Tuesday, December 14, 2010

ပုံရိပ်ဟောင်း(ပျော်ရာကျောင်းတော်)

“ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း”ဆိုတဲ့စကားမှာ “ပျော်ရာကျောင်းတော်”လို့ ထပ်ထည့်ရမလိုပါပဲ ။ စာသင်နှစ်ခြောက်နှစ် ပြက္ခဒိန်နှစ် လေးနှစ်လောက်တက်ခဲ့ရတဲ့ နည်းပညာတက္ကသိုလ်ကျောင်းသားဘဝ(အစ်ကိုတော် အစ်မတော်တို့ခေတ်ကတော့ စက်မှုတက္ကသိုလ် ကျောင်းသားဘဝ)မှာ မပျော်ခဲ့ရပါဘူး ။ မပျော်အောင်လည်း လုပ်တဲ့သူတွေက စနစ်တကျ လုပ်ခဲ့ကြတာကိုး ။

ကျွန်တော်အထက်တန်းတက်တဲ့ ကျောင်းက ကြို့ကုန်း စက်မှုတက္ကသိုလ်ကြီးနဲ့ ဘတ်စ်ကားတစ်မှတ်တိုင်ပဲဝေးပါတယ် ။ စက်မှုတက္ကသိုလ်ဝန်းထဲမှာလည်း သူငယ်ချင်းတွေ ရှိတော့ အထက်တန်းကျောင်းသားဘဝကတည်းက မကြာခဏရောက်ပါတယ် ။ စက်မှုတက္ကသိုလ်ဝန်းထဲမှာ ကျွန်တော်တို့ မုန့်စားလို့ရတယ် ။ stationary တွေ ဈေးသက်သက်သာသာနဲ့ ဝယ်လို့ရတယ် ။ ဘောလုံးကန်လို့ရတယ် ။ကျွန်တော်တို့ ရှစ်တန်းကိုးတန်းသူငယ်ချင်းတွေ အမြဲတန်း စက်မှုတက္ကသိုလ်ဝန်းထဲသွား ။ ကစား နဲ့ ဆယ်တန်းအောင်ပြီးရင် ငါတို့ ဒီမှာ တက်ရမှာကွလို့ မကြာခဏ အိပ်မက်ကြပေါ့ ။ တကယ်တန်း ဆယ်တန်းအောင်ပြီးတဲ့အချိန်မှာ တက္ကသိုလ်တွေက ချက်ချင်း မဖွင့်ပါဘူး ။ ဖွင့်တော့လည်း ကျွန်တော်တို့က မှော်ဘီဂျီတီအိုင်မှာ ပထမနှစ်နဲ့ ဒုတိယနှစ်ကို တက်ခဲ့ရပြီး တတိယနှစ်ကနေ နောက်ဆုံးနှစ်အထိ လှိုင်သာယာနည်းပညာတက္ကသိုလ်ကြီးမှာ ပညာတွေ ဆည်းပူးခဲ့ရပါတယ် ။ရွှေရုပ်ကလေးလို မက်မောအိပ်မက်ခဲ့တဲ့ ကြို့ကုန်းကျောင်းကြီးကို ချစ်လိုလျက်နဲ့ ဝေးခဲ့ရပါတယ် ။

အဲဒီတက္ကသိုလ် မတက်ရခင် စပ်ကြားမှာ အင်းစိန်ဂျီတီအိုင် နှစ်တစ်ရာပြည့်ပြီးသားကျောင်းတော်ကြီးမှာ Evening GTI ဆိုပြီး ဖွင့်တော့ ဆယ်တန်းပြီး အားနေတဲ့ ကျွန်တော်တို့တွေ ကျောင်းအိုကြီးရဲ့အရိပ်ကို ခိုလှုံခွင့်ရပါတယ် ။ အဲဒီဂျီတီအိုင် ကျောင်းတက်ရတဲ့အချိန်တွေက အပျော်ရွှင်ခဲ့ရဆုံး ကျောင်းသားဘဝပါပဲ ။ တက္ကသိုလ်မဟုတ်ပေမယ့် တကယ်ပျော်ရွှင်ခဲ့ရတဲ့ ပျော်ရာကျောင်းတော်ကြီးပါပဲ ။ ဆယ့်ရှစ်ဆယ့်ကိုး ဘဝမှာ အပျော်တတ်ဆုံးအရွယ်တွေ ။ ကျောင်းက ရုံးချိန်လွတ် တနင်္လာကနေ သောကြာ ညနေ ငါးနာရီက ရှစ်နာရီ ။ စနေ တနင်္ဂနွေ မနက်ရှစ်နာရီက ညနေသုံးနာရီ တစ်ပတ်လုံးတက်ရတော့ ဒီမျက်နှာတွေ မမြင်ချင်မှ အဆုံး ။ ရုံးချိန်လွတ်ဆိုတော့ ရုံးသမားအစ်ကိုကြီးတွေလည်း လာတက်ကြပါတယ် ။ သူတို့ကတော့ တကယ်ကို အောင်လက်မှတ်လိုချင် ပညာတတ်ချင်လို့ပါ ။ ကျွန်တော်တို့ လူငယ်တွေကတော့ တရုန်းရုန်းနဲ့ နေရတာကို ပျော်နေတာပါ ။

