Monday, March 16, 2009

ကဗျာသည်လေးတွေ

၁၉၉၇ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တွေက ချက်ချင်း မဖွင့်ဖြစ်တော့ ၊၁၉၉၈ အင်းစိန် ဂျီတီအိုင်မှာ ညကျောင်း သွားတက်ဖြစ်သည်။ အဲဒီတုန်းက အခေါ် Evening GTI(EGTI)ပေါ့။ စက်မှုတက္ကသိုလ် လျှောက်ထားပေမယ့် 2D နှင့် အမှတ်က သိပ်မများတော့ YTU မရမှာလည်းကြောက် အင်ဂျင်နီယာ မဖြစ်မှာလည်း စိုးသည်။ အသက်က ၁၈ ဝန်းကျင်။ ကျောင်းတက်ရတာ အရမ်းပျော်သည် ။အနှစ်တစ်ရာ သက်တမ်းရှိပြီဖြစ်သည့် အုတ်နီရောင် ကျောင်းအိုကြီး။ အပင်ကြီးတွေက အုံ့အုံ့ဆိုင်းဆိုင်း ။Lab မှာ စမ်းသပ်စရာ ပစ္စည်းတွေက အစုံအလင်။ ကျောင်းအဝင်မှာ တစ်ခုတည်းသော ကန်တင်း။ အနောက်ဖက် အပေါက်နားမှာ ဓနိမိုး လက်ဖက်ရည်တဲ ဆိုင်လေးက ထပ် ရှိသေးသည်။


ကျောင်းတက်လို့ လေးလလောက်ရှိပြီး လူရည်လည်လာတော့ ကဗျာစာအုပ် ထုတ်မည် ဆိုပြီး ကျွန်တော်က ဦးဆောင်ပြီး ကဗျာတွေ လိုက်စုသည်။ ကဗျာတွေ စုနေတုန်း ဌာနမှူးက ဘယ်လို သိသွားသည်မသိ။ ကျောင်းနာမည် မတတ်ဖို့။ ကိုယ့်ဘာသာ ထုတ်ဖို့။ ဖြစ်လာရင် ကိုယ့်ဘာသာ ရှင်းဖို့ ပြောသည်။ကျွန်တော်တို့အဖွဲ့လည်း ကိုယ့်ဘာသာ ဆက်လုပ်ကြသည်။ ကဗျာစာအုပ်လေးက သပ်သပ်ရပ်ရပ်လေးတော့ ထွက်လာသည်။ မှတ်မိသေးသည်။ စာအုပ်နာမည်လေးက မြက်ရိုင်းပြတိုက်။ ကျွန်တော် ရည်ရွယ်ထားတဲ့ တစ်ယောက် အတွက်တောင် ဥပက္ခာတစ္ဆေ ဆိုတဲ့ ကဗျာလေး ထည့်ဖြစ်သည်။ စာအုပ်လေးတွေ လိုက်ရောင်းရတာ ပျော်စရာ။ ကန်တင်းမှာ ကောင်မလေးတွေ သုံးလေးယောက် ခပ်အေးအေးပုံစံလေးတွေ ထိုင်နေတာမြင်ရင် ဝင်ထိုင်ပြီး ရောင်းသည်။ ဝယ်ကြသည်..ကြောက်လို့ ထင်သည်။လမ်းမှာတွေ့သမျှ လိုက်ရောင်းသည်။တချို့ကို အလကား လိုက်ပေးသည်။ စာအုပ်ကလေး နှစ်ရာက လူလေးရာလောက် ရှိတဲ့ကျောင်းလေးမှာ တစ်ပတ်လောက်နှင့် ကုန်သွားတော့ အားလုံး ပျော်နေကြသည်။ဒုတိယနှစ် တတိယနှစ်ကျတော့ Mechanical ကလူတွေကို ရှေ့ကလုပ်ခိုင်းပြီး ဝင်ပဲရေးတော့သည်။ သူတို့က အဖွဲ့ ပိုတောင့်သည်။

ဟိုရက်ကမှ စကားစပ်မိတော့ စိတ်၏ စေရာနာခံတဲ့ ကိုမိုးမြင့်တိမ်ကြီးကလည်း EGTI မှာ တစ်Batch ထဲတက်လာတာ။ အခု ဘလောဂ့်ရေးတော့မှ သိကြသည်။ ကျောင်းမှာတုန်းက တစ်ယောက်ကို တစ်ယောက်မသိ။ ယောက်ျားချင်းမို့ ခပ်ပါးပါး ဖြစ်လိမ့်မည်..:P ။YTU မှာလည်း Evening Diploma ဖွင့်တော့ အထက်ကျောင်းတုန်းက သူငယ်ချင်းတွေက အဲဒီမှာ။ ကြို့ကုန်းနှင့် ပြည်တော်သာက နီးနီးလေး။ သူတို့တွေက Valentine’s ဆို ပုံမှန် အချစ်ကဗျာလေးတွေ စုထုတ်ကြသည်။ ကဗျာ လာတောင်းကြသည်။ စာအုပ်ထွက်ရင် လက်ဆောင် လာပေးသည်။


