Sunday, August 8, 2010

အမှတ်တရ ဒဏ်ရာ


ကျွန်တော်သီချင်းတွေ နားထောင်တတ်စကတည်းက စာသားကို အဓိက ခံစားတတ်သည် ။ ပြက်တိပြက်ချော စကားလုံးတွေ သွပ်ထားတာမျိုးဆိုရင်တော့ ငယ်ငယ်ကတည်းက စိတ်ပျက်တတ်ပါသည် ။ နောက်တစ်ခုက သီချင်းတွေကို အဆွေး လွမ်းဆွတ်မှု ကြေကွဲခြင်းကို ဖွဲ့တတ်တာမျိုးလေးတွေကို ပိုနားထောင်ဖြစ်သည် ။ ဝတ္ထုတွေ ရုပ်ရှင်တွေဆိုလည်း ကွဲမှ ဇာတ်နာမှ သဘောကျသည် ။ ဒါကြောင့်လည်း မောင်စိန်ဝင်း ဝတ္တုကလေးတွေ စွဲလမ်းခဲ့တာ ဖြစ်နိုင်သည် ။


….. အကြင်နာရယ် ရီဝေတဲ့ အပြုံးလေးများကြားမှ ယစ်မူးရင်းနဲ့သာ ရင်ခုန်သံများ ကာရန်စည်းချက်မှား …..

ကျွန်တော် ပထမဆုံးကြည့်ဖူးသည့် အမ်တီဗွီ ဖြစ်ပါသည် ။ ထူးအိမ်သင် စန္ဒယားကြီး တီးနေတာကို ရိုက်ချက်အမျိုးမျိုးနှင့် ရောနှောပြသွားတာ ..။ အမှန်တကယ်ကို မိန်းမတစ်ယောက်၏ မာယာမှာ ယစ်မူးရူးနှမ်းသွားတာကို သံစဉ်နဲ့ကော စာသားနဲ့ ပါ ပြောပြသွားတဲ့သီချင်း ။ အလကားနေရင်း အသည်းကွဲခြင်းကို သင်ယူချင်နေသော ချာတိတ်တစ်ယောက်၏ စိတ်ကို ပထမဆုံး ဆွဲယူသွားသော သီချင်းဖြစ်ပါသည် ။ ပြီးတော့မှ ပြောင်းလဲတတ်တဲ့ မင်းကို… တို့ ဘယ်လိုမှ နားမလည် … ဆိုသည့် စိမ်းရက်လေအား…ယုံကြည်မျှော်လင့်ချက် လမ်းမအလယ် လူတစ်ယောက် မူးလဲနေတယ် ဆိုတဲ့ သက်ငြိမ် …. အဲဒိ အကြင်နာအိပ်မက် အမ်တီဗွီမှာ ကျွန်တော် လိုချင်သော taste ကို ရခဲ့ပါသည် ။


ကျွန်တော့်လူငယ်ဘဝ လမ်းထောင့်လက်ဖက်ရည်ဆိုင်လေးထဲ ထိုင်ဖြစ်တဲ့အခါမှာ အိမ်ကကတ်ဆက်အစုတ်ကလေးကို နားထောင်ဖြစ်တဲ့အခါမှာ ကျောင်းခန်းထောင့်မှာသီချင်းညည်းဖြစ်တဲ့ အခါမှာ ထူးအိမ်သင်ရဲ့ သီချင်းစာသားလေးတွေ များနေသည် ။ အတီးမပါဘဲ ဒီအတိုင်း ရွတ်ကြည့်ရင်တောင် ကဗျာလေးတွေလို ချိုမြိန်လွန်းလှသည့် သူ့သီချင်းတွေက ကျွန်တော့် ကို စိုးမိုးနိုင်လွန်းသည် ။ဂစ်တာကို မတောက်တခေါက်ကလေး ခေါက်မိတော့… သူပန်ထားတဲ့ ပန်းနီနီ နေရာခဏလဲချင်သည်… ဆိုတာမျိုး … ညည်းမိပြန်သည်


