Wednesday, January 14, 2009

အားမလျော့နှင့်ရောက်လုပြီ..ကြိုးစားတက်ပါမည်..(၂)


တစ်ညလုံး ပင်ပန်းထားပေမယ့် ကောင်းကောင်း အိပ်မပျော်.။ မနက် ငါးနာရီလောက်တည်းက နိုးနေသည်။ မျက်နှာသစ်သံ စကားပြောသံတွေ ကြားနေရသည်။ ကောင်းကောင်းတောင် မအိပ်လိုက်ရ။ စောနေသေးတော့ ခဏမှိန်းနေပြီး ခြောက်နာရီခွဲလောက်ထ ကိုယ်လက်သန့်စင် နေမောင်ကိုနိုးပြီးတော့ မနက်စာကို လက်ဖက်ရည်ဆိုင်သွားစားကြသည်။ အလွန်စားချင်နေသည့် ပဲပလာတာ ဆီရွဲရွဲလေး အခုမှ စားရသည်။ (ကောင်းလိုက်တာ) နောက်တော့ ဘုရားပေါ် တက်ကြသည်။ အခုမှ ကြည့်မိသည်။ မိန်းကလေးများအား စကတ် ဘောင်းဘီများနှင့် ဘုရားပေါ်တက်ခွင့်မပေး ။ အဝတ်လဲခန်း လုပ်ပေးထားသည်။ လုံချည်နှင့်ပဲ တက်ခွင့်ရသည်။ တချို့ မိန်းကလေးတွေက ဘောင်းဘီရှည်ပေါ် လုံချည် ထပ်ဝတ်ထားသည်။(ကတ်သီးကတ်သတ်) နိုင်ငံခြားသူများတော့ လုံချည်ဝတ်ရန် မလို။ အင်း သူတို့ကို လုံချည် ပေးဝတ်ရင်လည်း ဂေါပကလူကြီးတွေ အလုပ်ရှုပ်ကုန်မည် ထင်ပါသည်။:P..)

နောက်တော့ ဘုရားပေါ်တက်ကြသည်။ လေလေးက တဖြူးဖြူး..မနက်စောစော ဘုရားရှိခိုးရတာ ကြည်နူးစရာ။ ရွှေသင်္ကန်းကပ်တော့ လေက တဝူးဝူး.. ရွှေစလေးတွေက ဘုရားတည်ထားရာ ကျောက်တုံးကြီးပေါ်မှာသာမက လက်မှာပါ လာကပ်တော့ လက်လက် လက်လက်နှင့် ပျော်စရာ..။ ဒီစိတ်အေးချမ်းမှုတွေ ကြည်နူးကျေနပ်စရာ ဘုရားရင်ပြင်တော်ပေါ်မှာ နေရတာက မနေ့ညက ပင်ပန်းမှုတွေက ဘာမှမဟုတ်တော့။ ခဏနေတော့ ကျီးပါးစပ် ဘက်သွားကြသည်။ ဆေးမြစ်စုံ တောင်ဆိတ်ဆီ စသဖြင့် ဆေးဆိုင်တန်းလေးတွေ လက်ဆောင်ပစ္စည်းဆိုင်တွေ မုန့်ဆိုင်တွေက အရင်လိုပင်။ကလေးတုန်းကလို အကြာကြီး မငေးမိတော့။ အရင် အခေါက်လာတုန်းက သူငယ်ချင်းကို ဈေးသည်က ဖျံသိုဆိုပြီး ညာရောင်းလိုက်တာ အမှတ်ရလို့ ပြုံးမိသေးသည်။ကျီးပါးစပ်ရောက်တော့ အလှူခံတွေကလည်း အေးအေးဆေးဆေးပင်။ အရင်တုန်းကလို မဟုတ်တော့။ ရေတံခွန်ဘက် ဆက်သွားလို့ရတယ် ဆိုပြီး လမ်းညွှန်ထားသည်။ ဖြတ်လမ်း (၄၅)မိနစ်ဟုပင် ရေးထားသေးသည်။ နှစ်ယောက်သား စဆင်းတော့ (၉)နာရီ။ ဖြတ်လမ်း ဟုတ်မဟုတ်တော့ မသိ။ အတော်လေး ဆင်းရသည်။ လမ်းကလည်း ကြမ်းသည်။ လမ်းမှာ ခဏနားနေတုန်း အောက်ဖက် ကနေ သစ်မြစ် သစ်ခက်တွေ ဟင်းရွက်တွေကို ပလိုင်းလေးတွေ ကိုယ်စီနှင့် ကရင်မလေးတွေ တက်လာသည်။ ဘယ်ဘက်ကလာကလဲ မေးတော့ ဟိုးခပ်ဝေးဝေးကို လက်ညှိုးထိုးပြသည်။ ပြပြသာ မြင်ရသည်။ မနက်(၄)နာရီလောက် ထတက်လာသည်တဲ့။ ရောင်းစရာလေးတွေ စုလိုက် တောင်ပေါ် တက်ရောင်းလိုက်ပေါ့။ အင်း..ကြမ်းတမ်းလိုက်တဲ့ ဘဝတွေ။ နောက် ဆက်ဆင်းတော့ ရေခဲထုပ်ရောင်းနေသည် ရှစ်နှစ်ကိုးနှစ်ဝန်းကျင် ကလေးမလေးတွေကို တွေ့သည်။ နေမောင်က ရေခဲထုပ် မဝယ်ဘဲ မုန်းဖိုးပေးခဲ့သည်။မင်းလူရဲ့ ရေခဲချောင်းသည်ကလေး ဆိုတဲ့ ကဗျာလေး အမှတ်ရသည်။
ထမင်းတစ်လုတ်
စာတစ်အုပ်
ကျွန်ုပ်ဘာကိုရွေးရမယ်။