နောက်တော့ ဆယ်တန်းအမှတ်နှင့် ဖြတ်သည့် YTU ကျောင်းတော်ကြီးက တက်ဖို့ အခွင့်အရေးရလာသည်။ ဆရာမောင်စိန်ဝင်းတို့ ဆရာနွမ်ဂျာသိုင်းတို့ရဲ့ စာတွေ ဖတ်ထားပြီး စိတ်ကူးယဉ်ထားသည့်ကျောင်းကြီး။ မေတ္တာပေါင်းကူးတို့ နွေးအေးတို့မှာ သွားသွားထိုင်ကြည့်ဖူးသည်။ ငယ်ငယ်ထဲက ရူးခဲ့ရသည့် ကျောင်းကြီးထဲမှာ တက်ခွင့်ရပြီ ဆိုပြီး အလွန်ပျော်နေမိသည်။ တကယ်ကတော့ မဟုတ်။ ခင်လို့နောက်တာ ဆိုသလို။ တက်တော့ တက်ရသည်.။ ၂၀၀၀ခုနှစ် မှော်ဘီ GTC မှာ။မှော်ဘီကျောင်းရောက်တော့ ပထမနှစ်မှာပင် ကိုမင်းခက်ရဲ(အခုနောက်ပိုင်း သူ့စာပေဆောင်းပါတွေ စံပယ်ဖြူမှာ အတွေ့များသည်။) ကိုမင်းတစေ (အခုဘလောဂ့်ဂါ)တို့က စာကြည့်တိုက်ကလေး လုပ်ကြသည်။ ကိုယ့်အင်ကိုယ့်အား လုပ်ကြတော့ Engineering စာအုပ်တွေ သိပ်မထားနိုင်။ သုတ ရသစာအုပ်လေးတွေ များသည်။ စာခြောက်ရုပ် ပေးစာ(၁) ဆိုပြီး ကဗျာစာအုပ်လေးလုပ်တော့ ဝင်ရေးဖြစ်သည်။သူတို့က ဘုတ်ကလေးတစ်ခု ထောင်ပေးထားသည်။ နံရံကပ်စာစောင်လေးတွေ လုပ်ကြသည်။ မှော်ဘီကျောင်းမှာ လုံးဝမပျော်။ တစ်ယောက်ကို တစ်ယောက် ပျော်အောင် ထားကြရင်း နှစ်နှစ် နေခဲ့ရသည်။နောက်တော့ ၂၀၀၁ မှာ လှိုင်သာယာကျောင်းကို တတိယနှစ်မှ စတက်ရသည်။မြို့ပြင် လယ်ကွင်းထဲက နှစ်ထပ်ကျောင်းဆောင် ယဉ်ကျေးမှုသက်သက်။ဒါပေမယ့် ကိုမင်းခက်ရဲတို့ကတော့ အနုပညာအပင်လေးတွေကို လေပြင်းနေပြင်းတွေအောက်မှာ နွမ်းမသွားအောင် အတတ်နိုင်ဆုံး ပြုစုသည်။ ကဗျာလေးတွေ ဆောင်းပါးလေးတွေ စုပြီး ထုတ်ဖြစ်ကြသည်။ ဒဂုံတက္ကသိုလ်နှင့် လှိုင်သာယာ YTU က တစ်နေရာစီ။ ဒါပေမယ့် ရောက်အောင်သွား လှည်းတန်းလိုနေရာမျိုးလေးတွေမှာ ဆုံပြီး စာအကြောင်းတွေ ပြောကြ..ကဗျာစာအုပ်တွေ ထုတ်ကြ။ ကိုယ့်နှင့်ဘာမှမဆိုင်သည့် မိန်းထဲမှာ သွားထိုင်ကြနှင့်။ ရသေ့လေးတွေ စိတ်ဖြေကြသည်။Valentine’s ဆိုလည်း ထုံးစံအတိုင်းစာအုပ်လေးတွေ လုပ်ကြ။ရွာသာကြီးက စီးပွားရေးတက္ကသိုလ်၊သန်လျင် GTC ထိ စာအုပ်တွေလိုက် ရောင်းကြသည်။အားလုံးက ခင်ခင်မင်မင် နွေးနွေးထွေးထွေး ဆက်ဆံကြသည်။ မမောနိုင် မပန်းနိုင်ကြ။တစ်နေရာဆီ ရောက်နေကြပေမယ့် ကဗျာသည်လေးတွေက စုစုစည်းစည်း။ မုန့်ဖိုးလေးတွေ စု ကဗျာကလေးတွေစု ရှုံးတဲ့အခါရှုံး မြတ်တဲ့အခါမြတ်နှင့် ကဗျာစာအုပ်ကလေးတွေထုတ် ရောင်းကြသည်။ ပိုက်ဆံမရပေမယ့် ပျော်ကြသည်။