ရုပ်ရှင်တစ်ခုထဲမှာ စိုးသူက ခေါင်းလောင်းလေးတွေမြည်နေပြီ ငှက်ကလေးတွေလည်း တေးဆိုပြီ နာရီစင်က သုံးချက်တီးသံမြည် … ဆိုတော့ မူရင်းအဆို ထူးအိမ်သင်ကို ပြန်ရှာ နားထောင်မိသည် ။ ကျောပိုးအိတ်ကလေးလွယ် ဂျင်းပန်အနွမ်းကလေးနဲ့ လျှောက်သွားနေဖြစ်တဲ့ ရန်ကုန်ညတွေမှာ မြို့ပြညများ မူးယစ်သွားခဲ့တယ် ရင်ခုန်သံလေးရယ် ဆွံ့အနေခဲ့ .. ငါ့ ဝိညာဉ်ရယ် …ဆိုတာလေးတွေက ကျွန်တော့် ဘဝရဲ့ နောက်ခံတေးတွေ ။ စာမေးပွဲတွေ ဖြေပြီးလို့ ကျောင်းတွေပိတ်သွားရင် ဒီသီချင်းလေးက ငါ့အတွက် ဖြေဆေးဖြစ်မှာပဲ ဆိုပြီး အလင်းရောင်လေးရယ်… ဘယ်ဆီမှာမင်း လင်းလက်လို့နေလဲ .. ဟိုးအဝေးက မင်းလေးရဲ့ခေါ်သံ ခြေရာခံရင်း တွေ့တဲ့အထိ ရှာမယ်… လို့ စပယ်ဖူးလေးကို ညည်းပြဖူးသည် ။


နောက်ပိုင်းမှာ ကွန်ပျူတာနဲ့ တစ်ခွေလုံးတီးထားသည့် မြို့ပြလရောင်တမ်းချင်း ကျွန်တော်ဆယ်တန်းကျောင်းသား ဘဝမှာ ထွက်လာသည် ။ တချို့က အတီးတွေကို အံသေသည်ဟု ဝေဖန်သည် ။ ကျွန်တော်ကတော့ ကြိုက်သည် ။ မြို့ပြရဲ့ အသည်းကွဲတဲ့ည လရောင်လေးကို လွမ်းတယ် .. အရမ်းအော်ဆိုသည် ။ပေါက်ပေါက်ကွဲကွဲ ..။ ထိုင်းမှာ သွားသွင်းသည့် Big Five ထဲက သီချင်းကလေးတွေ ငါပြန်ခဲ့ပါပြီ ငါလေ ပြန်ခဲ့ပြီ..တကယ်ဆို လျှို့ဝှက်သော အဖြေရှာရန် မလွယ် ဘဝဟာအိပ်မက် ခဏတာကောင်းကင်…။ မြို့ပြလရောင်တမ်းချင်း နောက်မှ ထွက်လာသည့် player တွေကို section တီးထားသည့် ဝင်ရိုးစွန်းမီးလို အခွေမျိုးကလည်း နားထောင်လို့ ကောင်းသည် ။


သူဆိုဖူးတဲ့ ကော်ပီသီချင်းခွေနှစ်ခွေဖြစ်သည့် “စကားလုံးမရှိတဲ့ကောင်းကင်”ကို တစ်ခွေလုံး မြင့်မိုးအောင်က ရေးပြီး “အရင်အတိုင်း”ကို ဝင်းမင်းထွေးက ရေးသည် ။ အင်တာဗျူးတစ်ခုမှာ ဘယ်အခွေကို ပိုအားရလဲလို့ မေးတော့ ကျွန်တော် စဉ်းစားလိုက်ဦးမယ်လို့ ဖြေသွားတာကို ဖတ်ရင်း ပြုံးမိပါသည် ။ကျွန်တော်ရင်ဘတ်ထဲမှာတော့ အာလူးစားသူတွေရဲ့ မျက်နှာတွေ …ငါလေ တုန်လှုပ်တယ် ဆိုတာလည်း ရှိသည် ။ ဒီမှာ နတ်ဘုရားများက ဘယ်ကို ထွက်ပြေးသွားပြီလဲ.. ဒီမှာ ဆုတောင်းခြင်းများစွာလည်း မပြည့်ဝခဲ့ … ဆိုတာလည်း ခိုက်သည် ။