တောင်ကြောတွေအတိုင်း ဆင်းလာ ဝါးရုံပင်လမ်းလေးတွေဖြတ်နှင့် အတော်သွားပြီးမှ ရေတံခွန်ရောက်တော့သည်။ အချိန်က မနက်(၁၁)နာရီ။ ကောင်လေးတွေ ကောင်မလေးတွေ တရုန်းရုန်း ရေချိုးနေကြသည်။ ရေတံခွန်က သိပ်မကြီးလှ။ ကျွန်တော့်တို့ နှစ်ယောက်လုံး ရေမချိုးဖြစ်ကြ။ ဆိုင်လေးထဲကနေ အပျော်တွေကို ထိုင်ပြီး သဲ့ယူနေမိသည်။ ဆိုင်ကလေးက စုံသည်။ ရေချိုးဖို့လည်း ဖိနပ်တွေ ဘောင်းဘီတွေ ရောင်းသည်။အပြန်ကိုတော့နောက်တစ်လမ်း ရွေးရသည်။ ကိုးနဝင်းကျောင်းဖက်လမ်းက ပိုကောင်းသည်။ ကိုးနဝင်းကျောင်းနားမှာ စေတီလေးတွေ လမ်းတဖက်တချက်စီ တည်ထားပုံက ကြည်နူးစရာ ငြိမ်းချမ်းမှု သဘောဆောင်သည်။ အပြန်လမ်းမှာ ဖရဲသီးစိတ်ကလေးတွေကို ဗန်းနဲ့ထည့်ပြီ့း အဒေါ်ကြီးတစ်ယောက် ထိုင်ရောင်းနေသည်။ သူနားမှာ လည်း လူတွေက မောမောနှင့် ဖရဲသီးစိတ်လေးတွေ ထိုင်စားရင်း နားနေကြသည်။လမ်းက ဖုန်တသောသော။ ဖရဲသီးစားမလား မေးတော့ နေမောင်က မစား။ ကျွန်တော့်က စားပါကွ ဖရဲသီးက ဖုန်လေးတွေနဲ့ဆိုတော့ ပိုချိုတယ်လို့နောက်လိုက်တော့ စားနေတဲ့လူတွေ အားလုံး ဝိုင်းရယ်ကြသည်။ ကျွန်တော်တိုလည်း ဖရဲသီးစားပြီး နားနေလိုက်သည်။ တကယ်လည်း မောနေတော့ ပိုချိုသည်။ တောင်ပေါ် ပြန်ရောက်တော့ (၁)နာရီလောက် ရှိပြီ။ ထမင်းစားပြီးတော့ တည်းခိုခန်းမှာ ခဏ ပြန်နားကြသည်။ ညနေစောင်းတော့ ကျိုက်ထိုဟော်တယ်နှင့် မျက်နှာခြင်းဆိုင်က ဆိုင်လေးမှာ လက်ဖက်ရည် သွားသောက်ဖြစ်သည်။သူ့ဆိုင်လေးက ဟိုးအဝေးက တောင်ကြောတွေကို ငေးလို့ရသည်။ တောတောင်ရေမြေ စိမ်းလန်းခြင်းတွေက လူကို လန်းဆန်းစေသည်။

