တစ်ယောက်က တစ်ယောက်ကို တိမ်တွေလို လှမ်းငေးဖို့မလိုဘူး။
မင်းယုံကြည်ရာဆီ မင်းရွက်လွင့်
ငါယုံကြည်ရာဆီ ငါရွက်လွင့်ကြတာ
ကိုယ့်ပင်လယ်နဲ့ကိုယ် ကိုယ့်သမုဒ္ဒရာနှင့်ကိုယ်
ကိုယ်မုန်တိုင်းနဲ့ကိုယ် ကိုယ့်မူးစရာ လှိုင်းနဲ့ကိုယ်။
ကိုယ့်ဖိနပ်နဲ့ကိုယ့်လမ်း သဟဇာတဖြစ်ရင် တော်ပြီ။
ကိုယ့်ပန်းအိုးနဲ့ ကိုယ့်နှင်းဆီ အဆင်ပြေရင် တော်ပြီ။
ကိုယ့်မနက်ခင်းမှာ ကိုယ့်နေမင်းနဲ့ အနွေးဓာတ်ရရင် တော်ပြီ။
ကိုယ့်လရောင်နဲ့ ကိုယ့်အမှောင်ကို ခရီးဆက်လို့ရရင် တော်ပြီ။
မင်း အထင်ကြီးစရာ ဘာသာစကားလေးငါးမျိုး ငါမတတ်ဘူး။
မင်း ငေးမောစရာ ပင်လယ်ရပ်ခြား ခရီးတွေလည်း ငါမသွားဖူးဘူး။
ဖြတ်သန်းသလို ချရေးတဲ့ ဒိုင်ယာရီ
ဖတ်လို့ကောင်းမယ့် စကားလုံးတွေ ရှိချင်မှ ရှိမှာ…
ယုံကြည်သလို ပြောလိုက်တဲ့စကား
ပြဇာတ်မင်းသားမဟုတ်တော့ ဒိုင်ယာလော့တွေ မကောင်းဘူး။
ကြိုက်သလို တွေးပေါ့
ငါက ကာတွန်းထဲက ပြောင်ချော်ချော် ဇာတ်ရုပ်တစ်ရုပ်
သူရဲကောင်း ဝတ္တုတွေထဲက မထင်ရှားတဲ့ ဇာတ်ကောင် တစ်ကောင်။
ထားပါလေ
လူ့ဘဝက ဒီလောက်ပါပဲ
ဆယ်စုနှစ် ငါးခု ခြောက်ခုလောက် ဖြတ်သန်းကြရုံပါ
ဘာအတွက်မှ အပန်းမကြီးချင်ဘူး။
ခက်နေတာ …
ငါကလည်း
ငါ့အရိပ်ပေါ် တံတွေး လာလာထွေးရင်တောင်
ဟုန်းကနဲ ထထ တောက်တတ်တာ…..။
လင်းဒီပ
၁၀.၆.၀၉