ကျောင်းတွေထဲမှာ ကဗျာသည်လေးတွေက ကျွန်တော့်တိုက မမွေးခင်ထဲက ရှိပေမည်။ ကျွန်တော်တို့လည်း ကဗျာသည်လေးတွေ လုပ်ခဲ့သည်။ နောက်ထပ် ညီငယ်ညီမငယ်လေးတွေလည်း ကဗျာသည်လေးတွေ လုပ်ကြဦးမည်။ကဗျာသည်လေးတွေကတော့ ကျောင်းတွေထဲမှာ ခေတ်အဆက်ဆက် စိမ်းလန်းစွာ ရှင်သန်ပေါက်ရောက်နေပါလိမ့်ဦးမည် ဟု ကျွန်တော် ယုံပါသည်။

လင်းဒီပ

၁၆.၃.၀၉

Saturday, March 14, 2009

လေလွင့်ကဗျာ

ချစ်တယ်ဆိုတဲ့ စကားကြားလိုက်ရတိုင်း
Password တစ်ခု ဒါမှမဟုတ် ငါ့ကိုဖွင့်တဲ့သော့…

အိပ်ရာအမျိုးမျိုးလည်း ပြောင်းအိပ်ခဲ့ပြီးပြီ
အကောင်းလို့ သူတို့ပြောတာရော
ဖြစ်သလို အိပ်စက်ခဲ့တာကော
ကြာလာတော့
တစ်လောကလုံးမှာ ငါ့အိပ်ရာတွေပါပဲ
ဘာများ “ထူးခြားအိပ်မက်” ရှိခဲ့လို့လဲ ။

စားခဲ့မိတယ်
သောက်ခဲ့မိတယ်
မထယ်မဝါ
ငယ့်ဘဝလမ်းဘေးဆိုင်လေးတွေထဲမှာ
အများကြိုက်
သာယာမိတဲ့ စားပွဲသောက်ပွဲ ခန်းမကျယ်တွေမှာ
“အကောင်းဆုံး“ဆိုတာ မစားဖူးသေးတာ အသေအချာ ။

အနမ်းတွေကလည်း အမျိုးစုံပေရဲ့
နှုတ်ခမ်းတွေက စကားအလင်္ကာ အစုံဖွဲ့
ရင်ခွင်တစ်သောင်း ခိုလှုံခဲ့ပြီးတဲ့နောက်
ငါလည်း ရင်ခွင်တွေ မမှတ်မိတော့ဘူး ။

ငါ ပါးပေါ်ဖြတ်တိုက်သွားတဲ့လေရဲ့ ရိုးသားမှုမျိုး
ငါဆင်းလို့ တံခါးကို ဒိုင်းကနဲ ဆောင့်ပိတ်လိုက်တဲ့ ကားပေါ်မှာလည်းမတွေ့ခဲ့ဘူး..
အမှောင်ထဲမှာ ခပ်ရဲရဲ လင်းပေးနေတတ်တဲ့ နှင်းကွဲမီးတွေရဲ့ ဘဝခံယူချက်က
ငါ့ထက် ပိုပြတ်သားသလားတော့
တခါတလေ ရှာရှာဖွေဖွေ တွေးဖူးတာလည်း ရှိတော့ရှိတယ် ။

ကန့်လန့် မနေတော့ဘူး ရေစီးအတိုင်း လိုက်ခဲ့တယ်
(အခု) ခေတ်ရဲ့ ကျောပိုးအိတ်ကလေး
(မနက်ဖြန်) အချိုကုန်သွားမယ့် chewing gun
နောက်တော့လည်း ချောင်တစ်ချောင်မှာ ငါလိမ္မာလိုက်မှာပေါ့ ။
ဘာတွေများပိုထူးလို့လဲကွယ်
လောက က
ရယ်ဖို့မေ့မေ့နေလောက်အောင်
ငါ့အတွက်တော့ ရယ်စရာကောင်းလွန်းတယ်။
လင်းဒီပ
၁၄.၃.၀၉

Tuesday, March 10, 2009

အိမ်ပြေးလေး

(၁)

လွင့်လိုက်ရတာ
မုတ်သုန်ဘယ်နှစ်မြို့တိုင်ခဲ့ပြီလဲ၊
တယ်လီဖုန်းခေါ်သံတွေကြားတာတောင်
ပြန်မထူးဖြစ်ခဲ့တဲ့ကောင်ပါ။

မေမေရေ…
မိုးတိမ်ကြီးထဲမှာ
ခြေပစ်လက်ပစ် သား ၀င်အိပ်လိုက်ချင်ရဲ့။
ကောင်းကင်ကို ပြန်တည့်ရတာ
.…မောတယ်။

(တာရာမင်းဝေ)