သူသည် မိခင်မေတ္တာကို ဖော်ကျူးသော သီချင်းလေးတွေ ရေးဖွဲ့ရာတွင်လည်း နားထောင်လို့ အလွန်ကောင်းသည် ။ အမေ့အိမ် အမေ့ရဲ့ ဒုက္ခအိုးလေး … အမေသီချင်းကလေးတွေ သီးသန့်စုထားသည့် အကြွင်းမဲ့မေတ္တာတော် အခွေ …။အခွေကာဗာမှာ အမေကိုချစ်သော အဝေးရောက် သားဆိုးများအတွက်ဟု ညွှန်းစာလေးရေးထားတာ မှတ်မိသည် ။ နောက် အစိမ်းရောင်နေ့စွဲများထဲက လူရယ်ခေါ်စဉ် အဆုံးအစမဲ့တဲ့လမ်းပေါ်ခြေချရင်း မရည်ရွယ်တာတွေ ဖြစ်တတ်မှန်းလည်း မသိနိုင်ခဲ့ဘူး အမေ ဆိုသည့် လမ်းပျောက်တဲ့သား လို သီချင်းမျိုးက ရင်ထဲ စူးစူးနစ်နစ် စီးဆင်းလွန်းလှသည် ။ နောက်ဗုဒ္ဓအကြောင်းဖွဲ့ဆိုသည့် မဟာဝီရ အိုဗုဒ္ဓ လို သီချင်း ခန့်ခန့်ထည်ထည်ကြီးတွေ …။


သီချင်းတွေ ဘဝနဲ့…ငါလဲခဲ့ ဒါဟာ အမှတ်တရဒဏ်ရာ … အဲဒိသီချင်းကလေးဖွင့်မိတော့ မေမေက သူ့ဘဝမှာ ဒဏ်ရာတွေ အတော်များခဲ့မှာပဲလို့ မှတ်ချက်ချဖူးသည် ။ တလောက facebook မှာ ထူးအိမ်သင် ကွယ်လွန်သွားတာ သိပ်နှမျောစရာ မကောင်းသလို ဘလောဂ်ဂါ တစ်ယောက်က ကွန့်မင်ချသွားတော့ အတော်လေး စိတ်ပျက်မိသည် ။သူသည် အနုပညာကို ယုံကြည်မှု ရူးသွပ်ရင်ခုန် ပေးဆပ်လိုမှုသက်သက်ဖြင့် စေတနာရင်း မြစ်ဖျားခံ စီးဆင်းခဲ့သူ ဖြစ်သည် ။ ထူးအိမ်သင် ဆိုဖူးသည် အဖွဲ့အစည်းတစ်ခု မူဝါဒတစ်ခုအတွက် ကိုယ်စားပြုသည့် သီချင်းမျိုး ကျွန်တော် တခါမှ မကြားဖူးခဲ့ ။ မနေ့ညက ဆရာစိုင်းခမ်းလိတ်ရေးပြီး စိုင်းထီးဆိုင်သီချင်းဖြစ်သည့် နောက်ဆုံးသီချင်းကို သူ့ရဲ့ နောက်ဆုံးအယ်ဘမ် “ချစ်ခြင်းအားဖြင့်” မှာဆိုသွားခဲ့တာ နားထောင်မိသည် ။ တကယ်ပင် နောက်ဆုံးဖြစ်သွားစေခဲ့တာလား ။


