Tuesday, August 10, 2010

မြစ်ကျိုးအင်း

(၁)

မြေအောက်ဘူတာရုံကလေးထဲက ထွက်လာပြီး နေတဲ့အခန်းဆီ အပြန်လမ်းမှာ ညစာအတွက် အစားအသောက်တန်းရှိ တရုတ်ဆိုင်မှ ခေါက်ဆွဲ သုံးဒေါ်လာတန် တစ်ပွဲ ဝယ်လာခဲ့သည် ။ သူ့အလုပ်လုပ်တဲ့ ရုံးက မြန်မာတွေစုတဲ့ ပလာဇာနဲ့ နီးတော့ နေ့လည်စာကို မြန်မာထမင်းပဲ ပုံမှန် သွားစားဖြစ်သည် ။ ဆဲလ်ဗင်း အီလဲလ်ဗင်း ရှေ့ရောက်မှ စီးကရက်ကုန်သွားတာ အမှတ်ရတော့ မာဘိုလို ဝင်ဝယ်ရသည် ။

မြတ်လေးဖြူဆီက မနေ့က အီးမေးလ်ဝင်လာသည် ။ သူမ လက်ထပ်တော့မည် တဲ့ ။ သူ ဝမ်းမနည်းသလို အထီးကျန်သွားသလိုလည်း မခံစားမိ ။ သူ့ဘဝမှာ ဘာကိုတွယ်တာရမှန်း မြတ်နိုးရမှန်း မသိတာကြာခဲ့ပြီ ။ အခန်းလေးက တိတ်ဆိတ်စွာ သူ့ကို စောင့်နေသည် ။အဆင်ပြေပါစေ မြတ်လေးဖြူ …မင်းရဲ့ နယူးယောက်ညတွေ အဆင်ပြေပါစေ …။

(၂)

တကယ်ဆို သူတို့နှစ်ယောက်လုံးချစ်တဲ့ ရန်ကုန်မြို့ကြီးကို မြတ်လေးဖြူက ပထမဆုံး စွန့်ခွာခဲ့တာ ဖြစ်သည် ။သူ့ထက် အသက်နှစ်နှစ်ငယ်တဲ့ မြတ်လေးနဲ့ သူက မိခင်ချင်း ညီအစ်မလိုရင်းနှီးနေတော့ တစ်အိမ်နှင့် တစ်အိမ် ဝင်ထွက်နေဖြစ်တာ ခပ်ငယ်ငယ်ကတည်းက ။ နောက်မြတ်လေးဖေဖေက သူ့သိပ်လေးစားတဲ့ ကဗျာဆရာကြီး ။ မြန်မာစာနဲ့ပတ်သက်လျှင် နှံ့စပ်လွန်းသူ ။စာဖတ်တတ်တဲ့ အရွယ်ရောက်တော့ မြတ်လေးတို့အိပ်ရောက်တိုင်း သူ သွားသွားငေးမိတာ စာအုပ်တွေ ။

သူကျောင်းမပြီးခင်မှာ မြန်မာပြည်ရဲ့ စာပေရှင်သန်ခွင့်ကို အားမလို အားမရဖြစ်ပြီး သူ့ဖေဖေက အပြင်ထွက်သွားတော့သည်။ ပြန်လာမှာလည်း မဟုတ်တော့ ။ မြတ်လေးအစ်ကိုက ယူအက်စ်မှာ ရောက်နေပြီးသား ဆိုတော့ မိသားစုလေးယောက်ရှိသည့် မြတ်လေးတို့မှာ သားအမိ နှစ်ယောက်ပဲ ကျန်ခဲ့သည် ။ သိပ်မကြာခင် သူတို့လည်း လိုက်သွားတော့မယ်ဆိုတာ သူတွေးမိသည်။မြတ်လေးနဲ့ ချစ်သူဖြစ်ပြီး နှစ်နှစ်ဝန်းကျင်လောက်ပေါ့ ။