ကျောင်းဝန်းထဲမှာ ကျောင်းဆောင်အိုအို သစ်ပင်အိုအိုကြီးတွေနဲ့ ကျွန်တော်တို့က ညတွေကို ပျော်ရွှင်စွာဖြတ်သန်းလို့ ။ အငဲရဲ့ unplugged အခွေ ပေါက်နေတဲ့အချိန် ။ ဘာမဆိုင်ညာမဆိုင် …… မှတ်မိတယ် ဟိုးတုန်းက မန္တလေးညတွေ …. ဆိုပြီး ကျောင်းဝန်းကြီးထဲ အော်ဆိုရင်း ပျော်ကြပေါ့ ။ ဆရာ ဆရာမတွေက အလွန်အမတန်သဘောကောင်းသူတွေများပါတယ် ။ ကျောင်းအိုကြီးဖြစ်တဲ့အလျောက် lab တွေ workshopတွေမှာ စမ်းသပ်စရာ ကိရိယာတွေက အစုံအလင်ရှိ ပါတယ် ။drawing ဆွဲဖို့ အခန်းထဲဝင်လာတဲ့အခါ T-square က ပါမလာပါဘူး ။ T-square ပါတဲ့ သူငယ်ချင်းရဲ့စားပွဲပေါ် နေကြာစေ့ထုပ်လေး သွားတင် သူက အခွံလေးကိုက်ခွာလိုက် စားလိုက် အာရုံပြောင်းသွားတုန်း T-square လေးငှားတဲ့ နည်းလည်း ရှိပါတယ်။

ကျွန်တော်တို့ ကဗျာစာအုပ် ထုတ်မယ်ကြားတော့ ဌာနမှူးက ခေါ်တွေ့ပါတယ်။ ကျောင်းနာမည် မတပ်ဖို့ ။ ကိုယ့်ဘာသာလုပ်ပြီး ဖြစ်ရင် ရှင်းလို့ ပြောပါတယ် ။ ကျွန်တော်တို့လည်း တစ်နှစ်တစ်အုပ် စာအုပ်ကလေးတွေလုပ်ကြ ရောင်းကြ ပျော်ကြပေါ့ ။ ကျောင်းကထိန်လုပ်တဲ့အခါ သူငယ်ချင်းတွေ မေဂျာအမှတ်တရတီရှပ် အောက်ပိုင်းက စကတ်နဲ့ မိန်းကလေးလိုဝတ်ပြီး ကကြတာတော့ အမှတ်ရလို့ မဆုံးပါဘဲ ။

ကျောင်းတစ်ခုလုံးကို ကျောင်းရှေ့က လက်ဖက်ရည်ဆိုင်(ကန်တင်းပေါ့လေ)နဲ့ အနောက်ဖက်မှာ ဝါးနဲ့ မြေစိုက်တဲလေး ထိုးထားတဲ့ လက်ဖက်ရည် ခေါက်ဆွဲပြုတ်က စလို့ ပိတ်ရက်ဆို ထမင်းဟင်းတွေပါရတဲ့ ဆိုင်လေးတစ်ဆိုင် စုစုပေါင်းနှစ်ဆိုင်ပဲ ရှိပါတယ် ။ရှာချင်ရင် အရှေ့ဆိုင်မှာ မရှိ အနောက်ဆိုင်မှာ ပါပဲ ။ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ကားနဲ့ အားလုံးစုပြီး အင်းစိန်ပန်းခြံထောင့်က မန္တလေးဘီယာဆိုင်ကို ချီတက်ချင်လည်း ရပါတယ် ။ အင်းယားကို ညဖက် သွားချင်လည်း ရပါတယ် ။ အဲဒီတုန်းက မင်းဓမ္မလမ်းက မပြီးသေးပါဘူး ။ မင်းဓမ္မလမ်း တစ်လျောက်မှာ မီးမှိန်မှိန်နဲ့ လမ်းဘေး အကြော်ဆိုင်လေးတွေ ရှိပြီး ကျွန်တော်တို့အဖွဲ့တွေ သွားစားကြပေါ့ ။ ဒီနေရာလေးတွေကပဲ အမှတ်ရစရာလေးတွေအဖြစ် အခုထိ ကျန်ရစ်နေတော့တာပါပဲ ။