ကျွန်တော့်ဘဝ ရှင်သန်နေထိုင်မှုထဲတွင် သူ့သီချင်းများဖြင့် နေရက်များစွာ ဖြတ်သန်းဖူးသည် ။သူ့သီချင်းတွေက ပြောပြသော ဘဝများ အတွေးများ ဖြတ်သန်းမှုများကို လိုက်ပါစီးမျော နားလည်ခဲ့ဖူးသည် ။ အမေ့ကို ပိုချစ်တတ်အောင် ဘဝကို ရိုးရိုးသားသားနဲ့ အဓိပ္ပာယ်ရှိရှိ နေထိုင်တတ်အောင် သူ့သီချင်းတွေက ပြောပြဖူးသည် ။ အခုအချိန်ထိ သူ့သီချင်းတွေကို မက်မက်စက်စက် နားထောင်မိဆဲဖြစ်သည် ။တကယ်လို့များ ခင်ဗျားလက်ထဲမှာ ဂစ်တာတစ်လက်ရှိလို့ပဲဖြစ်ဖြစ် ကာရာအိုကေစက်ရှိလို့ပဲဖြစ်ဖြစ် ဖိတ်ခေါ်ရင်တော့ ကျွန်တော်စိတ်လိုက်မာန်ပါ ဆိုမိမှာ ထူးအိမ်သင် သီချင်းလေးတွေပဲ ဖြစ်လိမ့်မည် ။


ထူးအိမ်သင် ကွယ်လွန်ခြင်း (၆)နှစ်ပြည့် အမှတ်တရ ရေးပါသည် ။

(ဓာတ်ပုံလေးကို Htoo Eain Thin Fan Club (Facebook) မှ ယူပါသည် ။

http://www.facebook.com/photo.php?pid=229290&op=1&o=all&view=all&subj=71335806376&aid=-1&oid=71335806376&id=100000230442261)

လင်းဒီပ

၀၈.၀၈.၁၀



5 comments:

လွတ်ငြိမ်းလေပြေ (breeze) said...

အမေ့ရဲ့ ဒုက္ခအိုးလေး .. သီချင်းထဲက
ကိုယ်ယုံကြည်ရာကို ဈေးကွက်တင်ရောင်းဖို့ ရှက်နေခဲ့ ...
ဆိုတာလေ သိပ်ကြိုက်တာပဲ

jr.lwinoo said...

ဖတ်လို့ကောင်းတဲ့ review ..
ခုတော့ BIG V သီချင်းတွေ သတိရတာနဲ့ ပြန်နားထောင်နေတယ်ဗျ။
စိတ်အဆင်ပြေရင်တော့ တခုခုထွက်ကျလာမလားလို့။း)

မောင်မျိုး said...

အဆိုတော်တစ်ယောက်ရဲ့ သီချင်းတွေကို ငယ်၂လေးထဲကနေ ခုထိကြိုက်နှစ်သက်ခဲ့ပုံကို တင်ပြသွားတာ အရမ်းကိုကောင်းပါတယ် သူ့သီချင်းလေးတွေ နားထောင်ရတာ ညနေခင်း မှာ ပင်လယ်ကမ်းခြေတစ်လျှောက် လမ်းလျှောက်ရသလိုပဲ ငြိမ့်၂လေး ။ “ အိမ်ကိုပြန်ချင်တယ် ဟူးး အနွေးထွေးဆုံးအမေ့အိမ် ” အဲ့ သီချင်းလေးလည်းကြိုက်တယ် ။ နောက်တော့ ကျောင်းသားဘ၀ အကြောင်းလား ဘာလား မေ့လို့ ဂျပ်စင်ထိပ် က လရိပ်ပြာလား အဲ့တာထင်တယ် အရမ်းကြိုက်တယ် ။အစ်ကို့ ရဲ့ ဒီပို့စ်လေးဖတ်ပြီးမှာ ဆရာ ထူးအိမ်သင် ကို သတိရသွားလို့ သူ့သီချင်းတွေ ပြန်ရှာနားထောင်လိုက်အုံးမယ် ကျေးဇူး ဘရားး)

Anonymous said...

ရင်ထဲကလာသောအသံနှင့်
ရင်ထဲကိုတိုက်ရိုက်ထိမှန်စေနိုင်ခဲ့သူ
မှော်ဆရာ .............
......................

mirror said...

နောက်ဦးမယ် နော်..။ ဟိဟိ..း))
ရိုးရိုးဆိုပါ.. ။ အဲ့ဒီင်္လောက်နဲ့ နှိပ်စက်ရရင် ကျေနပ်တော့ပေါ့..။ :P