Thursday, June 4, 2009

အမည်နာမများ

အမည်ပေးသည့်စနစ် မည်သည့်အချိန်မှ စတင်ခဲ့ကြောင်း သမိုင်းပညာရှင် မဟုတ်သောကြောင့် ကျွန်တော် မသိပါ။ အမှန်အတိုင်း ဝန်ခံရမည် ဆိုပါက အမည်နာမများကို ကျွန်တော် အလွန် စိတ်ဝင်စားပါသည်။ တခါတလေ လူတစ်ယောက်ကို မတွေ့ခင် သူ့နာမည်ကို စမှတ် ထားရသည်။ ထိုအခါ အခု လာတွေ့မည့် လူမှာ နာမည်ပေါ် မူတည်ပြီး ဘယ်လို ပုံစံဖြစ်မည် ဟု စိတ်ဖြင့် ခန့်မှန်းမိသည် ။ မှန်သည့်အခါ ရှိသလို လွဲသည့် အခါလည်း ရှိသည်။ ဘာဘဲဖြစ်ဖြစ် ပျော်စရာ ။ ကျွန်တော်တို့သည် မိဘပေးထားသော နာမည်များနှင့် ပတ်သက်လျှင် ရွှေးချယ်ခွင့် မရကြ။ လူမှန်းသိတတ်လာသော အခါ တခါတလေ နာမည် ခပ်အောက်အောက် ခပ်ဆိုးဆိုး ပိုင်ဆိုင်ထားသူများက မိဘကို တခါ စိတ်ဆိုးမိတတ်ပြန်သည်။ အမေနှယ့် နာမည် လှလှလေး ပေးထားတော့ ဘာဖြစ်မှာလဲ ဟုဆိုကာ။ တချို့ကတော့ ကိုယ့်ဘာသာ ပြောင်းလိုက်သည် ။

နာမည်များနှင့်ပတ်သက်ပြီး ခေတ်အလိုက် ပြောင်းလဲလာပုံများလည်း မှတ်သားမိသည်။ ကျွန်တော့် အဖိုးအဖွားတွေ လက်ထက်က ဒေါ်ကြည် ဦးတင် ဒေါ်ငယ် ဦးသင် စသဖြင့် နာမည် ရိုးရိုးကြီးတွေ မှည့်ကြသည် ထင်သည်။ အင်္ဂလိပ်ခေတ်က ထို ဒေါ်ကြည် ဦးတင် ဒေါ်ငယ် ဦးသင်တို့မှ မွေးပြီး ဘိုအသိုင်းအဝိုင်းတွင် ကြီးပြင်းသူတွေက ရိုစီကြည်တို့ ရောဘတ်တင်တို့ ဖြစ်လာသည်။ မေမေတို့ ခေတ်နာမည်တွေကို ပြန်ကြည့်တော့ နာမည်တွေက နှစ်လုံးထပ်လေးတွေ တွေ့ရသည်။ မြင့်မြင့်ကြည် ယဉ်ယဉ်လှ တင်တင်ဝင်း သန်းသန်းမြင့် စသဖြင့် နောက် ခင်နှင့်စသည့် ခင်မြဝင်း ခင်မေဦး ခင်နွဲ့ကြည့် စသည်။ ယောက်ျားလေးတွေ ဆိုလျှင်လည်း အောင်နှင့်စသည့် အောင်မြင့် အောင်တင့် အောင်ထွန်း ဆိုတာမျိုးတွေ နောက် ခင်မောင်နှင့်စသည့် ခင်မောင်ဝင်း ခင်မောင်ထွန်း ခင်မောင်အေး ခင်မောင်သန်း ဆိုသည့် နာမည်မျိုးတွေ ။ ကျွန်တော်တို့ ခေတ်ကျတော့ သုံးလုံးထပ်နာမည်တွေများလာသည် ။ မျိုးဇော်အောင် ကျော်မင်းဦး သက်ဝေမိုး နေဝင်းမောင် နုယဉ်ထိုက် စန္ဒာဝင်း ဆိုတာမျိုးတွေ ။အခု ဒီဘက်ခေတ်မှာတော့ နာမည်ပေးပုံလေးတွေက လှချင်တိုင်း လှနေသည် ။ ကျွန်တော့် တူတစ်ယောက် နာမည်က ဇင်ဝေလျှံဇော် တူမလေးက မေသော်ရည်ဝင်း..။ ဒါမျိုး နာမည်လှလှလေးတွေ မကြာခဏ တွေ့ရပါသည် ။ ဥပမာ ဇာမီကို နေခြည်သက် ထူးမြတ်ကိုကို ဆိုတာလေးတွေ ။