(၂)

ကျွန်တော်သည် အဝေးကြီးကို ထွက်ပြေးသွားသည်။ အဝေးမှာ လယ်ကွင်းတွေရှိသည်။ တောင်တန်းတွေရှိသည်။ နောက် စပါးခင်းတွေ လှည်းတွေ ..ငယ်ငယ်က အကျွမ်းတဝင်နေခွင့်မရတဲ့ ရှုမျှော်ခင်းတွေ..။ ကျွန်တော် မြင်တွေ့နေကျ မြင်ကွင်းတွေနဲ့ ဝေးရာ။ ထန်းတောတွေ ကိုတွေ့သည်။ မြေနီလမ်းကလေးတွေ ကိုတွေ့သည်။ သနပ်ခါး ပါးကွက် ကျားကျားကြီးတွေနှင့် အညိုရောင်မျက်နှာတွေ၊ အသံဝါဝါတွေ.. ကွမ်းချိုးတွေနဲ့ သွားတွေကို မရှက်တမ်းပြပြီး အားရပါးရ ရယ်တတ်သူတွေ နှင့် တွေ့သည်။


အဝေးမှ မေမေက လှမ်း ဖုန်းဆက်သည်။ သား အဆင်ပြေရဲ့လား…ဟုတ်ကဲ့ သား ပျော်နေတယ်။ အင်းလေ မင်းတို့တွေက ကိုယ့်အိမ်မဟုတ်တဲ့ နေရာမှန်သမျှ ပျော်တာချည်းပါပဲ…နောက်မေမေ ဖုန်း ပြန်ချသွားသည်။ မေမေကို ဖုန်းလှမ်းဆက်တိုင်း ကျွန်တော်တွေ့တဲ့ လယ်ကွင်းတွေအကြောင်း သောက်ဖြစ်တဲ့ မလိုင်များများ နွားနို့ဖန်ခွက်တွေအကြောင်း နဲ့ ဒေသထွက် မုန့်တွေအကြောင်း ပြောဖြစ်သည်။ မြန်မာမုန့်တွေကို သား မက်မက်စက်စက် စားတတ်နေပြီမေမေ။ မေမေ ဖုန်းထဲက ရယ်သည်။ ငါ့သား ခုမှ တောသား ပြန်ဖြစ်သွားတာကိုး။ တောသူမလေးကော တွေ့နေပြီလားဟေ့။ မေမေ မေးခွန်းကို ပြန်မဖြေ။ မျက်စိထဲမှာ ညို့မျက်နှာလေး မြင်ယောင်သည်။ ပွဲတော်ရက်တွေ မှာ ဆီကြော်မုန့်တွေ ကောင်ညင်းပေါင်းတွေ ရေမုန့်တွေစားရင်း ကျွန်တော် ပျော်တတ်နေပြီမေမေ။ မြို့ကလေးရဲ့ ပြင်မှာ ဆုတောင်းပြည့်ဘုရားလေးရှိသည်။ လေကညင်းညင်း… ဆည်းလည်းသံလွင်လွင် အသား အနည်းငယ် ညိုသောညို… ရန်ကုန်ပြန်ရောက်ရင် ကိုယ် မေ့သွားမှာပါနော်။ ညို့ကို ကျွန်တော်ပြုံးကြည့်နေမိသည်။


မေမေက တခါတလေ ရယ်ရသည်။ သူဖုန်းခေါ်လို့ရရက်သားနဲ့မခေါ်။ သား မင်း စခေါ်ရမလား ငါ စခေါ်ရမလား လုပ်တတ်သည်။ တကယ်ကတော့ ဖုန်း,မလိုက်ရင် “ဟယ်လို” ဆိုတဲ့ ကျွန်တော် အသံလေးကို သူ စကြားချင်တာပါ။ အိမ်နဲ့အဝေးကို အမြဲထွက်ပြေးချင်တဲ့ အိမ်ပြေးလေး ကတော့ အိမ်မှာဘယ်တော့မှ မနေ။ နောက်တော့ ကျွန်တော် နောက်ထပ် တနေရာကို ထပ်သွားချင်လာသည်။ မေမေကို ပြောပြသည်။ ဒီတခါ ကျွန်တော်သွားမှာ ပိုဝေးတယ်မေမေ။


ဒါဆို အိမ်ကို တခေါက်ပြန်လာခဲ့ဦး။။ နောက်တော့ မေမေက ကျွန်တော့်ကို မြန်မာဆိုတာ ဘယ်တော့မှ မမေ့ဖို့ဆိုတဲ့ စကားကို တစ်ခွန်းတစ်ပါဒမှ မပြောပါဘဲ အမြဲစွဲမှတ်စေမည့် ခရီးတစ်ခုကို သူနှင့်အတူ သွားခိုင်းသည်။ မေမေက တော်လိုက်တာ။

