Wednesday, June 10, 2009

မီးတောက်ကဗျာဆရာ

တစ်ယောက်က တစ်ယောက်ကို တိမ်တွေလို လှမ်းငေးဖို့မလိုဘူး။

မင်းယုံကြည်ရာဆီ မင်းရွက်လွင့်
ငါယုံကြည်ရာဆီ ငါရွက်လွင့်ကြတာ
ကိုယ့်ပင်လယ်နဲ့ကိုယ် ကိုယ့်သမုဒ္ဒရာနှင့်ကိုယ်
ကိုယ်မုန်တိုင်းနဲ့ကိုယ် ကိုယ့်မူးစရာ လှိုင်းနဲ့ကိုယ်။

ကိုယ့်ဖိနပ်နဲ့ကိုယ့်လမ်း သဟဇာတဖြစ်ရင် တော်ပြီ။
ကိုယ့်ပန်းအိုးနဲ့ ကိုယ့်နှင်းဆီ အဆင်ပြေရင် တော်ပြီ။
ကိုယ့်မနက်ခင်းမှာ ကိုယ့်နေမင်းနဲ့ အနွေးဓာတ်ရရင် တော်ပြီ။
ကိုယ့်လရောင်နဲ့ ကိုယ့်အမှောင်ကို ခရီးဆက်လို့ရရင် တော်ပြီ။

မင်း အထင်ကြီးစရာ ဘာသာစကားလေးငါးမျိုး ငါမတတ်ဘူး။
မင်း ငေးမောစရာ ပင်လယ်ရပ်ခြား ခရီးတွေလည်း ငါမသွားဖူးဘူး။

ဖြတ်သန်းသလို ချရေးတဲ့ ဒိုင်ယာရီ
ဖတ်လို့ကောင်းမယ့် စကားလုံးတွေ ရှိချင်မှ ရှိမှာ…
ယုံကြည်သလို ပြောလိုက်တဲ့စကား
ပြဇာတ်မင်းသားမဟုတ်တော့ ဒိုင်ယာလော့တွေ မကောင်းဘူး။

ကြိုက်သလို တွေးပေါ့
ငါက ကာတွန်းထဲက ပြောင်ချော်ချော် ဇာတ်ရုပ်တစ်ရုပ်
သူရဲကောင်း ဝတ္တုတွေထဲက မထင်ရှားတဲ့ ဇာတ်ကောင် တစ်ကောင်။

ထားပါလေ
လူ့ဘဝက ဒီလောက်ပါပဲ
ဆယ်စုနှစ် ငါးခု ခြောက်ခုလောက် ဖြတ်သန်းကြရုံပါ
ဘာအတွက်မှ အပန်းမကြီးချင်ဘူး။

ခက်နေတာ …
ငါကလည်း
ငါ့အရိပ်ပေါ် တံတွေး လာလာထွေးရင်တောင်
ဟုန်းကနဲ ထထ တောက်တတ်တာ…..။
လင်းဒီပ
၁၀.၆.၀၉

14 comments:

လွတ်ငြိမ်းလေပြေ said...

စိတ်လျှော့ပါ ကဗျာဆရာ
း)

မင်းအိမ်ဖြူ said...

ကဗျာဆရာက ဘယ်လိုအတွေးလည်းတော့ မသိ ပေမယ့် ကျွန်တော်တော့ တော်တော်သဘော ကျတယ် ၊၊
"ထားပါလေ
လူ့ဘဝက ဒီလောက်ပါပဲ
ဆယ်စုနှစ် ငါးခု ခြောက်ခုလောက် ဖြတ်သန်းကြရုံပါ
ဘာအတွက်မှ အပန်းမကြီးချင်ဘူး။"
ကျွန်တော် အဲဒီလိုတွေးမိပေမယ့်
တကယ်စိတ်ငြီမ်းချမ်း ချင်မိတာ တော့ခါခါပဲ ......
ဒါပေမယ့် အင်း
မဖယ်ခွာနိုင်သေးဘူးဗျာ .........
"ကိုယ့်ဖိနပ်နဲ့ကိုယ့်လမ်း သဟဇာတဖြစ်ရင် တော်ပြီ။
ကိုယ့်ပန်းအိုးနဲ့ ကိုယ့်နှင်းဆီ အဆင်ပြေရင် တော်ပြီ။
ကိုယ့်မနက်ခင်းမှာ ကိုယ့်နေမင်းနဲ့ အနွေးဓာတ်ရရင် တော်ပြီ။
ကိုယ့်လရောင်နဲ့ ကိုယ့်အမှောင်ကို ခရီးဆက်လို့ရရင် တော်ပြီ။"
ဒီအပိုဒ်လေးလည်း သဘောကျတယ် ဗျာ......