ကျွန်တော့်မှာလည်း အထက်တန်း ကျောင်းသားဘဝ တည်းက မကောင်းတဲ့အကျင့်လေး တစ်ခုရှိသေးသည်။ သူများတွေကို နာမည်ပြောင်တွေ လိုက်ပေးသည့် အကျင့်။အတန်းထဲမှာ ကောင်မလေးတစ်ယောက်ရဲ့ ပတ်ပိုစ့်ပုံ သေးသေးလေးကို ကြည့်ရင်း မျက်နှာ အကျအနက အုန်းသီးနှင့် တူနေသည် ။ ဒီတော့ ဒီကောင်မလေး အုန်းသီးဖြစ်သွားတာ ဆယ်တန်းအောင်ပြီး နောက် လမ်းမှာတွေ့လည်း အုန်းသီး..။ ကိုယ်ကိုယ်တိုင်လည်း နောက်ရင်းပြောင်ရင်း ဒေဝဆိုတဲ့ နာမည်တစ်လုံး ရခဲ့သည် ။ (တခါတလေဆို အဲဒီ အဖြူအစိမ်း သူငယ်ချင်းလေးတွေကို အရမ်း လွမ်းမိပါသေးသည်။ ) ဂျီတီအိုင် တက်တော့ နာမည်ပေးရတဲ့အလုပ်နဲ့ ကျွန်တော်တို့ အဖွဲ့မအား…။ မျက်နှာလေးက ဝက်ပေါက် မျက်နှာလေးနှင့် တူပြီး အရပ် သိပ်မမြင့်သည့် ကောင်မလေးကို ကျွန်တော်တို့က ဝက်ကလေး လို့နာမည်ပေးလိုက်သည် ။ နောက်တခါ အသားညိုညိုနှင့် sexy ဖြစ်သည့်ကောင်မလေးကို ကျွဲလေး..။နောက်မျက်နှာက သွယ်သွယ်လေးနှင့် ကြည့်လို့ကောင်းနေသော်လည်း မည်သို့ ဖြစ်သည်မသိ ထို ကောင်မလေးနာမည်ကို ကြွက်…။

