့မတွေးပါ ။ သူတို့ သားတွေ သမီးတွေ အရာရာအဆင်ပြေဖို့ပဲ ဆုတောင်း နေတတ်ပါသည် ။ အချိန်မရွေး ပြန်လာခဲ့ ဆိုတာ မေမေပြောနေကျ စကားပါ ။

ဒီမှာ အဆင်ပြေရင် မိဘတွေ ခေါ်ထားလို့ရတာပဲ ဆိုသည့်စကားက စိတ်ကူးယဉ်သက်သက် ။ ကိုယ်ကိုယ်တိုင်တောင် မပျော်ဘဲ အလိုရမ္မက်တွေ အတွက် ကြိတ်မှိတ်ပြီးလာနေရတဲ့ နေရာမှာ သူတို့ ဘယ်လို ပျော်မှာလဲ ။ သူတို့ လက်ကျန်ဘဝတွေကို မပျော်တဲ့နေရာမှာ နေပြီး ဖြုန်းတီးပစ် ခိုင်းရမှာလား။ တခါ မိအို ဖအိုတွေကို ထားခဲ့ရတဲ့ အတွေးတွေ တွေးမိတိုင်းမောရသည် ။ အခု ဘဘဆုံးတယ်ဆိုတော့ အစ်ကို နေရာက ဝင်ခံစားကြည့်သည် ။ သူအရမ်း ခံစားရမှာပဲ ။ အစ်ကိုကလည်း သူ ရောက်နေသည့် နိုင်ငံမှာ “အို” နဲ့နေတာ ။ ပြန်ထွက်ပြီးရင် ပြန်ဝင်လို့မရတော့ ။ ကျွန်တော်ကမှ တစ်နှစ်တစ်ခေါက် ပြန်လို့ ရသေးသည် ။

ဖွားဖွားက မဆုံးခင် လေဖြတ်ပြီး အိပ်ရာထဲမှာ လဲနေတာ နှစ်အတော်ကြာသည် ။ ဖွားဖွားဆုံးတော့ မေမေပြောတဲ့စကားလေး မှတ်မိသည် ။ အိပ်ရာထဲ လဲနေတယ်ဆိုပေမယ့် အမေရှိတယ်ဆိုတဲ့အသိနဲ့ စိတ်က အမြဲတမ်း လုံခြုံနေတယ် တဲ့။ အဲဒီ လုံခြုံမှုကတော့ မိဘတွေကပဲ ပေးနိုင်တာပါလေ ။ ဘယ်လောက်ပဲ တိုးတက်ပါတယ် ပြောပြော မြန်မာပြည်က ပစ္စည်းတွေ လိုချင်တာတွေ အကုန်ရှိပါတယ် ပြောပြော မင်းဘဝတက်လမ်းအတွက် နေသင့်ပါတယ် ပြောပြော ပါ ။ မေမေပြောတဲ့ တကယ် လုံခြုံတဲ့နေရာလေးတော့ နေချင်ပါသည် ။ သေမှ ပြန်ငိုတာထက် မသေခင် အနားမှာ ကျေနပ်အောင် ပျော်ရွှင်အောင် နေပေးဖို့ ရိုသေလေးစားစွာ ပြုစုပေးဖို့လည်း လိုသေးတယ် မဟုတ်လား ။ အဝေးကနေ ငွေကြေးထောက်ပံ့ပေးနေရုံနှင့် တာဝန်ကျေပြီလို့ ခံယူမိလျှင်တော့ ပညာတတ်လူမိုက် တစ်ယောက်ပဲပေါ့ ။

အချိန်ကာလ တစ်ခုထိ ပါပဲလေ ။ ကျွန်တော်က အမြဲတမ်း အသိုက်အိုကို ပြန်ငေးနေတတ်တဲ့ ငှက်တစ်ကောင်ဖြစ်ပါလိမ့်မည် ။ သူများတွေနဲ့ သိပ်မတူလို့ ငနုံငအ လို့ လာပြောလျှင်လည်း ကိစ္စမရှိပါ ။ မေမေ ဖေဖေ ကို အဖိုးကြီး အဖွားကြီး နှစ်ယောက်တည်း ကျွန်တော် ဘယ်လို အိုမင်းခိုင်းမလဲ။ ကျေးဇူးတရားတွေကို ငွေကြေးအပြင် နွေးထွေးကြင်နာမှုနှင့်လည်း ပေးဆပ်ချင်ပါသေးသည် ။ ကျွန်တော်ပြန်လာခဲ့မှာပါ ဖေဖေနဲ့မေမေ ။ ဖေဖေဆီ မေမေဆီ ကျွန်တော် ချစ်တဲ့ တိုးတက်ရခက်နေတဲ့ ရွှေနိုင်ငံလေး ဆီပေါ့။

ဘဘကောင်းရာ သုဂတိလားပါစေ။
(ဘဘသို့)
လင်းဒီပ
၁၆.၆.၀၉

16 comments:

မင်းအိမ်ဖြူ said...