ညရောက်တော့ ဘုရားပေါ်ပြန်တက်ကြသည်။ ဘုရားရှိခိုးပြီး ဆိုင်တန်းတွေဆီ ဆင်းလားတော့ နေ့လည်ကတည်းက စားချင်နေသည့် ကီးမားခေါက်မုန့်နှင့် ထန်းလျက်ရည်နှင့်လုပ်သည့် ခေါက်မုန့်ဝယ်စားဖြစ်သည်။ နေမောင်ကတော့ သူ့ကောင်မလေးဖို့ အုန်းခွံရောင် ဆွယ်တာလေး ဝယ်သည်။ ဝင်ရွေးပေးရင်း ကြိုက်တယ်ဆို မင်းရွေးတာလို့ပြော..မကြိုက်ရင် ငါရွေးတာလို့ ပြောပေါ့ကွာလို့ နောက်ဖြစ်သည်။ ည(၁၁)နာရီလောက် ပြန်လာခဲ့သည်။ မနက်ဖြန်ဆို စောစောထ ဆင်းရမှာလေ။

မနက်(၅)နာရီခွဲလောက်မှာ စဆင်းလာကြသည်။အိတ်တွေကို တည်းခိုခန်းရှေ့လာစောင့်နေသည့် အထမ်းသမား ကောင်မလေးကို အပ်လိုက်သည်။ အိတ်ကလေး နှစ်လုံးတည်းကို ခုနှစ်ထောင် တောင်းသည်။ နဂိုတည်းက အထမ်းသမား ဆိုက်ကားသမားဆို ဈေးမဆစ်ရက်တဲ့စိတ်က ဘာမှ ထပ်မပြောဖြစ်။ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ဆင်းလာလိုက်တာ ရေမြောင်ကြီးရောက်တော့ (၈)နာရီ မထိုးသေးပေ။ လမ်းမှာ လူတွေက စည်စည်ကားကား။ အခုမှ အရင်က တောင်တက်တောင်ဆင်းတဲ့ အရသာ ပြန်ရသည်။ လမ်းမှာ အတူတူ ဆင်းရင်း မိတ်ဆွေဖြစ်သွားသည့် ကောင်လေးရယ် နေမောင်ရယ် ကျွန်တော်ရယ် သုံးယောက်သား ရေမြောင်ကြီးမှာ နားဖြစ်သည်။ မနက်စာ ထမင်းကြော်သုံးပွဲ..ဆတ်သားခြောက်တစ်ပွဲ..ကော်ဖီသုံးခွက်ကို တစ်သောင်း ရှင်းလိုက်ရသည်။ အင်း..ရေမြောင်ကြီး ပေကိုး။ တောင်ခြေ ရောက်တော့ အထမ်းသမားက မရောက်လာသေး။ သူက ကားနှင့်ဆင်းတာလေ။ခေတ်တွေက ပြောင်းသွားပြီ။ ကားခက (၁၈၀၀)ဆို အိတ်တွေပါ တင်လို့ရသည်။ဆိုတော့ ကျွန်တော်တို့ဆီက ခုနစ်ထောင်ကို ကားကနုတ်ပြီး ကျန်တာယူ ကားလေးနှင့် ဆင်းလာရုံ။ ကျွန်တော်တို့နှစ်ယောက် ရယ်ဖြစ်ကြသည်။

ကျွန်တော်တို့ရဲ့ Window Typed Fully Air-con Express ကားကြီးဆီ ရောက်တော့ လူတွေ စုံနေပြီ။ ကားကြီးက ကျွန်တော်တို့တွေကို ရန်ကုန် ရွှေမြိုတော်ကြီးဆီ ပြန်လည်ခေါ်ဆောင် လာခဲ့ပေတော့သည်။
လင်းဒီပ
၁၄.၁.၀၉

12 comments:

ကိုအောင် said...

