Friday, July 22, 2011

ငါ မဖျားတာ ဘယ်လောက်ကြာပြီလဲ

ငါ မဖျားတာ ဘယ်လောက်ကြာပြီလဲ

ငါ ဖျားချင်နေတယ် ။

ငါ့နဖူး ငါစမ်းကြည့်လိုက်တော့ နည်းနည်းနွေးနေတယ် ။

ငါ ဖျားလိုက်ဦးမယ် ။

ငါ ဖျားတဲ့အကြောင်း မေမေ့ကို ပြောရမယ် ။

မေမေက အကြောင်းအရာ ခွင့်တိုင်ကြားခြင်း စတာတွေ ရေးပြီး

ငါ့သူငယ်ချင်း ထွန်းထွန်းကတဆင့် ဆရာမဆီ ခွင့်တိုင်ပေးလိမ့်မယ် ။

ဖေဖေက သူဖော်ထားတဲ့ တိုင်းရင်းဆေးတွေ တိုက်လိမ့်မယ် ။

ဆေးခန်းလည်း သွားစရာမလို ။

ဆေးထိုးပြီးလည်း မျက်နှာကြီး ရှုံ့မဲ့နေစရာ မလို ။

မေမေက ငါ့အတွက် ကြက်သားနဲ့ မြူစွမ်ပြုတ်ပေးလိမ့်မယ် ။

အနွေးထည် တစ်ထည်လည်း ဝတ်ထားရလိမ့်ဦးမယ် ။

ကော်ဖီပူပူတစ်ခွက်နဲ့ ဖေဖေ့ တိုင်းရင်းဆေးခါးခါးတွေ ငါသောက်ရလိမ့်မယ် ။

ရွှေသွေး တေဇ မိုးသောက်ပန်းအဟောင်းတွေ ပြန်ဖတ်ရင်း အိပ်ရာထဲမှာ ဇိမ်ကျနေလိမ့်မယ် ။

မေမေကလည်း မကြာခဏ ငါ့နဖူးကို လာစမ်းမှာပဲ ။

ဖေဖေကလည်း သူ့ဆေးခါးခါးကြီးတွေ လေးနာရီခြားတစ်ခါလောက် တိုက်လိမ့်ဦးမယ်။

အခန်းထဲမှာ ပျင်းလာလို့ အိမ်ရှေ့ပြတင်းပေါက်နား ထွက်ရပ်ရင်

လေစိမ်းတိုက်မခံနဲ့ ဆိုပြီး ဖွားဖွားက အော်လိမ့်ဦးမယ် ။

ကျောင်းတစ်ရက် မသွားရတာနဲ့စာရင် အခန်းထဲမှာ ခွေနေရတာ တန်ပါတယ်။

ညနေစောင်း ကျောင်းကပြန်လာတဲ့ ငါ့သူငယ်ချင်းတွေ

လမ်းထဲ ဘောလုံးကန်ကြတဲ့အခါ ငါလည်း ကန်ချင်တာပေါ့ ။

ဖွားဖွားကို တစ်ချက်လှမ်းကြည့် သားနေကောင်းသွားပြီလို့ ပြော

ခွင့်ပြုချက်ရရင် ငါလည်း ဂိုးတွေ အများကြီး သွင်းဦးမှာပေါ့ ။

ငါ မဖျားတာ ဘယ်လောက်ကြာပြီလဲ

ငါ မဖျားတာ ဘယ်လောက်ကြာပြီလဲ

ငါ ဖျားဖို့ မေ့နေတာ ဘယ်လောက်ကြာပြီလဲ ။

ငါ မဖျားတာ…

ငါ မဖျားတာ…

ငါ မဖျားတာ အနှစ်နှစ်ဆယ် ကျော်သွားပြီ ။

လင်းဒီပ

၂၂.၀၇.၁၁

8 comments:

Anonymous said...

လင်းဒီပလား သူဖျားနေတယ် :p

Anonymous said...

လင်းဒီပလား သူဖျားနေတယ် :p

WWKM said...

လင်းဒီပ ဖျားများနေသလားလို့ သတင်းလာမေးသွားပါတယ်။
Take care brother, :)

Maung Myo said...

ဖလူစာ မလိုတော့ဘူးပေါ့း)

ကဗျာရဲ့ ဆိုလိုရင်းလေး ကိုယ့်ပါသာတွေးသွားတယ်ဗျာ ကျနော်လည်း ဖျားချင်သား မဖျားတာခက်တယ် ။

သက်ဝေ said...

ကိုယ်ကတော့ မကြာခဏ ဖျားတယ်...
ဒါပေမယ့် ဒီကဗျာထဲက ဖျားပုံ ဖျားနည်းနဲ့တော့ မတူဘူး... တကယ်လို့များ ကိုယ်ဖျားတဲ့အကြောင်းကို ကဗျာတပုဒ် ရေးဖြစ်မယ်ဆိုရင် ခေါင်းစဉ်ကို "မတ်တတ်ရပ်၍ နာဖျားခြင်း" လို့ ပေးမိမယ် ထင်တယ်...

အတွေးတချို့ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် လင်းဒီပ...

Anonymous said...

ခနလောက် အိမ်ပြန်ပြီး ဖျားလိုက်ချင်ပါတယ်...။ MC ယူပြီး အထီးကျန်ကျန် အခန်းအောင်းရတဲ့ စင်ကာပူအဖျားတွေကို ငြီးငွေ့လှပါပြီ...။

jr said...

ဟုတ်ပ။ ခန္ဓာကိုယ်ကြီးက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိလိုက်ပုံများ မဖျားရဲဘူးလေ။း)

မမသီရိ said...

Like so much
Miss childhood life
Have nice days there