Wild Life ဆိုသည့် စာတန်းပါသော အဖြူရောင်တီရှပ်ကလေးကို တောလမ်းကလေးမှာ ခရီးကြမ်းစက်ဘီးစီးတဲ့နေ့က ဝတ်မိသည် ။ မိုးရွာထားပြီး လမ်းက ညစ်ပတ်နေတော့ ငှားစီးသည့် Mountain Bike လေး၏ နောက်ဘီးမှ ယက်တင်သမျှ ရွံ့တွေ အင်္ကျီမှာ ပေကုန်သည် ။ ပြန်လျှော်တော့လည်း မဖြူတော့ ။ အပျောက်ပျောက်ကလေးတွေ အစွန်းအကွက်လေးတွေ ကျန်ခဲ့သည် ။
အဖြူရောင်ကို ငယ်ငယ်ကတည်းက ကြိုက်သည်။ ကျောင်းသားဘဝက ကိုယ့်အဝတ်အစား ကိုယ်လျှော်ဆိုပြီး မေမေက ခိုင်းတော့ အင်္ကျီတွေက မဖြူ ။ မဲနယ်ထည့်ဆိုးရတယ်ဆိုတော့ ထည့်လိုက်တာ အင်္ကျီမှာ အပြာရောင် အကွက်တွေ မညီမညာ စွန်းကုန်သည် ။ နောက်တော့လည်း လျှော်တတ်သွားသည် ။ အဖြူရောင်ကို အမြဲဝတ်ရသော ကျောင်းသားဘဝမှ စလို့ အလုပ်ထဲရောက်တော့လည်း အဖြူရောင်ကို ဆက်လက်ပြီး ခုံမင်စွာ ဝတ်မိပါသည် ။ အစွန်းအထင်းရှိတဲ့အခါ မပြောင်မချင်း ကြိုးကြိုးစားစား လျှော်နေမိသည် ။ အစွန်းချွတ်ဆေးလေးတွေ ဆောင်ထားသည် ။ အတတ်နိုင်ဆုံး ဖြူအောင် လျှော်မိသည် ။
စွန်းထင်းနေသော အင်္ကျီကို ဝတ်ထားပါက မေမေက ဆူပါသည် ။ ဖေဖေက ရုံးဝတ်သည့် ရှပ်အင်္ကျီ အိတ်ကပ်ထဲကို အမြဲတမ်း ဘောလ်ပင် ထည့်သည့် အကျင့်ရှိသည် ။အဖုံးက မကြာခဏပျောက်သည် ။ ပျောက်လည်း ဆက်ထိုးထည့်တော့ အိပ်ကပ်ထဲမှာ အမြဲတမ်း မှင်တွေ စွန်းနေတတ်သည် ။မေမေနဲ့ တကျက်ကျက် ။
Site အလုပ်ချင်းအတူတူ ဆိုပေမယ့် အရင်ကိုယ့်နိုင်ငံမှာတုန်းက အလုပ်ကို လက်ကြောတင်းအောင် မလုပ်တာလား လုပ်ရတဲ့ လုပ်ငန်းခွင်ကပဲ သန့်ရှင်းလို့ပဲလား မပြောတတ် ။ အဝတ်အစားတွေ အစွန်းအထင်း နည်းသည် ။ အခုနောက်ပိုင်း site ထဲဝတ်ဖို့ ဆို ခွဲထားသည် ဘောင်းဘီတွေ အင်္ကျီတွေက တစ်ခုမဟုတ် တစ်ခု အမြဲတမ်း အစွန်းအထင်းတွေ ရှိနေတတ်သည် ။ ဘယ်က ဘယ်လို ပေလာစွန်းလာ မှန်းပင် မသိတော့ ။ site ဆိုတော့ အဖြူရောင် မဝတ်သည့်တိုင်အောင် ပေမိစွန်းမိ စမြဲ ။ အသက်အရွယ်ကြောင့်ပေလား မသိ။ အစွန်းအထင်းတွေ အပေါ် ခံစားမှု သိပ် မပြင်းထန်တော့ ။ ပေနေ စွန်းနေလည်း လူအများကြားထဲ ဝတ်ပြီး ခပ်တည်တည်ပင် သွားလာနေထိုင်သည် ။ အရင်လို ပေနေစွန်းနေလည်း ဆူမယ့် မေမေ အနားမှာ မရှိ ။ အစွန်းအထင်းဆိုတာ ဘယ်သူ ကင်းလို့လဲ လို့ပင် ကိုယ့်ဘာသာ ဖြေတတ်နေပြီ ။
ငယ်ငယ်က ဖတ်ဖူးသော မောင်စိန်ဝင်းကဗျာလေးတစ်ပုဒ် မှတ်မိသည် ။ စာသားတွေ သေချာ အလွတ်မရတော့ ။ ဆိုလိုရင်းက သည်တစ်ပွင့်သာ ပန်းဟု မြင်တတ်သော သည်တစ်ပင်သာ ပန်းပင်ဟု ထင်တတ်သော ပျိုရွယ်စဉ်က ဆိုလျှင် ပွင့်ဖတ်လေးတစ်ဖတ် ပွင့်လွှာလေးတစ်လွှာ ကြွေလွင့်သွားလျှင်ပင် နင့်နင့်သည်းသည်း ခံစားကြေကွဲ တတ်သည် ။ပန်းဆိုတာ တစ်ပွင့်တည်းမဟုတ် ပန်းပင်ဆိုတာ တစ်ပင်တည်းမဟုတ်ဟု နားလည်လာသော အရွယ်မှာတော့ ပန်းတစ်ပွင့် ကြွေသွားတာမျိုးတောင် အဆန်းလုပ်ပြီး မငိုတတ်တော့ဘူး ဆိုသည် ။ “အလေ့ကျပန်း ညှိုးခွေနွမ်းလျှင် အဆန်းလုပ်၍ မငိုချင်” ဆိုပြီး အဆုံးမှာ ရေးထားသည် ။ခုလည်း ဒီလိုပါပဲ ။ အစွန်းအထင်းတွေ များနေတဲ့ ဘဝမှာ နောက်ထပ် အစွန်းအထင်းလေးတစ်ခုကို ထူးပြီး မခံစားတတ်တော့တာလည်း ဖြစ်နိုင်ပါသည် ။ Wild Life ဆိုသည် အစွန်းအထင်းတွေ ရှိသည့် တီရှပ်ကလေး ဆက်ဝတ်လို့ ရပါသေးသည် ။
လင်းဒီပ
၂၅.၁၁.၁၀
5 comments:
"အလေ့ကျပန်း ညှိုးခွေနွမ်းလျှင် အဆန်းလုပ်၍ မငိုချင်" ..
ဟုတ်တယ်.. အဆန်းလုပ်ပြီး မငိုတော့ချင်ပါ။
ကဗျာဆရာကြီးက အက်ဆေးတွေပဲ စွတ်လှိမ့်ရေးနေသော်လည်း ကောင်းပြန်တာပဲ။
အစွန်းအထင်းက မရှိတာအကောင်းဆုံးပေမယ့် ရုန်းကန်သွားလာနေသရွေ့တော့ ဘယ်သူကများ ရှောင်နိုင်မှာ မို့လဲ...
တကယ်ချောတဲ့ လင်္ကာချောချောပါ...
ဖတ်ရတာ တိုတယ်။
အချိန်ကပဲ ဒီပညာတွေပေးသွားတာနေမယ် နော် အစ်ကို ။
ဒူပေ ဒဏ်ပေ ခံသွားဟန် တူပါရဲ့ အကိုရာ.. :)
Post a Comment