သူ့ ကျောင်းပြီလို့ ရန်ကုန်က လျှပ်စစ်ပစ္စည်းအရောင်းကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေတုန်း မြတ်လေးတို့ သားအမိလည်း လိုက်သွားဖို့ ပြင်ကြသည် ။မြတ်လေးတို့သားအမိသွားမယ့်နေ့က သူရယ် မေမေရယ် လေဆိပ်လိုက်ပို့သည် ။မြတ်လေးမေမေက မေမေ့ကို ဖက်ငိုသလို မြတ်လေးက သူ့ရင်ခွင်ထဲမှာ တရှိုက်ရှိုက် ငိုနေတာ ။ အဲနေ့ညနေက ပြန်လာတော့ သူ အမူးသောက်မိတာ မှတ်မိသည် ။အတော်ညနက်မှ အိမ်ပြန်လာခဲ့သည် ။

နိုးလာတဲ့အချိန်မှာ အသိက ဒီမြို့တော်မှာ မြတ်လေး မရှိတော့ ။ ဘာဆက်လုပ်ရမှန်း မသိ ။ ဘယ်သွားရင် ကောင်းမလဲ ။ အရင်လို မနက်ခင်းခေါ်သံလေးတစ်ခုလည်း တယ်လီဖုန်းလေးက တဆင့် ဝင်လာစရာ မရှိတော့ ။ ကုတင်ပေါ်ကနေ လှမ်းကြည့်လိုက်တော့ မြတ်လေး ပေးခဲ့ဖူးတဲ့ စားပွဲတင်နာရီပြာပြာကလေးက စက္ကန့်တွေက ဖြည်းဖြည်းချင်း ရေတွက်နေပုံ ။ မြတ်လေး မရှိတဲ့ စက္ကန့်တွေ နှေးကွေးလွန်းလှသလို ခံစားမိသည်။ရန်ကုန်မြို့ကြီး တိတ်ဆိတ်အေးစက်သွားသလို ခံစားမိသည် ။

စာအုပ်တွေဖတ်ရင်း အလုပ်တွေလုပ်ရင်းနဲ့ တစ်လလောက် နေတော့လည်း နေတတ်သွားသည် ။

(၃)

နှစ်နှစ်လောက်နေတော့ အရှေ့တောင်အာရှရဲ့ အဖွံ့ဖြိုးဆုံးကျွန်းနိုင်ငံလေးဆီ သူ ထွက်လာခဲ့သည်။ မေမေက မင်း မြတ်လေးတို့ဆီ လိုက်သွားချင်လို့လား မေးတော့ သိပ် မသေချာပါဘူး မေမေလို့ပဲ ဖြေမိသည် ။မြတ်လေးနဲ့ ဆက်သွယ်ရတာ အရမ်းလွယ်သွားတော့ မြတ်လေးလည်း ပျော်သွားသည်။ သူကတော့ သိပ်မထူးပါ ။ဘာကို နှောင်ဖွဲ့တွယ်တာရမှန်း မသိဖြစ်နေတာ ကြာခဲ့ပြီ ။

မနှစ်က မြတ်လေး သူ့ကို ပြောသည် ။ ကိုလင်းလည်း သုံးဆယ်ပြည့်ပြီနော် ။ မြတ်လေးလည်း နှစ်ဆယ့်ရှစ် ရှိပြီ ဘယ်လို လုပ်မယ် စဉ်းစားထားလဲ ။မြတ်လေးအစ်ကိုကလည်း ငယ်တုန်းမှာ ထွက်လာခဲ့ဖို့ ဖုန်းနှင့် စိတ်ရှည်ရှည် နားချသည် ။ မြန်မာပြည်မှာ မနေတာခြင်းအတူတူ နိုင်ငံခြားက နိုင်ငံခြားပဲ ။ မင်းအဲမှာ နေရင်တစ်လ ဘယ်လောက်ရှာနိုင်မလဲ ။ ယူအက်စ်မှာနေရင် တစ်လဘယ်လောက် ရှာနိုင်မလဲဆိုပြီး တွက်ပြသည် ။ ခက်နေတာက သူ ငွေအတွက် ထွက်လာတာလည်း မဟုတ် ။ ဒါဆို ဘာလိုချင်လို့ပါလိမ့် ။ ဘာလိုချင်မှန်းကို မသိ ။ မြန်မာပြည်မှာလည်း သူ မနေချင် ။ နောက်ဆုံး ကိုလင်းက လူငယ်ဖြစ်ပြီး တိုးတက်ချင်စိတ် မရှိဘူးဟု မြတ်လေးက ငိုရင်း ပြောသည် ။ အနီးမှာသာဆို လက်သည်းတွေနဲ့ ရင်ဘတ်ကို ကုတ်ခြစ်မလား မသိ ။

