Wednesday, November 3, 2010

တစ်ဖက်ကမ်းက ညီ

ညီလေးရေ

မင်းနဲ့ငါ

ဆန့်ကျင်ဘက်အရောင်တွေအောက် နေထိုင်ကြ

တို့နှစ်ယောက်ရဲ့ ညီအစ်ကိုတေးကို ဘေးလူတွေ စကားတင်းဆိုကြ။

ညီလေးရေ

မင်းနဲ့ငါ

သမုဒ္ဒရာတွေရဲ့ ဟိုဘက်ဒီဖက်နေထိုင်ရင်း

တူတဲ့အတွေးနဲ့ ငြိမ်းချမ်းရေးအကြောင်း ပြောကြ

သွေးချောင်းတွေ ရပ်တန့်ရေး နိုင်သလောက် ဆွေးနွေးမိကြ ။

ညီလေးရေ

မင်းနဲ့ငါ

အမှန်တရားကို ချစ်မြတ်တာချင်းလည်းတူ

အနုပညာကို ငယ်ရည်စားထက် ပိုချစ်တာချင်းလည်းတူ ။

ညီလေးရေ

မင်းကို ငါယုံတယ်

ကဗျာကို ချစ်တဲ့လူဟာ

အမှန်တရားကို ချစ်တဲ့လူဟာ

လောကပါလတရားကို

အမက်မောဆုံးအဝတ်တစ်ထည်လို ဝတ်ဆင်လိုစိတ် ပြင်းပြတယ် ။

ညီလေးရေ

ခေါင်ဆိုးကြီးကို ခွာမချနိုင်ခင် စပ်ကြား

မင်းနိုင်တဲ့ အားလေးနဲ့

အမှန်တရားလက်နှိပ်ဓာတ်မီးလေး

မင်းချစ်တဲ့ ရွာလေးတွေ ဘေးကင်းဖို့ လင်းနိုင်ပါစေ ။

ညီလေးရေ

မင်းကိုယ်ပေါ်က လိပ်ခွံကြီး ခွာချဖို့တော့

မင်းရော ငါရော ကမ္ဘာကြီးကရော ကြိုးစားလို့ ။


လင်းဒီပ

၀၃.၁၁.၁၀

4 comments:

မိုးယံ said...

ဟုတ်ကဲ့ နိုင်သလောက် ကြိုးစားပါ့မယ်။ အရမ်းကောင်းတဲ့ ကဗျာ လေးပါ။ အရမ်းကြိုက်တယ်။ အဲဒါမျိုးလေးတွေ ဆို ပိုပြီးဖတ်ချင်တယ်။

အမှတ်တရားကို ချစ်တဲ့လူဟာ လောကပါလ တရားကို အမက်မောဆုံး အ၀တ်တစ်ထည်လို ၀တ်ဆင် ချင်စိတ် ပြင်းတယ်။

မောင်မျိုး said...

ကျနော်က ညီမရှိတော့ အစ်ကိုတွေနေရာက မခံစားတတ်ဘူး ခုတော့ ဒီကဗျာလေးဖတ်ပြီး အဝေးရောက်နေတာချင်းတူတဲ့ အစ်ကိုတွေကိုတောင် သွားသတိရမိတယ် ကျေးဇူးပါ အစ်ကိုရေ ။

သိင်္ဂါကျော် said...

အမှန်တရားကို ချစ်မြတ်တာချင်းလည်းတူ
အနုပညာကို ငယ်ရည်စားထက် ပိုချစ်တာချင်းလည်းတူ။

တကယ်လည်း အဲလို ခံစားချက်တူတဲ့ လူချင်းဆို ပိုပြီး ရင်းနှီးကြတယ်နော်..

jr said...

မင်းကိုယ်ပေါ်က .. မဟုတ်ဘူးလား..

အဲလိုညီလေးတွေ များများရှိလာပါစေ။