Friday, July 8, 2011

စစ်ချက်

ရိုးသားခြင်းက

ခဏခဏကြိုးပြေလွယ်တဲ့ ဖိနပ်ကလေး ။


လမ်းရှိလို့ဖိနပ်ရှိတာလား

ဖိနပ်ရှိလို့ လမ်းဟာ ရပ်စောင့်နေခဲ့တာလား

လှေကားကြီးက အရပ်မြင့်လွန်းတယ် ။


မချစ်ဘဲ အောင့်ခါနမ်းခဲ့ရသမျှ

အမှန်တကယ်နမ်းရှိုက်မိတဲ့အခါ

အချစ်ပါရဲ့လား သံသယတွေ တဒိန်းဒိန်း ။


ကံတရားနဲ့ ကျေးဇူးခံကျေးဇူးစား မရှိချင်လို့

ထီလက်မှတ်များကိုလည်း ငြင်းပယ်ခဲ့တယ်။


စိမ့်ကြီးမြိုင်ကြီး ခိုးခစ်ရယ်သံ

မှော်ဆန်သောညများ

ရမ္မက်အလူးလူးနဲ့ နေထိုင်ခဲ့ဖူးပြီ ။


အနုပညာပင်ကျရည်စစ်စစ်ကလေးတွေနဲ့

ဘဝကို သူလို ငါလို မြည်းစမ်းကြည့်ဖူးပြီ ။


မှဲ့တစ်ပေါက်မက စွန်းခဲ့ပြီးတဲ့ တောလမ်းကလေးမို့

လင်းချင်သလိုလင်းနေတဲ့ နာတာရှည်ကြယ်ကလေးများနဲ့ ဒွေးရောယှက်တင်

ဘဝကို ပျော်တယ် ထင်ခဲ့တယ် ။


လင်းဒီပ

၀၅.၀၇.၁၁


6 comments:

Anonymous said...

သြော် အရက်တွေသောက်ပြီး ခြေလှမ်းတွေပျက်နေတယ်ပေါ့လေ :P

မအိမ်သူ said...

“လမ်းရှိလို့ဖိနပ်ရှိတာလား

ဖိနပ်ရှိလို့ လမ်းဟာ ရပ်စောင့်နေခဲ့တာလား

လှေကားကြီးက အရပ်မြင့်လွန်းတယ် ။”

အဲဒီလှေကားကို ဖိနပ်မစီးဘဲ တက်ဖို့ ကြိုးစားကြည့်ရအုံးမယ်... ဒါပေမယ့်လည်း အပေါ်မရောက်ခင် ပြန်ပြန်ဆင်းနေရတာက ခက်တယ်။

မမသီရိ said...

အမှန်က ကဗျာခါင်းစဉ်ကို ဖြောင့်ချက်လို့ ပေးရမှာကွဲ့
ဘယ်သူမှ ရိုက်မစစ်ပဲ ပြောနေတာ မို့လား..း)

မမ ကတော့ ကံတရားဆိုတာကြီးကို ကို မယုံကြည်ရဲလွန်းလို့ ထီလက်မှတ်တိုင်း ငြင်းပယ် မောင်လေးရေ..

မေသိမ့်သိမ့်ကျော် said...

ရိုးသားခြင်းကို မြဲမြဲ စီးဖို့ အမြဲကြိုးစားနေခဲ့တယ်။ မချစ်ဘဲ အောင့်ကာနမ်ရတဲ့ ဘဝကို ဆိုးလိုက်တာ လို့ အော်မိလိမ့်မယ်။ တကယ်နမ်းရှိုက်တဲ့အခါ အချစ်စစ်နဲ့ပဲ နမ်းရှိုက်ချင်မိတယ်။ ကဗျာလေးကို သေချာဖတ်ပြီးတွေးနေမိပါကြောင်း.....

ခင်မင်လေးစားလျက်

ပြည်ကောင်းအောင် said...

“လှေကားကြီးက အရပ်မြင့်လွန်းတယ်။
+++ အနုပညာပင်ကျရည်စစ်စစ်ကလေးတွေနဲ့
ဘဝကို သူလိုငါလို မြည်းစမ်းကြည့်ဖူးပြီ...”

လှေကားပေါ်မှာ အရပ် မနိမ့်မမြင့် မြန်မာလူငယ် တယောက်ကို တွေ့လိုက်မိတယ်..း))

ကျနော်က ကဗျာရေးလိုက်ရင် ထုံထုံထိုင်းထိုင်း သံပေါက်တွေပဲ ထွက်ထွက်လာလို့ ကဗျာအစစ်တွေ ကို လာငေးသွားတာပါ။

ကိုအောင်(ပျူနိုင်ငံ) said...

စစ်ချက်ဆိုလို့ တော်ပါသေးရဲ့၊ စစ်ကြောရေးဆိုရင် မလွယ်ဘူး ... :P