(၄)

စီးကရက်သောက်ချင်လို့ပဲနေမှာပါလို့ အကြောင်းပြပြီး မြေကြီးပေါ်ဆင်းလာခဲ့သည် ။ ရေးလက်စ ကဗျာတစ်ပုဒ်လည်း ဆက်မရေးချင် ။ နာရီက ည ဆယ့်နှစ်နာရီ ။ ဒါဆို မြတ်လေးတို့ဆီမှာ နေ့လည် ဆယ့်နှစ်နာရီပေါ့ ။ရန်ကုန်မှာ တုန်းမှာ ထမီရှည်ရှည်မှ ဝတ်လေ့ရှိသော မြတ်လေး အခုကော မီနီစကတ်တွေ ဝတ်တတ်နေပြီလား လို့ ဘာမဆိုင် ညာမဆိုင် တွေးရင်း ပြုံးမိသည် ။ တကယ်ဆို ဒါ သူ့ဘဝထဲက မြတ်လေး အပြီးအပိုင် ထွက်သွားတာပဲ ။ ရန်ကုန်ကနေ မြတ်လေး ထွက်သွားတုန်းကလောက်တောင် သူ မခံစားရ ။

သူ ဘယ်ကို စီးဆင်းနေပါလိမ့် ။ သူ ဘာကို လိုချင်ခဲ့ပါလိမ့် ။ ဘဝကို ဒီလိုကြီးပဲ ဘာကို လိုချင်ရမှန်းမသိ အဓိပ္ပာယ် မတွေ့သော လူတစ်ယောက်လို သူ စီးဆင်းမှာလား ။ စီးဆင်းတယ်ဆိုတာထက် ရေစီးတစ်ခုမှ ရပ်တန့်ပြတ်တောက်ကျန်ခဲ့တော့ မြစ်ကျိုးအင်း တစ်ခုနှယ် ကိုယ့်ဘာသာ တွေးမိသည် ။ ရှင်သန်နေထိုင်မှုကို အားရပါရဲ့လား ။ သူကတော့ နေ့နဲ့ည လည်ပတ်ရင်း သုံးဆယ်တစ်နှစ်ရှိခဲ့ပြီ ။

အခန်းထဲ ပြန်ရောက်တော့ google ကနေ မြစ်ကျိုးအင်းလို့ ရိုက်ထည့်ပြီး ကဗျာလေးတွေ ရှိလို့ရှိညား ရှာနေမိသည် ။

လင်းဒီပ
၁၀.၀၈.၁၀

11 comments:

Anonymous said...

ကဗျာဆရာ ဝေဖန်ရေးဆရာဆိုတော့ ဆရာစွမ်းများလား။

ဆောင်းယွန်းလ said...

ညီလေးရေ ဖတ်လို့ကောင်းတယ်။ ဝတ္ထုတိုလေးတွေ ဆက်ရေးကြည့်ပါလား...ဆရာငြိမ်းကျော်ရဲ့ ဝတ္ထုကိုဖတ်ရသလိုမျိုး ခံစားရတယ်...

khin oo may said...

မြတ်လေးကို မချစ်တော့ဘူးထင်တယ်။ တစ်ကယ်ချစ်ရင်မြတ်လေးရှိရာကိုသွားချင်မှာပါ။ ရှင်တို့ယောကျာ်းတွေမုန်းစရာ.. အဲသလိုလူကိုချစ်ခဲ့မိတဲ့ မြတ်လေးကိုသနားတယ်။

khin oo may said...