သူများတွေရဲ့ နာမည်တွေအကြောင်း လျှောက်ပြောပြီးနောက် ကျွန်တော့်နာမည် အကြောင်းလေးလည်း ပြောပြချင်ပါသည် ။ ရယ်စရာ နည်းနည်း ကောင်းတာက မေမေတို့က တစ်ဦးတည်း မွေးထားတဲ့ ကျွန်တော်ကို မွေးကတည်းက စလို့ နာမည်ပေါင်း မြောက်များစွာ ပေးထားလို့ ဖြစ်ပါသည်။ မွေးကာစကပင် စိုးထက်လင်း သန့်စင်ကို ။ နောက်တော့ ကျန်းမာအောင်ဆိုပြီး သံချောင်း ။ ဒါနဲ့မပြီးသေး အိမ်မှာ ခေါ်တဲ့နာမည် နောက်တစ်ခု ထပ်ရှိသေးသည် ။ နောက် သူငယ်တန်း ကျောင်းစတက်မယ် ဆိုပြီး နာမည်ရွေးတော့ စတွေ့ပါပြီ ။ အတော်လေးကို မိန်းမဆန်သည့် နာမည် ။ “သော်တာ”တဲ့။ ဘာရည်ရွယ်ချက်နဲ့ မှည့်ချ လိုက်သည် မသိ ။ သူငယ်တန်းမှ လေးတန်းထိ တလျှောက်လုံး ဆရာမတွေက မောင်သော်တာခေါ်လိုက် မသော်တာခေါ်လိုက် ။ စိတ်ညစ်ပြီး အိမ်ကို ပြန်ပြောတော့ သားရယ် ဆရာသော်တာဆွေ တစ်ယောက်လုံး ရှိပါတယ် တဲ့။ အဲ… ဘာမှမတတ်နိုင် ။ နောက်တော့ လေးတန်းစာမေးပွဲက မြို့နယ်စစ် ။ နာမည်ကို အတည်တကျ ပြန်ရွေးပြန်သည် ။ ကျွန်တော်ကလည်း တချိန်လုံး သော်တာ ဆိုတာကြီးကို ပြဿနာ ရှာနေတော့ သူတို့လည်းပြောင်းပေးဖို့ စဉ်းစားကြတော့သည် ။ နောက်တော့ အခု ကျွန်တော့ ကလောင် နာမည်ထဲက တစ်လုံး “လင်း”ပါသည် ခပ်မာမာ နာမည်လေးတစ်ခု မှည့်ပေးသည်။ ထိုဗေဒင်ဆရာကိုလည်း ကျေးဇူးတင်မိသည် ။မဟုတ်ရင် အခုထိကျွန်တော့်မှာ ကိုသော်တာ မသော်တာဖြစ်နေမှာလေ။

ပထမဆုံး ကဗျာစာအုပ်လေးတွေ လုပ်တော အထက်တန်းကျောင်းတည်းက သူငယ်ချင်းတွေ ခေါ်သည့် နာမည် ဒေဝ နှင့်ပဲ ရေးဖြစ်သည် ။ ဒါပေမယ် ဘလောဂ့်လုပ်မယ် စဉ်းစားတော့ ကျွန်တော်လည်း သူများတွေ နည်းတူ နာမည် လှလှလေးတော့ လုပ်ချင်သည်။ ခေါ်လို့လည်း လွယ်ရမယ် ။ မှတ်မိလွယ်မယ် ။ ယောက်ျားလည်းဆန်ရမယ် ။ သူများတွေ နှင့်လည်း မရောအောင် စဉ်းစားရင်း နာမည်ရင်းက လင်း ကို နောက်ထပ် ဒေဝနဲ့လည်း အသံသွားပုံ သိပ်မကွဲတဲ့ ဒီပ ဆိုတာလေး စဉ်းစားမိသည်။ နောက်တော့လည်း လင်းဒီပ ဖြစ်လာတော့သည် ။

အဆုံးသတ်ပြောရလျှင် ကျွန်တော်သည် ကိုယ်ကိုယ်တိုင် နာမည်တွေ အများကြီး ပိုင်ဆိုင်သလို နာမည်များကိုလည်း စိတ်ဝင်စားတတ်သူ တစ်ယောက်ဖြစ်ပါကြောင်း..။

(ကိုမင်းအိမ်ဖြူTag ထားတဲ့ နာမည်အကြောင်း ပို့စ်လေးပါ။ ကိုမင်းအိမ်ဖြူ ကျေနပ်မယ်ထင်ပါတယ်။)

လင်းဒီပ
၎.၆.၀၉

15 comments:

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျေးဇူးတင်ပါတယ်ဗျာ.

မင်းအိမ်ဖြူ Minn Eain Phyu said...

