Thursday, November 18, 2010

ပျက်သွားတဲ့ ရေဒီယို

ခံစားချက်အကျိုးအပဲ့ အပုံကြီးထဲ

မင်းနဲ့ ငါ ထိုင်နေလိုက်ပုံက

မုန်တိုင်းပြီးစ မြို့ပျက်ကြီးတစ်ခုလို…

တိုက်တစ်လုံး ပြိုကျသွားတာလား

တံတားတစ်စင်း ကျိုးကျသွားတာလား

မဟုတ်သေးဘူး

ဒါ ဗုံးတစ်လုံး ပေါက်ကွဲသွားတာ ။

(ပြန်စဉ်းစားတယ်)

ပထမရက်စွဲတွေမှာ

အနူးညံ့ဆုံးစကားလုံးတွေ ရွေးပြောခဲ့

အညင်သာဆုံး တွေ့ထိခဲ့

တစ်ယောက်လက် တစ်ယောက် မဆုပ်ကိုင်ရဲသလို

ဖြည်းဖြည်းချင်း လက်သန်းလေးချင်း စချိတ်ခဲ့

ရုပ်ရှင်ပိုစတာတွေထက်ကို ရိုမန်တစ်ဖြစ်လွန်း….

လူဆိုတာ ဘယ်လောက်ရွံစရာကောင်းလဲ။

သည်းသည်းလှုပ် ချစ်ကြတော့လည်း မင်းနဲ့ငါ

သည်းသည်းလှုပ် မုန်းပစ်လိုက်ကြတော့လည်း မင်းနဲ့ငါ

ကိုယ့်ဒေါသနဲ့ကိုယ် ဘဝတွေကို အပူပေးလိုက် အအေးခံလိုက်

ကိုယ်စီဇာတ်ညွှန်းတွေထဲမှာ အလဲအကွဲ။

ပြဌာန်းချက်အသစ်မှာ

ခံစားတိမ်းမူးလွယ်သောအနုပညာသမား အစား

ကဗျာဆရာငမူးဟု အစားထိုးရန်

စကားတီတာဆိုတတ်သော မိန်းကလေး အစား

စကားများလွန်းသော မိန်းမဟု အစားထိုးရန် ဆိုပြီး

ငါ့တို့အပေါင်းအသင်းတွေ ပြင်ဆင်ဖတ်ရှုရတော့မယ် ။

ချစ်သူတွေ ပြတ်သွားတာနဲ့ အလုပ်ပြုတ်သွားတာ ဘာကွာလဲ

တွားတက်လာတဲ့ အတွေးကို ပုတ်ချရင်း

“လာမပြောပါနဲ့ ခင်ဗျားတို့အချစ်အကြောင်း”

လေးဖြူရဲ့ သီချင်းဟောင်းကြီး အော်ဆိုလိုက်တယ် ။

ဒီနှစ်တွေထဲမှာ

နှစ်ယောက်လုံးနဲ့ဆိုင်တဲ့ ပွဲမျိုးကို မသွားမိဖို့

နှစ်ယောက်လုံး မတိုင်ပင်ဘဲ လုပ်မိကြလိမ့်မယ် ။

နှစ်ယောက်လုံးနဲ့ပတ်သက်တဲ့သူငယ်ချင်းတွေနဲ့

အခေါ်အပြော နည်းနေကြလိမ့်မယ် ။

ထွက်ပြေးလို့မရတဲ့ သံသရာကြီးထဲ

တစ်ယောက်ကို တစ်ယောက် ပုန်းဖို့ ကြိုးစားကြပုံ

ဘယ်လောက်ရီ(ရယ်)ဖို့ကောင်းလဲ

တို့နှစ်ယောက် ကစားနေတဲ့ပွဲက….။


လင်းဒီပ

၁၈.၁၁.၁၀

8 comments:

အိပ်မက်ရှင် said...

ကဗျာတစ်ပုဒ်ထဲက ကွဲကြေနေတဲ့ ရေဒီယို အပိုင်းအစတွေကို တစ်စစီ ယူကောက်ပွေ့ပိုက်မိရင်း ... ရင်ခွင်အစုံ မွန်းကြပ်လို့ သွားရပါကြောင်း ... ။

မောင်မျိုး said...

အချစ်ဆုံးပေးတဲ့ မင်းပေးတဲ့ အမုန်းတွေး)

mirror said...

အားကျမိတယ် ကဗျာဆရာရေ့..။း)

Anonymous said...

မျက်နှာချင်းမဆိုင်ဖို့ ရှောင်တယ် ဆိုတော့
ခံစားချက်ရှိသေးတယ်ပေါ့

သက်ထွေး said...

ခံစားတိမ်းမူးလွယ်သောအနုပညာသမား အစား
ကဗျာဆရာငမူးဟု အစားထိုးရန်
စကားတီတာဆိုတတ်သော မိန်းကလေး အစား
စကားများလွန်းသော မိန်းမဟု အစားထိုးရန်
------

အစစ်ပဲဗျား)

Anonymous said...

ရေဒီယိုအသစ်တစ်လုံးလောက်တော့ထပ်ရှာပေါ့ဗျာ ..

ခင်တဲ့
အုပ်ကြီး

jr.lwinoo said...

ဘယ်သူမှ ကိုယ့်အခန်းထဲမှာ မချိတ်ချင်တဲ့၊ အလကားရပေမယ့် ဈေးမပေါတဲ့ ပုံသေပန်းချီကားချပ်ကြီးပေါ့။

ရွှေပြည်သူ said...

တခါတခါ တွေးမိတယ်... ဒီလောက် လူတွေအများကြီးထဲမှာမှ လူနှစ်ယောက်တွေ့ဆုံပြီး မေတ္တာရှိသွားကြတာ ဘယ်လောက်များ ထူးခြားဆန်းကျယ်တဲ့ ရေစက်များလဲလို့... နောက်တော့လည်း “ထွက်ပြေးလို့မရတဲ့ သံသရာကြီးထဲ တစ်ယောက်ကို တစ်ယောက် ပုန်းဖို့ ကြိုးစားကြ”ပြန်ရော... (အဲဒီစာသား သိပ်ကြိုက်မိတယ်)

ခုတလော တွေးမိခံစားမိတာတွေကို ကိုလင်းဒီပကဗျာတွေထဲမှာ ကွက်တိလာတွေ့နေရတယ်...း)