နောက်မေမေ ဆုံးမစကား ဆိုသည်။ ပစ္စည်းဥစ္စာ အမွေပေးတာထက် ပညာအမွေပေးတာက ပိုမြတ်တယ်.။ ပညာအမွေပေးတာထက် တရားအမွေပေးတာက ပိုမြတ်တယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ အသိအမြင်လေးတွေ စိတ်ကို ဘယ်လို ငြိမ်းချမ်းအောင်လုပ်ရမလဲ အမှားနည်းအောင် ဘယ်လိုနေထိုင်ရမလဲ မှားခဲ့ပြီးရင် ဘာဆက်လုပ်မလဲ မေမေ ကြုံရင်ကြုံသလို သူ့အနားရှိနေတုန်း အိမ်ပြေးလေးကို သေချာနားလည်လာအောင် ဂိုက်လိုင်းတွေ ချပေးသည်။


အဝေးကြီးကို ထွက်ခွာသွားမယ်ဆိုတဲ့နေ့က မေမေနဲ့ဖေဖေကိုကန့်တော့ပြီး မျက်နှာပြန် အမော့မှာ မေမေ ခေါင်းကိုငုံ့လိုက်သည်။ ခရီးထွက်ခါနီးသားတစ်ယောက်ရှေ့မှာ မေမေ မငိုပါ။ ဒါပေမယ့် ကျွန်တော်စိတ်ကလေး နည်းနည်း စိုစွတ်သွားသည်။ မေမေရွာလိုက်တဲ့ မေတ္တာမိုးရေပါ။ ခွင့်လွှတ်ပါမေမေ အိမ်ပြေးကလေး အဝေးကို ထပ်ပြေးပါဦးမယ်။ဒီတခါ လယ်ကွင်းတွေ..စပါးခင်းတွေ..မြေနီလမ်းတွေဆီမဟုတ်ပါ။ အမောင် တောင်မှန်း မြောက်မှန်းမသိတဲ့ကောင်က လိုက်ယောင် လိုက်ပါဦးမည်။


မေမေ့ကို ဖုန်းခေါ်သည်။ မေမေ မတွေ့ဖူးတဲ့ အရာတွေ အကြောင်း ပြောပြသည်။ မေမေ မသိတဲ့ အေးစက်စက် မျက်နှာတွေ ကျွန်တော်နှင့် သိပ် သဟဇာတ မဖြစ်တဲ့ ယဉ်ကျေးမှု(ကျွန်တော်ကတော့ တခါတလေ ငကြောင်တွေပါကွာလို့ စိတ်လေလေ ရေရွတ်မိသည်။) တွေအကြောင်း ပြောမိသည်။ မေမေက တစ်ခွန်းပဲ မေးသည်။သား အဆင်ပြေရဲ့လား အဆင်မပြေရင် ပြန်လာခဲ့နော်။ ငွေထက် အရေးကြီးတာတွေ ဘဝမှာ အများကြီး ရှိသေးတယ်။


(၃)

ကျွန်တော်ကတော့ ရုပ်ခံစားချက်အမျိုးမျိုးနဲ့ ဘဝအဓိပ္ပာယ်ကိုလိုက်ရှာနေဆဲ ဖြစ်သည်။ မေမေလည်း ဘဝအဓိပ္ပာယ်ကို ရှာပါသည်။ ကျွန်တော့်လို ရုပ်ခံစားမှုတွေနဲ့တော့ မဟုတ်။မေမေမှာ ကျွန်တော်မသိသော နေထိုင်နည်းတွေ အများကြီး ရှိပါလိမ့်မည်။ ကျွန်တော် မေမေဆီပြန်လာခဲ့ရမလား..ညို့ဆီကိုကော အိမ်ပြန် နောက်ကျနေမလား..။ သိပ်မသိပါ။


ကျွန်တော်မသိတာ တစ်ခုရှိနေပါသည်။တချို့နေရာများတွင် ကျွန်တော့် တွေးပုံမှာ မေမေနှင့်တူပါသည်။ မေမေ

မက်မောသည် အရာတွေ ကျွန်တော် မက်မော နေတတ်သည်။ ထိုစိတ်ကလေးရှိနေကြောင်း တခါတလေ ကျွန်တော်ကိုယ်တိုင်ပင် မသိပါ။


(တပေါင်းလပြည့်နေ့ မေမေ(၅၈)နှစ်မြောက်မွေးနေ့အမှတ်တရ ရေးဖွဲ့ပါသည်။)