ရေးပေးတာတော့ကျေးဇူးတင်၏ ၊၊ သို.သော်မပြည့်စုံ ကျွန်တော် Tag တဲ့အထဲမှာ သဲကိုးဖြာလေးလည်းပါတယ်လေ နောက်တာပါ ကိုဒီပရေ ဘာဖြစ်ဖြစ်မအားတဲ့ ကြားက အလုပ် ရှူပ်အောင် အတင်းအပူကပ် မိတာတော့ ခွင့်လွှတ်ပါဗျာ ....
နာမည်တွေကိုစိတ်ဝင်းစားသောကိုဒီပ သဲကိုးဖြာလေး နှင့် ပျော်ရွှင်ပါစေဗျာ နော....
ကျေနပ်တယ်ဟုတ် .....

မယ့်ကိုး said...

နာမည်ပေးကောင်းတဲ့ ကဗျာဆရာကို လမ်းမှာ တွေ့  ရင်တောင်...
လက်ဖက်ရည်ဆိုင်သွားရအောင် ဆိုတဲ့ စကားဝှက်မသုံးရဲလောက်အောင်...:)

MANORHARY said...

လင်းသော်တာ..း)

ရွှေပြည်သူ (ShwePyiThu) said...

ကိုစိုးထက်လင်း (ခ) ကိုသန့်စင်ကို (ခ) ကိုသံချောင်း (ခ) ကိုသော်တာ (ခ) ကို--လင်း-- (ခ) မောင်ဒေဝကလေး (ခ) ကိုလင်းဒီပရေ... “လင်းဒီပ” ဆိုတဲ့ ကလောင်နာမည်က ထူးခြားပြီး စာအရေးအသားနဲ့လည်း လိုက်ဖက်တယ်လို့ ထင်မိပါတယ်။

မှတ်ချက်။ ။ ဒီ Comment ကို နာမည်ခေါ်ရင်း သောက်ဖို့ ရေဗူးဘေးမှာချပြီး (အလိုက်သိစွာနဲ့) “ခပ်တန်းတန်း”လေး ရေးသွားပါတယ်း))

အိုင်လွယ်ပန် said...

ဟုတ်ပါပြီ ကိုသော်တာ ...
လဘ္ဘက်ရည် သွားသောက်ရအောင် :)

လွတ်ငြိမ်းလေပြေ (breeze) said...

ဒါဆို လက်ရှိ နာမည်က ... မာမာလင်း ... ဖြစ်ရမယ်
း)

sait phay yar said...

လင်းလင်း ရေ လာဆိုတော့ လာတယ်။
လာတော့လည်း လောလောလောလောနဲ့
လာရာလမ်းကိုပြန်လိုက်တော့တယ်။
အဟ

မိုးခါး said...

နာမည်ပို့စ်လေး အလည်လာရင်း ဖတ်ပါတယ် ..
း))

Anonymous said...

သယ်ရင်းရေ ကြွက်ဆိုတဲ့ ကောင်မလေးတော့ မြင်ဖူးချင်သား :P

Eaindra said...

လင်းဒီပ....

လင်းဒီပ...

လင်းနဲ့ ဒီပ နဲ့က အတူတူပဲ...

သည်းကိုဖြာက

လင်းခေါ်သလား...
ဒီပခေါ်သလား...

စိတ်ဝင်စားတယ်

အိန္ဒြာ

မမသီရိ said...

when i was teenager,
i always used to take note the lovely names from Myanmar Radio.

i was also name crazy.. :)

Anonymous said...

ပို့စ်ကိုမပျင်းအောင်ရေးတတ်ပါပေ့.. နာမည်ရင်းကျပါဘူးနော်..

မသက်ဇင် said...

လင်းဒီပရေ
လာဖတ်သွားတယ်နော်
လင်းဒီပ အမည်လေးနဲ့ ရေးတဲ့စာတွေလိုက်ဖက်ပါတယ်
ခင်မင်လျက်

jr said...

သော်တာ ..??
ဟီးဟီးဟီးး))