Saturday, September 18, 2010

လေယာဉ်

မေးခွန်းက

ဝေးဝေးရောက်ဖို့ မြင့်မြင့်ပျံခဲ့ရတာလား

ကိုယ်လွတ်ရုန်းရင်း ဆွဲအားတွေ လက်လွှတ် ဆုံးရှုံးခဲ့ရ ။


ပျံသန်းတယ်ဆိုတာ

ဘဝတွေ လေထဲ လွင့်တာ

စိတ်တွေ တိမ်ထဲ နစ်တာ

မှတ်သားလောက်တဲ့ သင်ခန်းစာတစ်ခုမှ မတွေ့ဘူး ။


ကိုယ့်ကြမ္မာ ကိုယ်ဆုပ်ကိုင်ထားတယ်

ဘာတွေ ထပ်ဖြစ်မလဲ

ဘယ်ကို ဦးတည်လဲ

သိသလိုလိုနဲ့ပျံသန်း

မသိသလိုလို အချိန်ကာလကြီးထဲ။


ကိုယ့်အမှားတွေလည်း တရားချမယ့်သူ မရှိဘူး

ကိုယ့်တရားတွေလည်း ပြန်ပြောပြစရာ မရှိဘူး

ထီးလွင်ထီးထီး အာကာသကြီးထဲမှာ…။


ပျော်ရွှင်ခဲ့တယ်လို့ ပြန်ပြောနိုင်ဖို့ မပျော်ရွှင်ခဲ့ဘူး

အောင်မြင်ခဲ့တယ်လို့ ပြန်ပြောနိုင်ဖို့ မအောင်မြင်ခဲ့ဘူး

တိမ်တွေနဲ့ စကားပြောကောင်းခဲ့ရုံလောက်…။


နောက်တခါ ပြန်တွေ့ကြဖို့

သေချာသေးရဲ့လား

အလွမ်းတွေ စီးလုံးပြည့်နဲ့

ကိုယ့်ဝမ်းနာ ကိုယ်သာသိတဲ့ လေယာဉ်။


လင်းဒီပ

၁၈.၀၉.၁၀

8 comments:

Maung Myo said...

လေယာဉ်ဆိုတော့ တော်သေးတာပေါ့ ကျနော် ဆို စွန်

လွင့်ချင်ရာလွင့် မျောချင်ရာမျော နဲ့ ဘ၀က ပဲ့ကိုင်သူမဲ့ ကိုယ့်ကိုယ်ကိုလည်း အထိန်းကွပ်က မနိုင်နင်း ဆိုတော့ လေနှင်ရာလွင့်ခဲ့ရတဲ့ စွန်တစ်စင်းပေါ့ဗျာ ကိုယ့်ဝမ်းနာ ကိုယ်သာသိသင့်ပေမယ့် မသိဟန်ဆောင်ထားတယ် ခေါင်းကိုက်လို့း)


အဆင်ပြေပါစေ အစ်ကို ။

အုပ်ကြီး said...

တိမ်တွေနဲ့ စကားပြောကောင်းခဲ့ရုံလောက်ပါပဲ ..
တစ်ခါတစ်ခါ မုန်တိုင်းနဲ့ တွေ့ လို့ ပြေးခဲ့ရတာတွေရှိသေး
ကိုယ့်ဝမ်းနာ ကိုယ်သာသိပါတယ်ဗျာ ..

ခင်မင်လေးစားလျှက်
အုပ်ကြီး

မမသီရိ said...

ဝမ်းနည်း ပမ်းနည်းကြီး
မျော နေတယ်
အလွမ်းတွေ နဲ့ စီးလုံးပြည့် လေယာဉ်

မယ့်ကိုး said...

နောက်တခါ ပြန်တွေ့ကြဖို့

သေချာသေးရဲ့လား

အလွမ်းတွေ စီးလုံးပြည့်နဲ့

ကိုယ့်ဝမ်းနာ ကိုယ်သာသိတဲ့ လေယာဉ်။


စာကလေး စွဲသွားပြီ

Anonymous said...

အလွမ်းတွေ စီးလုံးပြည့် နဲ့ 
မနက်ဖြန်ဆိုတာတောင်မရေရာခဲ့တာ
ပြန်တွေ့ အုန်းပါ့မလားဆိုတော့လည်း
မသေချာ...ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့ 
.............................
ကျွန်ုပ်လည်း လေယာဉ်လိုလို ဘာလိုလိုပေါ့။။:)

Anonymous said...

ဒီဇင်ဘာရောက်တော့မှာပါ ဘကြီးရဲ့ ..
အဲကျမှ ..
ဒီဇင်ဘာ ဆိပ်ကမ်းမှာ အဲအလွမ်းတွေ ကျဲချပခဲ့..
:)

adawgyi

မိုးယံ said...

လေယာဉ်နဲ့တူနေတဲ့ ကျွန်တော်တောင် အခုပြန်ဆင်းဖို့ လေယာဉ်ကွင်းရှာနေတာပါဗျာ

သုခုမလေဒီ said...

အလွမ်းတွေ လေယာဉ်နဲ့တစီးအပြည့်ပါလား...
ကဗျာလေး ခံစားသွားပါတယ် လင်းဒီပရေ..