အိုင်လွယ်ပန် said...

"ကိုယ့်ဖိနပ်နဲ့ကိုယ့်လမ်း သဟဇာတဖြစ်ရင် တော်ပြီ။
ကိုယ့်ပန်းအိုးနဲ့ ကိုယ့်နှင်းဆီ အဆင်ပြေရင် တော်ပြီ။
ကိုယ့်မနက်ခင်းမှာ ကိုယ့်နေမင်းနဲ့ အနွေးဓာတ်ရရင် တော်ပြီ။
ကိုယ့်လရောင်နဲ့ ကိုယ့်အမှောင်ကို ခရီးဆက်လို့ရရင် တော်ပြီ။"

မှန်ပါ့ဗျာ ....
ကြိုက်တယ် ...
ဒါပေမယ့် စိတ်တော့လျှော့ပါ ဆရာ :)

ရွှန်းမီ said...

:-) ဒီကဗျာနဲ့ ခံစားချက်တွေ တူနေတယ်။

မမသီရိ said...

တစ်ယောက်က တစ်ယောက်ကို တိမ်တွေလို လှမ်းငေးဖို့မလိုဘူး။
...
ဟုတ်ပါ့..
ဘာလို့လှမ်းငေးရမှာလဲနော်..း)
..
ကိုယ့်ခြေထောက်နဲ့ ကိုယ့်ဖိနပ်
တထပ်တည်း ကျရင်ပြီးတာပဲ...း)
...
အချစ်ကဗျာ လှလှလေးတွေ ရေးနေတဲ့ ကဗျာဆရာ
ဘာတွေ စိတ်တိုနေပါလိမ့်..း)

မယ်ကိုး said...

ငါကလည်း
ငါ့အရိပ်ပေါ် တံတွေး လာလာထွေးရင်တောင်
ဟုန်းကနဲ ထထ တောက်တတ်တာ…..။

စာလုံးတွေ ပြတ်သားသန်မာလွန်းလို့ ကြိုက်မိပါတယ်။

သူများတွေ လင်းလင်းလို့ ခေါ်တာ စိတ်ဆိုးပြီး ဒီကဗျာချရေးတာတော့ မဟုတ်ပါဘူးနော်။ :D

mirror said...

စကားလုံးတိုင်းသည်..ပျော့ပျောင်းနူးညံ့လိုက်၊မာထန်လာလိုက်နဲ့..
အိုး....လှိုင်းစီးနေရသလိုပါပဲလား...။
နှစ်သက်မိပါသည်..။

သက်ထွန်းညိမ်း said...

အားပါး
ငါကလည်းခက်တယ်
ငါ့အရိပ်ပေါ် တံထွေးလာထွေးရင်တောင်
ဟုန်းကနဲ ထထ တောက်တတ်တာ

လာဖတ်တယ်အကိုဒီပရေ
ကြိုက်တယ်ဗျ

ရွှေပြည်သူ said...

စာကြောင်းတိုင်းမှာ အားပါနေတယ်။ ခံစားချက်နဲ့လည်း တိုက်ဆိုင်တော့ ဖတ်ရတာ ကောင်းလိုက်တာ။ “ကိုယ့်မူးစရာ လှိုင်းနဲ့ကိုယ်” ဆိုတာ သဘောအကျဆုံးပါပဲ။ ၁၀၁ ပုဒ်မြောက်... သိပ်ကောင်းပါတယ်း)

“ပြဇာတ်မင်းသားမဟုတ်တော့ ဒိုင်ယာလော့တွေ မကောင်းဘူး။” မကောင်းပေလို့ပဲ မကောင်းပေလို့ပဲ.. (ဤကားစကားချပ်း))

ဆောင်းယွန်းလ said...