ဒီတခါ ကဗျာမဟုတ်တဲ့ဝတ်ထုကိုဖတ်သွား၏. အဖြစ်မှန်ဆိုရင်တော့သတ်ချင်သည်. စာရေးသူကို..

khin oo may said...

မြစ်ကျိုးအင်းလို့ရှိုက်ထည့်ရင်တော့ကဗျာမထွက်ဘဲ ဘလော့ဘဲထွက်လာမှာ ကြည့်ပါလား ဒီမှာ အားအားယားယား သွား၇ိုက်ပေးထားတယ်။


#
မြစ်ကျိုးအင်း
ဆူးလေဖိုးသူ တွင်လည်း ရာဇဝင် နောက်ခံ ရှိလေသည်။ သူ့တွင် နာမည်ရှိသော်လည်း ငယ်စဉ်က ...
www.myitkyoeinn.com/ - Cached
#
မြစ်ကျိုးအင်း
27 Jun 2010 ... တကယ်တော့ ငါ့ဘ၀ဟာ စီးချင်တိုင်းစီးမရတဲ့ မြစ်ကျိုးအင်း တခုမျှသာ… ...
sindecafe.com/2010/06/27/မြစ်ကျိုးအင်း/ - Cached
#
ကျွန်တော့်ပြတင်းပေါက်ကလေး ...
10 Aug 2010 ... မြစ်ကျိုးအင်း. (၁) မြေအောက်ဘူတာရုံကလေးထဲက ထွက်လာပြီး နေတဲ့အခန်းဆီ ...
lynndepa.blogspot.com/2010/08/blog-post_10.html
#
|||: မြစ်ကျိုးအင်း
24 Nov 2007 ... မြစ်ကျိုးအင်း. မိခင်ဧရာဝတီက. သန္ဓေဖျက်ချလိုက်တဲ့အခါ. “ငါ” ဆိုတာ အပယ်ခံအဖြစ် ...
tawthonetaung.blogspot.com/2007/11/blog-post_24.html
#
မြစ်ကျိုးအင်း (ဆူးနစ်ရင်) | PoemsCorner
14 Jul 2010 ... မီးခိုးမဆုံး မိုးမဆုံး အိပ်မက်တွေကြားကခုတော့ ဘ၀.
www.poemscorner.com/post-type/myanmar-poems/3921 - Cached

Pwint Myue said...

ဘလော့ဂါကြီး ကိုမြစ်ကျိုးအင်းကတော့ မြစ်တစ်ခုရဲ့ကွေ့ကောက် သစ်စာဖောက်ခြင်းကို ခံလိုက်ရလို့ မြစ်ကျိုးအင်းဖြစ်လာရတာပါတဲ့.. :)

sait phay yar said...

အော်.... ဖတ်လို့တော်တော်ကောင်းတယ်။ ခုလက်ရှိဖြစ်ပျက်နေသမျှက အဲလိုဇာတ်လမ်းတွေများတယ်။ ရှင်ကွဲတွေ သေကွဲတွေကွဲစေသော နိုင်ငံ...

မောင်မျိုး said...

ဒီကတော့ ဘယ်လိုပဲငြင်းငြင်း ကိုယ်တွေ့ ဖြစ်ရပ်လို့ သတ်မှတ်လိုက်ပြီးး)

အင်းး ဒီစာကိုဖတ်ပြီး ဘယ်မှမပြောရက်လောက်အောင် နုညံ့နေလို့ မပြောခဲ့တော့ပါဘူးလေ အချိန်ဆိုတဲ့ သမားတော်ာနဲ့ ကုသနိုင်ပါစေလို့ ဆုတောင်းပေးပါတယ် .။

Anonymous said...

ကိုက US ကို မသွားနိုင်ရင်
သူက ဒီကျွန်းကို ဘာလို့ မလာနိုင်ရမှာလဲ

အမှန်က စလုံးက US ကူးဖို့  ပိုခက်မယ် ထင်တာပဲ

Anonymous said...

this is the nature of men?what u want really????????????

Anonymous said...

i miss someone too much coz of u..why men are like that..?they will never have real love? :D