ကောင်းလိုက်တဲ့ ဘုရားဖူး ခရီးစဉ်လေးဗျာ မြန်မာပြည်ကို
အရမ်းလွမ်းသွားတယ်။ စာအရေးအသားက အရမ်း
ကောင်းတယ်။

တင့်ထူးရွှေ said...
This comment has been removed by the author.
တင့်ထူးရွှေ said...

အစ်ကို့ရဲ့ ခရီးသွားမှတ်စု ကိုဖတ်ရင်း ကျိုက်ထီင်္းရိုးဘုရားဖူး တစ်ခေါက်ထပ်ရောက်သွားသည် ။

Anonymous said...

တော်တော် နှံ့သွားတာပဲ ရေတံခွန်ပါရောက်သွားတာပဲ ကျနော်တော့ ခြေထောက်တွေနာလို့ ကျောက်ထပ်ကြီးတောင်မသွားဖြစ်ဘူး ခရီးမှတ်တမ်းလေး ပျော်စရာ ကျေးဇူးပါ။ ဟိဟိ ဖျံသိုမ၀ယ်နဲ့ အစစ်လားလို့မေးရင် “အင်” လို့ဖြစ်လိမ့်မယ် တွေးကြည့်သေချာ ဘာအင်တာလဲး)

ခေါင်ခေါင် said...

ပျော်စရာကြီး.. စိတ်ကူးထဲမှာ တစ်ခါတည်း ကျိုက်ထီးရိုးတစ်ခေါက်ရောက်သွားတယ်...

ခေါင်တို့သွားတုန်းက.. ရေတံခွန်သွားတဲ့လမ်းမှာ
ခေါင်ကျွမ်းထိုးကျတာ တောင်ပြန်မှတ်မိသေးတယ်.. အဟဲ.. လမ်းက အရမ်းကြမ်းလို့လေ...

ညိမ်းညို said...

ဒီနေ့ တောင်ပေါ်ကို အပြီးလိုက်တက်ခဲ့တယ်
နေရာစုံလည်ခဲ့တယ် :)

ပျော်ရွှင်ပါစေခင်ဗျာ

ဖြိုးငယ် said...

ကောင်းပါ့အကိုရေ .. ဘုရားဖူးခရီးစဉ်လေးကို ဖတ်ရတာ အရမ်းလည်းကြည်နူးဖို့ကောင်းတယ် ..
ညီလည်း အရမ်းထပ်သွားချင်တာပဲ ..
၈ တန်းနှစ်တုန်းကပဲရောက်တယ် ..
အခု အကိုရေးထားတာဖတ်ရတာ .. ကျွန်တော်ပါ
သွားနေရသလိုပဲ

မောင်ဖားကြီး said...

ဒီနှစ်မရောက်ဖြစ်ပေမယ့်
ကိုလင်းဒီပစာကိုဖတ်ပြီး.. တစ်ခေါက်ရောက်ခဲ့ပြန်ပြီ
အရေးအသားကြောင့် ကိုယ်တိုင်သွားရောက်ဖူးမျှော်ရသလိုပါပဲဗျာ

ကောင်းကင်ပြာ said...

ကိုယ်တိုင်ရောက်သလိုခံစားရပါတယ်

အိုင်လွယ်ပန် said...

စိတ်ထဲမှာပဲ..ပို့စ်လေးဖတ်ရင်းတစ်ဝဖူးသွားတယ်ဗျာ ...

Anonymous said...

သွားချင်လိုက်တာ.. သွားချင်လိုက်တာ..
ဈေးကလည်းအကုန်ကြီး.. ဘိုလုပ်ရပါ့?

မမသီရိ said...

ဘုရားဖူး ..အလည် လိုက် ခဲ့ တယ်....
ရွှေစက်တော် တို့ ဘာတို့ သွားပါ အုံး...