ဖတ်ရတာ စိတ်မကောင်းပါဘူးဗျာ...
"အဝေးရောက်ငှက်တွေ ကို ခွင့်လွှတ်ပါ" ဆိုတာလေး အတွက်တော့ ထိတယ်ဗျာ..
ကျွန်တော်လည်း အသိုက်အိုကို လွမ်းနေတက် ပြန်ချင်နေတက် ပြုပြင်ပေးချင်သူမို. ပိုပြီးခံစားရတယ်...
နိုင်ငံခြားမှာ နေမယ်လို.ဘယ်တုန်းကမှ မစဉ်းစား မတွေး တောခဲ့ဘူးသူချင်းမို.ခံစားချက်ချင်းတူပါတယ်...
တချိန်တော့ အဲဒီကျွန်တော်တို. ဘုံဌာနလေး လှပရပေမပေါ့ဗျာ....
အဲဒီတော့မှ အတိုးချပြီး ပြုစုရတာပေါ.......

မယ်ကိုး said...

ဒီလိုမျိုး ခဏခဏတွေးမိပါတယ်။
ဖတ်ရတော့လည်း ဝမ်းနည်းတယ်။
ဘာပဲဖြစ်ဖြစ် ဘယ်လောက်ပဲ အဝေးရောက်ရောက်လေ အဝေးက အသိုက်လေးဆီပဲ ပြန်မှာပါ။

Mogok Thar said...

ကိုယ်လဲ အသိုက်အိုကို ပြန်ငေးနေတတ်တဲ့ ငှက်တစ်ကောင် ပါပဲညီ။
ဘဘအတွက် ညီနဲံ ထပ်တူ ဆုတောင်းပေးပါတယ်။

khin oo may said...

ဘဘကောင်းရာ သုဂတိလားပါစေ။

အိုင်လွယ်ပန် said...

ဖတ်ရတာ စိတ်မကောင်းဘူးဗျာ ...
ပြန်မယ်ဆိုတဲ့ ဆန္ဒရှိနေပြီဆိုမှာတော့
ပြန်ကိုပြန်ဖြစ်မှာပါကိုဒီပရေ .....

ဆောင်းယွန်းလ said...

အဝေးကငှက်တွေတော်တော်များများမှာ ညီလေးလိုခံစားချက်မျိုးတွေနဲ့ပါပဲညီလေးရေ..
အကြောင်းရှိလို့ အကျိုးဖြစ်တယ်မဟုတ်လား

ကိုယ့်တိုင်းပြည်နဲ့ဝေးနေရတဲ့ အဝေးရောက်သားသမီးတွေရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုတွေပေါ့ညီလေးရာ...
အိုကြီးအိုမကျတော့မှ ဘယ်လိုမိဘမျိုးကမှ တိုင်းတပါးရပ်ခြားမှာ ခေါင်းမချချင်ကြတာတော့သေချာတယ်.
အကိုတို့အသက်အရွယ်တွေတောင် သူတပါးနိုင်ငံမှာနေချင်တာမှမဟုတ်ပဲ...
ညီလေးရဲ့ပို့စ်ကိုဖတ်ပြီး စိတ်မကောင်းဖြစ်ရတာတော့အမှန်ပဲ...

WWKM said...

ဖတ်ရတာ စိတ်မကောင်းမိပါဘူး။
အစ်ကိုဆိုသူက ဂျပန်မှာနေတာလား..
စင်္ကာပူ ၁၀ နာရီ အဲဒီမှာ ၁၁ နာရီဆိုလို့ပါ။
အစ်မလည်း မေမေ မသေခင်မြန်မာပြည်ပြန်ရောက်ပြီး
ပြုစုခွင့်ရပါစေလို့ ဆုတောင်းနေရတယ်လေ.

အဆင်ပြေပါစေ.

sait phay yar said...

ကိုလင်း ဘ၀တူတွေဆိုတော့ အသိုက်အိုလေးကိုတော့ ပြန်ငေးနေတတ်ပါတယ်

MANORHARY said...