လင်းဒီပ

၁၀.၃.၀၉

Sunday, March 8, 2009

အဖေ

ဆရာ စောဘွဲ့မှူးရေးထားတဲ့ “တွန်းလှည်း” ဆိုတဲ့သီချင်းလေးကို စောဘွဲ့မှူးအမှတ်တရ အခွေတစ်ခွေမှာ စနားထောင်ဖူးပါတယ်။ မူရင်း ဘယ်သူ ဆိုမှန်း မသိပေမယ့် အဲဒီအခွေထဲမှာတော့ ကဗျာဘွဲ့မှူးက ပြန်ဆိုထားပါတယ်။ သီချင်းလေးအဓိပ္ပာယ်က ရေခဲချောင်းသည်ကြီးက သူ့သားလေး ငယ်ငယ်တည်းက ရေခဲချောင်းလှည်းလေးနှင့် သူ့သားငယ်လေးကို ခေါင်းလောင်းလေး တီးပြီး ကျောင်း လိုက်လိုက်ပို့ပါတယ်။ ကလေးလေးက အရွယ်ရောက်လာတော့ တွန်းလှည်းလေးနှင့် ကျောင်းလိုက်ပို့တာ ရှက်လာတယ်။ ဒီတော့ အဖေက ကျောင်းနား မရောက်ခင် လောက်ထိပဲ လိုက်ပို့ပြီး ခေါင်းလောင်းလေးတီးပြီး တွန်းလှည်းလေး တွန်း ပြန်သွားတာလေးကို ဖွဲ့ထားတာပဲဖြစ်တယ်။ သီချင်းလေး နားထောင်တိုင်း အဲဒီထဲက ဖခင်တစ်ယောက်ရဲ့ပုံရိပ်ကို မြင်ပြီး ကျွန်တော် နင့်ကနဲ ဖြစ်ဖြစ်သွားပါတယ်။

တကယ်က ဖခင်ဆိုတာ ရထားတစ်စင်းလုံးရဲ့ခေါင်းတွဲဖြစ်တယ်ပါတယ်။တစ်မိသားစုလုံး စည်းမှန်ကမ်းမှန် လမ်းမှန်ဆီ ခေါ်သွားဖို့ ၊ဒီမိသားစုလေး အေးချမ်းပြီး သာယာနေဖို့ အရှေ့ ထွက်တာဝန်ယူထားရတာပါ။ ဒီနေရာမှာ ဖခင်မပီသသော ဖခင်များကို မဆိုလိုပါဘူး။ငယ်ငယ်က အဖေ့အကြောင်း သိပ်မတွေးမိ။ အခြားသားတွေလိုပဲ ကျွန်တော်လည်း အမေ့ကိုပဲ ပိုချစ်ခဲ့ပါတယ်။ အမေ့အခန်းကိုပဲ တွေးမိတာများပါတယ်။ ဖခင်တွေရဲ့သဘောအတိုင်း မိခင်တွေကို တီတီတာတာ မနေတတ်တာကြောင့်လည်း စိမ်းတာဖြစ်နိုင်ပါတယ်။ အသက်ကြီးလာတော့ အဖေနေရာ ဝင်တွေးကြည့်မိတော့ သိပ်မလွယ်လှပါဘူး။ ပိုနားလည်လာပါတယ်။ အခုလည်း အဖေနဲ့ ပတ်သက်တဲ့ကဗျာလေးတစ်ပုဒ်ကို ကျွန်တော် အမှတ်တရ ချပြလိုပါတယ်။

အဖေ…ကျွန်တော့်ရဲ့အဖေ..သူငယ်ချင်းတို့ရဲ့အဖေ အားလုံးရဲ့ဖခင်တွေအတွက် ရည်ရွယ်ပါတယ်။ထုံးစံအတိုင်း ကျွန်တော့် မှတ်စုစာအုပ်ထဲကပဲ ဖြစ်ပါတယ်။ ရေးတဲ့သူကတော့ လင်းလက်ဇော်(ဥက္ကံ) ပါ။

ဖိနပ်မဲ့ခြေဖဝါးရဲ့ အတ္ထုပွှတ္တိ
နားထောင်စမ်းဟေ့
ခွမ်းကနဲ..ခွမ်းကနဲ ဓားထစ်သံတွေ
ထန်းကနဲ..ထန်းကနဲ ဆောက်ရိုက်သံတွေ
ရွမ်းကနဲ..ရွမ်းကနဲ လွှတိုက်သံတွေ
အဖေဟာ အဖော်စုံတသိုက်နဲ့
လွှတိုက်သစ်ခွဲ
ဗုန်း မဲဇာ တောင်သရက်
လက်ပံနဲ့ ဒီဒူး
မနက်ဖြန်မနက် ခရီးဦးအမီ “ပို့ကုန်”
တုန်မတတ်တိုက်တဲ့ လေထဲ
ခုံဖိနပ်ရိုက်နေဆဲ..။

ခုတ်တဲ့ဓား
အသွားက တစ်ဖက်သွား
အပြားက လက်တစ်ဝါး
အလျားက ယောက်ျားတစ်တောင်
ထွင်းတဲ့ဆောက်ပြား
အသွားက တစ်ဖက်သွား
အပြားက လက်တစ်ဝါး
အလျားက ယောက်ျားတစ်ဆုပ်
ဓားကို အားကုန်မြောက်
ဆောက်ကို အားကုန်ထစ်
တောသစ်ရိုင်းတွေ
(မကြာခင်)
ခုံဖိနပ်ဖြစ်စေရော့..။

