Monday, November 8, 2010

ဒီနေ့ခေတ်လူငယ်က ဒီနေ့အမောမိုးသည်းထဲ….

ရောင်စုံနေ့ညတွေထဲ

ရောင်စုံသောကတွေ အစီအရီ လင်းလက်လို့ ။


စိမ်းလန်းတဲ့လမ်းတွေပေါ် ဘဝတွေက မစိမ်းလန်းဘူး။

ခိုင်ခံ့အဆောက်အအုံတွေထဲ စိုးရွံ့စိတ်နဲ့ မလုံခြုံဘူး ။


ကိုယ်တိုင်သွားကြည့်မှ ရှေ့ကမိတ်ဆွေအမောကို ကိုယ်ချင်းစာတတ်ရုံ

ကိုယ်တိုင်မှားပြီးမှ ရှေ့ကမိတ်ဆွေအမှားကို နားလည်ပေးလာရုံ


ကောင်းကင်ပဉ္စလက်အပြုံးထဲ

တတ်ခဲ့သမျှ အဌာရသတွေ စာမေးပွဲကျတယ် ။


ကမ္ဘာပျက်မှာလည်း ကြောက်ရ

မုန်တိုင်းနဲ့ ငလျင်လည်း ကြောက်ရ

ဇီဝဓာတုလက်နက်တွေလည်း ကြောက်ရ

အကြမ်းဖက်ဗုံးခွဲမှာလည်း ကြောက်ရ

ဘရိတ်မမိတော့တဲ့ ကြောက်ရွံ့ခြင်းတွေထဲ….


ဘာမှ မသိခြင်းက နိဗ္ဗာန်

မျက်နှာကို စစ်ဦးထုပ်အနွမ်းကြီးအုပ်

ကင်းတဲပေါ် ခြေပစ်လက်ပစ်အိပ်နေတဲ့လူလို

ဘဝကို အလွယ်တကူ ပုပ်သိုးလိုက်ချင်တယ် ။


ပြက္ခဒိန်က ဘဝကို တစ်ရွက်ချင်း ဆွဲဆုတ်တယ်

သစ်ရွက်တွေ ကြွေလာလိုက် သစ်ပင်ပေါ် ပြန်တက်သွားလိုက်နဲ့ …


ချစ်သူရေ

နှလုံးသားချင်း လမိုင်းမကပ်တော့တဲ့ ချစ်သူရေ…

တစ်ယောက်စီ မတူတဲ့စစ်ပွဲတွေမို့

တစ်ယောက်ဒဏ်ရာ တစ်ယောက် မစာနာဖြစ်ကြဘူး ။


ကျွန်တော်တို့က အိမ်မပြန်ဖြစ်တဲ့ မြစ်တွေပါ

နည်းနည်းလေး ရှုးတိုက်လိုက်ရုံနဲ့

ပြေးလိုက်မိတာ တစ်ဘဝလုံး ။


လင်းဒီပ

၀၈.၁၁.၁၀

6 comments:

မယ့်ကိုး said...

ဘာလို့ ဒီလောက်ထိထိရောက်ရောက် နှိပ်စက်နိုင်ရတာလဲး(

mirror said...

မိုက်တယ်ဗျို့.. ဟေဟေးးး

jr said...

နှလုံးသားချင်း လမိုင်းမကပ်တာ ထင်တယ်နော်ဗျ။

ထိထိရောက်ရောက် ကဗျာ။း)

ဂရေစ့် said...

လက်ဖွဲ့ ပေးမဲ့ကဗျာလာရှာတာ.....တွေ့ တဲ့ကဗျာပဲ လက်ဖွဲ့ လုပ်ပီးခံစားသွားတယ်....ဟိုဘက်ကအိမ်ပိတ်ထားလို့ ဒီဘက်ပြတင်းပေါက်အော်သွားတယ်...ဘယ်မှာလဲ တို့အတွက်ပို့စ်....

ကဗျာကကောင်းတယ်ဆိုတာအထူးပြောစရာမလို...

ရောင်စုံနေ့ညတွေထဲ
ရောင်စုံသောကတွေ အစီအရီ လင်းလက်လို့ ။
(တကယ်ပဲရောင်စုံသောကတွေမြင်သွားလား...)

စိမ်းလန်းတဲ့လမ်းတွေပေါ် ဘဝတွေက မစိမ်းလန်းဘူး။
(တကယ်ပဲမစိမ်းလန်းနိုင်တာကိုသိသွားသလား...)

ခိုင်ခံ့အဆောက်အအုံတွေထဲ စိုးရွံ့စိတ်နဲ့ မလုံခြုံဘူး ။
(မလုံခြုံတာလဲတွေ့ဖြစ်အောင်တွေ့ သွားတယ်....)

ကိုယ်တိုင်သွားကြည့်မှ ရှေ့ကမိတ်ဆွေအမောကို ကိုယ်ချင်းစာတတ်ရုံ (ကိုင်းခုတော့ ကိုယ်ချင်းစာတတ်ပီမဟုတ်လား...တကယ်မောတယ်...)

ကိုယ်တိုင်မှားပြီးမှ ရှေ့ကမိတ်ဆွေအမှားကို နားလည်ပေးလာရုံ (မြန်လိုက်တာ...ကိုယ်တိုင်မှားပီးသွားပြန်ပီလား..)

အဲဒီလိုခံစားသွားတယ်....တကယ်ရည်ရွယ်တာတော့မဟုတ်တန်ကောင်းပါဘု..

ခင်မင်တဲ့
ဂရေစ့်

သိင်္ဂါကျော် said...

တစ်ယောက်စီ မတူတဲ့စစ်ပွဲတွေမို့
တစ်ယောက်ဒဏ်ရာ တစ်ယောက် မစာနာဖြစ်ကြဘူး..။

အားလုံးက ဒဏ်ရာကိုယ်စီနဲ့ပဲနော်.. ကိုယ်က သူ့ကို အဆင်ပြေနေတယ် ထင်ပေမယ့် သူ့မှာလည်း ဒဏ်ရာတစ်ခုတော့ ရှိနိုင်တာပဲ..။

ဉာဏ်လင်းထူး said...

သူများရင်ကိုမြင်ဖို့ ကိုယ့်ရင်ကိုအရင်ဖွင့်တယ်။
ကိုလင်းဒီပ ဖွင့်ခဲ့တဲ့ပြတင်းမှာ
ကျနော်တို့ ကိုယ့်ရင်ဘတ်ကိုယ်ပြန်မြင်ခဲ့ကြတယ်။