စိတ်ထဲမကောင်းလိုက်တာ
ကောင်းရာသုဂတိလားပါစေ..လို့ဆုတောင်းပေးပါတယ်
အသိုက်ဝေးနေတဲ့ငှက်ကလေးတွေ အိပ်တန်းပြန်ခွင့်ကို
လည်းမရေမရာနဲ့ကြားထဲကပဲဆုတောင်းလိုက်ပါသေးတယ်
ကိုယ့်မှာတော့ မပျော်တဲ့နေရာနဲ့ မိသားစု...
ဘာကိုရွေးချယ်လိုက်ရတော့မှာလဲ......

အိန္ဒြာ said...

ကျွန်တော် ဘယ်လို အိုမင်းခိုင်းမလဲ....တဲ့...

မွန်းကြပ်လာတယ်...

ဖြုန်းကနဲဝင်လာတဲ့အတွေးကို ကြောက်လန့်တကြားဖယ်ချပစ်လိုက်ရတယ်..

လင်းဒီပရေ...
ငါတို့..
ရရှိနေတာလား..
ဆုံးရှုံးနေကြတာလားကွယ့်...

အိန္ဒြာ

ရွှေပြည်သူ said...

ကိုလင်းဒီပ... တကယ်ကို စိတ်မကောင်းပါဘူး။ ညီမရဲ့ အဒေါ်အရင်းတစ်ယောက်လည်း လွန်ခဲ့တဲ့ ၂လကမှ ဆုံးရှာတာဆိုတော့ ကိုယ်ချင်းစာပါတယ်။ ခုထိ တွေးမိရင် အိပ်မပျော်ဖြစ်တုန်းပဲ။ ကိုလင်းဒီပ ပြောသွားတာကို ကိုယ့်ဘာသာလည်း ခဏခဏ တွေးမိ မေးမိတယ်။ ဟုတ်တယ်... အဲဒါတော်တော်ကို ခက်ခဲတဲ့ အခြေအနေပါပဲ။ ပြန်ချင်တယ်... တနေ့နေ့ပေါ့ (အဲလို အတိအကျမရှိဘဲ တနေ့နေ့ တနေ့နေ့လို့ ပြောပြောနေတာကို ကိုယ့်ဘာသာ အားမရတာ)... ကြိုးစားရမှာပေါ့လေ... (စကားမစပ် “တိုးတက်ရခက်နေတဲ့” လို့ သုံးသွားတာလေးကို သဘောကျလိုက်တာ)

မမသီရိ said...

မောင်လေးရဲ့ ဖေဖေနဲ့ မေမေ့ အပေါ်
ထားတဲ့ မေတ္တာတရား သိတတ်မှု
အတွက် ကြည်နူးမျက်ရည် ကျသွားတယ်

ဗီလိန် said...

ပြန်ချင်အောင်လာလုပ်နေတယ်။ :(

မီးတောင် said...

စိတ်မကောင်းပါဘူးး(
ဒီလိုမျိုးတစ်နေ့ ကြုံကောင်းကြုံနိုင်ဦးမှာဆိုတော့ ကြိုပြီးတော့ စာတွေ့အတွေ့အကြုံလေးယူသွားပါတယ် ........

မဆုမွန် said...

အစ်မ အရမ်းကြောက်တဲ့ အတွေးပဲ...ဖတ်ရင်းနဲ့ မျက်ရည်ကျမိတယ်။။
ဒုက္ခတွေပေါ့ဟယ် ။။။

မင်းတစ်နှစ်တစ်ခါ ပြန်သွားရင် မိဘတွေ မျက်နှာကြည့်လိုက် တစ်နှစ်ထက်တစ်နှစ် ပိုအိုသွားတာ မင်းတွေလိမ့်မယ် ။ ရင်နင့်စေပါတဲ့ စာလုံးပါ။

ဖုန်းဆက်ရင်လည်း ဒီအတိုင်းပဲ
အမေ ဘန်ကောက် ဆေးလာကုတုန်းက ပြန်တော့ အစ်မ မငိုမိအောင် မနည်း စိတ်ထိန်းထားရတယ် အဖေကိုတော့ မတွေ့တာ လေးနှစ်ရှိပြီ...အိမ်ပဲ နေချင်တာပေါ့ဟယ်.။ဒါပေမယ့် ကိုယ်တိုင်ဆုံးဖြတ်ပြီး ထွက်လာကြတာမဟုတ်လား...

ထွေးငယ် said...

အချိန်တွေကြာလာလေ ချစ်တဲ့သူတွေ ချစ်တဲ့အရာတွေနဲ့ ပိုခွဲခွာရလေ......

ကိုလင်းဒီပချစ်တဲ့တခြားသူတွေနဲ့ အချိန်အကြာကြီး အတူရှိနေနိုင်ပါစေလို့

ခင်တဲ့
ထွေးငယ်