ကြည့်လိုက်စမ်းဟေ့
တစ်ဝမ်းတစ်ခါးအတွက်
ကြက်ခြမ်း ရှားဖြူ
ဖန်ခါး ငှက်ပျောအူ
တောအထူထူမှာ တိုးရှာ
တစ်နပ်စာ တလေလောက်တော့
ပဒတ်စာ အရေသောက်နဲ့ပဲ
အာသာဖြောက်ခဲ့တဲ့ အဖေတို့တတွေ..။

နင်းလိုက်စမ်းဟေ့
ပင်ပန်းဆင်းရဲမှုတွေ တဖြစ်လဲ
မိသားစုအလွမ်းတွေ တဖြစ်လဲ
ချွေးစက်တွေ တဖြစ်လဲ
ဆိုင်ထဲရောက်တော့ “ရောင်းကုန်”
လူစုံ အထပ်ထပ်
မြူမှုန် မကပ်ဖို့
ခြေစုံရပ်က
ရွှေခုံဖိနပ်ပေါ်မှာ..။

အဲဒီ ခုံဖိနပ်တွေပေါ့
ကျွန်တော့်အတွက် ကျောင်းတက်စာအုပ်လည်းဖြစ်သွားရဲ့
ထမင်းဟင်းလည်း ဖြစ်သွားရဲ့
ဒီဇိုင်းစုံ အဝတ်အစားလည်း ဖြစ်သွားရဲ့
ကတ္တီပါခုံမြင့်ဖိနပ်လည်း ဖြစ်သွားရဲ့
(နောက်ဆုံး)
ရုပ်ရှင်ရုံ အမှောင်ထဲမှာ
ကျွန်တော့်ကောင်မလေး အပျင်းပြေဝါးတဲ့
နေကြာစေ့တောင် ဖြစ်သွားသေး။

အဖေလား
လက်ဖဝါး အသားမာတက်
ခြေဖဝါး အသားမာတက်
သစ်သားရှာဖို့ တောင်ပေါ်တက်
ငှက်ဖျား တုန်တုန်တက်
တက်…တက်…တက်
တက်ချင်သလောက်တက်စမ်း
တုန်တက်မတတ် ချစ်တဲ့မိသားစုအတွက်
အသားမာကို ဖိနပ်လုပ်စီး
မေတ္တာခရီးဆက်…။
လင်းလက်ဇော်(ဥက္ကံ)

ပိုစ့်လေးက နည်းနည်း ရှည်သွားပါတယ်။ ဆုံးအောင်ဖတ်ပေးတာ ကျေးဇူးပါ။အဖေကို နောက်ကျမှ ချစ်တတ်လာတဲ့ သားတစ်ယောက်ရဲ့ ရင်ထဲဖြစ်လာတဲ့ ပိုစ့်လေးပါ။
လင်းဒီပ
၈.၃.၀၉

Friday, March 6, 2009

ကုန်ပစ္စည်းသစ်မိတ်ဆက်

ကျွန်တော် တစ်ခါမှ မလုပ်ဘူးတဲ့ အလုပ်ကလေးတစ်ခု လုပ်မလို့ပါ။တခြားတော့ မဟုတ်ပါဘူး..ကြေငြာပါ။ ဘလောဂ့် အသစ်ကလေးတစ်ခုကို ကြေငြာချင်လို့ပါ။ ကျွန်တော်ဘလောဂ့်လည်း လွန်ခဲ့တဲ့ ခုနစ်လလောက်ကတော့ ဘလောဂ့်အသစ်စက်စက်လေးပါ။ အခုတော့ ဆေးတောင် အတော်ကွာနေပြီ..(မောင်မျိုး လက်သည်းနဲ့ လာလာခြစ်လို့..:P) အဲဒီအချိန်တုန်းက ကျွန်တော့် အခန်းဖော်က ဘလောဂ့်ဂါတစ်ယောက်ပါ။ ဘယ်သူဆိုတာတော့ မပြောတော့ပါဘူး..တချို့တွေတော့သိတယ်။အဲဒီအချိန်တုန်းက တံငါနားနီး တံငါ ၊ဘလောဂ့်ဂါနားနီး ဘလောဂ့်ဂါဆိုပြီး..