ကဗျာလေးကမာန်အပြည့်ပဲညီရေ..
ပြင်းထန်လှတဲ့ ပေါက်ကွဲမှုတခုပါလား...

MANORHARY said...

တစ်ယောက်က
တစ်ယောက်ကို
တိမ်တွေလို
လှမ်းငေးဖို့မလိုဘူး
အကြည့်တွေက
နွေးထွေးစေတယ်
တစ်ခါတစ်ရံ မီးတောက်တွေလိုပူပြင်းစေတတ်ပြီး
တစ်ခါတစ်ရံတော့လိုအပ်ချက်ဖြစ်တတ်ပါတယ်။

မသက်ဇင် said...

ကိုယ့်ဖိနပ်နဲ့ကိုယ့်လမ်း သဟဇာတဖြစ်ရင် တော်ပြီ။
ကိုယ့်ပန်းအိုးနဲ့ ကိုယ့်နှင်းဆီ အဆင်ပြေရင် တော်ပြီ။
ကိုယ့်မနက်ခင်းမှာ ကိုယ့်နေမင်းနဲ့ အနွေးဓာတ်ရရင် တော်ပြီ။
ကိုယ့်လရောင်နဲ့ ကိုယ့်အမှောင်ကို ခရီးဆက်လို့ရရင် တော်ပြီ။


ရောင့်ရဲတတ်လိုက်တာ ကဗျာဆရာ
ကျေနပ်စရာပဲ
ခင်မင်လျက်

မင်းအိမ်ဖြူ said...

ကျွန်တော်ကတော့ အဲဒီလို ခပ်မာမာစကားလုံး နဲ. ပြတ်သားတဲ့ အရေးအသားတွေကို တကယ်ကြိုက်တယ် အဟဲ ဒီမှာ ကော့မန့်လေးတွေလာဖတ်မှ ကျွန်တော်ကို သူငယ်ချင်းတစ်ယောက်ဝေဖန်တဲ့ စာတွေ က မာတယ် ဆိုတဲ့ စကားကို သတိထားမိတယ်....
ကိုယ်က ကဗျာဆရာမှ မဟုတ်တာနော်(ရန်ထောင်တာ)
အင်း အချစ်ကဗျာ ဆရာကြီးဆီက သင်အုံးမှ.. သူလည်း အားပါဘူးလေ... သဲကိုးဖြာလေးနဲ. ဖုန်းဖုန်းတွေ ပြောနေ ရတာ (အဲလာပြန်ပြီ ဒီဖုန်း... စတာပါ )
ဟုတ်တယ် စာနုနုလေးတွေက ဖတ်ရတာ ချောတာတော့ အမှန်ပါပဲဗျာ ကျွန်တော် ကတော့ ကဗျာ ဆရာဆိုသလို ကိုယ့်ဖိနပ်နဲ့ကိုယ့်လမ်း သဟဇာတဖြစ်ရင် တော်ပြီ။

အင်း ဒီလိုလည်းဖြစ်တက်လားတော့ သိဘူး (မသိချင်ယောင်ဆောင်လိုက်သည်) ဒီလိုလေ
ခက်နေတာ …
ငါကလည်း
ငါ့အရိပ်ပေါ် တံတွေး လာလာထွေးရင်တောင်
ဟုန်းကနဲ ထထ တောက်တတ်တာ…..။

သက်ဝေ said...

တစ်ယောက်က တစ်ယောက်ကို တိမ်တွေလို လှမ်းငေးဖို့မလိုဘူး ဆိုတာလေး ကိုကြိုက်တယ်.. နူးညံ့လို့...
သို့သော် ရေးရင်း ရေးရင်းနဲ့ ပေါက်ကွဲလာတာ ဘာကြောင့်ပါလိမ့်လို့ စဉ်းစားနေမိတယ်...