အခုပြန်တွေးကြည်တော့ လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုပါ ။ အချိန်တွေက တရွေ့ရွေ့စီးဆင်းသွားလို့ပါပဲ ။ အသက်တွေကြီးလာ နေရာတွေ ပြောင်းလာ နေရာအသစ်မှာ မိတ်ဆွေအသစ် သူငယ်ချင်းအသစ်တွေနဲ့ ဆက်စီးဆင်းကြရတယ် ။သူငယ်ချင်းဆိုတဲ့ ဘဝရဲ့ကြယ်စင်လေးတွေက ဒီလိုပဲ သူ့ရာသီ သူ့နက္ခတ်မှာ ပေါ်နေတတ်ပြီး တစ်ဘဝလုံး ယူလာလို့ မရပါဘူး ။ ကျောင်းအတူတူတက်တဲ့ တချို့သူငယ်ချင်းတွေနဲ့သာ အခုထက်ထိ အဆက်အသွယ်မပြတ် ရှိနေပြီး တချို့ကတော့ တခြားရေမြေမှာ တချို့က သဘောင်္တွေပေါ်မှာ တချို့ကတော့ ရွှေပြည်ကြီးထဲမှာပေါ့ ။ ဒီလိုပဲ စီးဆင်းနေရဦးမှာပါပဲ ။ ပုံရိပ်တွေ ဟောင်းနေပေမယ့် နွမ်းမသွားပါဘူး။ သူငယ်ချင်းတွေက ရင်ထဲမှာ အမြဲတမ်း လန်းလျှက်ပါပဲ ။


အစ်မ မကေရဲ့ ပုံရိပ်ဟောင်းများ တဂ်ပိုစ့်ပါ ။ အစ်မ မကေ ပျော်ရွှင်ပါစေ ။


ဒီပိုစ့်လေးနဲ့တွဲဖတ်ချင်ရင် အဟောင်းလေးနှစ်ခုရှိပါသေးတယ် ။

တိမ်တွေရေးတဲ့ကဗျာ(၁)

တိမ်တွေရေးတဲ့ကဗျာ(၂)


အားလုံးကို ခင်မင်လေးစားစွာ

လင်းဒီပ

၁၄.၁၂.၁၀

4 comments:

kay said...

ဟေး.. ပုံရိပ်ဟောင်း ကို.. မျက်စိ နဲ့ မြင်ကြည့်ချင်တာလေ..။ ခုတော့..ကဗျာဆရာ က..လူလည်ကျ သွားတော့.. ရင်ဘတ် နဲ့ပဲ ဖတ် သွားရ သပေါ့လေ..။

ကြယ်ပြာလေး ရော..မြရော..ပါတိတ် ၀မ်းဆက်ကလေးတွေရော..ကျစ်ဆံမြီးလေးရော..သနပ်ခါး ဘဲကြားလေးရော.. လက်သည်းလေးတွေ... ညှပ်မပြစ်ပဲ..ရှည်လျား စေသော.. ကဗျာဆရာလေး အား..အချစ်တတ်ဆုံးသူ ဂုဏ်ထူးဆောင် ဆု ပေးရန်..အထူးပင် ထိုက်တန် နေပေ တော့သည် တည်း..။း)

ကျေးဇူးပါ.. လင်းဒီပ..
(လင်းဒီပ ရဲ့.. ညီမလေး ကိုတော့..သိချင်နေပါပြီ.. )း)

Maung Myo said...

ပုံရိပ်ဟောင်းပါဆိုမှ နှုတ်ခမ်းမွှေးလေးပဲဖြစ်ဖြစ် နောက်ပြတ်နေတဲ့ ဖိနပ်လေးပဲဖြစ်ဖြစ် ၀ါးတားတား ကိုးရီးယားမင်းသားပုံလေးပဲဖြစ်ဖြစ် မြင်ရရင် ဟုတ်သေး ခုတော့ ပုံရိပ်ဟောင်းမျိားသာဆိုတယ် ကဗျာဆရာရဲ့ ပုံကို ဖော်ကြည့်တာ ဘာမှကိုမမြင်ရပါး) ဒါ ဘလော့လောကကြီးကို စော်ကားမော်ကား ပြုတာပဲ မောင်မင်းကို ကြောင်တရားသူကြီးက ဆင့်ခေါ်ပါတယ် ကြောင်းခေါင်းဖြတ်စက်နှင့်ဖြတ်စေတဲ့ ။

မှတ်ချက် ။ ။ ပုံရိပ်ဟောင်းထဲမှာ ၀ှက်ဖဲများရှိနေပါသေးသည် သည်အကြောင်း လုံးလုံးမှမဖတ်လိုက်ရပါ ( ဥပမာ - ပထမ လမင်းအကြောင်း ) ။

Anonymous said...

ပျော်ရာကျောင်းတော်မှာ ..ပျော်စရာတွေ ၊ပြောစရာတွေချည်းပဲဗျာ ..
ကျွန်တော်လည်း ကျောင်းတက်ရတဲ့ဘဝလေးကိုသတိရမိတယ်

လေးစားလျှက်
အုပ်ကြီး

မြူးမြူး said...

အယ်.. မှော်ဘီမှာကျောင်းတက်ခဲ့သေးတာကိုး.. ခုတလော မှော်ဘီကျောင်းမှာတက်ဖူးသူတွေနဲ့ ဘလော့ပေါ်မှာပြန်ပြန်တွေ့နေတယ်.. ကဗျာဆရာတို့ ချစ်တတ်ပုံများတော့ လိုက်လို့တောင်မမှီတော့ဘူး.. ပုံရိပ်ဟောင်းဆိုလို့ ဓါတ်ပုံလေးဘာလေး မြင်ရမလားထင်နေတာ ဘာပုံမှလဲ တင်ဘူးတော့.. ကပ်စီးနည်းလိုက်တာ..