ကျွန်တော်လည်း ဘလောဂ့်ရွာထဲ ရောက်လာပါတယ်။ အခုလို ခုနစ်လလောက် အတိုင်းအတာလေးအတွင်းမှာကို အစ်ကိုတွေ အစ်မတွေ ညီတွေ ညီမတွေနဲ့ သိုက်သိုက်ဝန်းဝန်း…ကျွန်တော် အရမ်းပျော်နေပါပြီ။ အွန်လိုင်း သူငယ်ချင်းတွေ တိုးလာ..အတွေ့အကြုံအမျိုးမျိုး အတွေးအခေါ် အမျိုးမျိုးကို ဖတ်ခွင့်ရတာ ကျွန်တော်တော့ အရမ်းပျော်နေပြီ။

အခုလည်း ဘလောဂ့်လောကထဲ ဝင်ဖို့လုပ်လာတဲ့ သူငယ်ချင်းအသစ်တစ်ယောက်ကို မိတ်ဆက်ပေးချင်လို့ပါ။ အဖြူရောင်အိမ်လေးတစ်လုံးဆိုတဲ့ ဘလောဂ့်လေးပါ။ အိမ်ရှင်ကတော့ မင်းအိမ်ဖြူပါ။ သူလည်း စာစုံလေးတွေ ရေးနေတာတော့ ကျွန်တော် သွားဖတ်လို့ တွေ့ရပါတယ်။ သူ့အိမ်ကလေး စိုစိုပြေပြေဖြစ်အောင် ကျွန်တော်တို့ သွားလည်ကြရအောင်ဗျာ။ သေချာပါတယ် သူငယ်ချင်းညီအစ်ကို မောင်နှမတွေ ပျော်မှာပါ။ ကျွန်တော့်ကို ခင်သလို သူ့ကိုလည်း ခင်ပေးကြပါလို့။

အားလုံးကိုလေးစားခင်မင်စွာ

လင်းဒီပ

၆.၃.၀၈

Thursday, March 5, 2009

ပန်းမဲ့လိပ်ပြာ

(၁)

“သောက်နေပြန်ပြီလား ဒီဆေးလိပ်တွေက”

အသံနဲ့လက်နဲ့က တချိန်တည်း။ အသံစူးစူးလေးကို ပန်းနုရောင် ဆောင်းဗောက်စ်လေးမှ ထွက်လာပြီး လက်သွယ်သွယ်လေးများက လတ်ကီးစတရိုက်(Lucky Strike) ဆေးလိပ်လေးကို ကျွန်တော့်ပါးစပ်က ဆွဲထုတ်လိုက်တယ်။ ကျွန်တော် မော့ကြည့်လိုက်တော့ ပန်းနုရောင်လမင်းလေးက နွေရာသီရဲ့ အိုက်စပ်စပ် လက်ဖက်ရည်ဆိုင်လေးထဲမှာ လင်းနေတယ်။ အဲလို အရေးယူမှု လှလှလေးအောက်မှာ ကျွန်တော် လက်နက်ချလိုက်တယ်။ခုအချိန်မှာ ကျူရှင်ဆင်းရင် ဘောလုံးကန်ဖို့ ချိန်းထားတာလည်း မေ့သွားပြီ။အိမ်ကို စာထည့်ဖို့လည်း မေ့သွားပြီ။

“ဘာလို့ကျူရှင်မတက်ဘဲ ဒီမှာ ဆေးလိပ်လာသောက်နေရတာလဲ”

“နင်က ငါကို အဖြေမပေးလို့”

“အောင်မယ်…အခုမှ ဆယ်တန်းတောင် မအောင်သေးဘူး..

ရည်းစားထားချင်ရတာနဲ့ ကျူရှင်လစ်ရတာနဲ့ ဆေးလိပ်သောက်ရတာနဲ့..အတော်ဟုတ်နေတယ်..”

“တစ်ယောက်တည်းထားချင်တာပါ”

ကျွန်တော်က ပြုံးစိစိနဲ့ပြောလိုက်တော့ ပန်းနုရောင်လမင်းလေးက ပြုံးလိုက်တယ်။ကျွန်တော် ချစ်နေလို့လားတော့မသိဘူး သက်ထား ခုနောက်ပိုင်း ပိုပြီး လှလာတယ်။

“နင် အရမ်းလှတာပဲ သိလား”

ဆိုင်က အပြင်ဘက်မြက်ခင်းပေါ်က ထောင့်ခုံလေးမှာ ရွေးထိုင်မိတော့ စကား လွတ်လွတ်လပ်လပ် ပြောလို့ရတယ်။သက်ထားက ဘာမှ ပြန်မပြောဘူး။ အင်း..ဘာမှ မပြောပဲ စေ့ထားတဲ့နှုတ်ခမ်းလေးက ပိုလှနေသလားလို့။ဒါကြောင့် ပညာရှိတစ်ယောက်က မိန်းမတွေ စကားမပြောတဲ့အခါ ပိုလှတယ်လို့ ပြောတာဖြစ်မယ်။

“ငါ နင့်ကို သူငယ်ချင်းလိုပဲ ခင်လို့ ရတယ်ဟ”

“ဘာလို့”

“ပိန်လို့”

“မနောက်စမ်းနဲ့ သက်ထားရယ်”

“မနောက်ပါဘူး အောင်ဘုရယ်”

“အာ”

ကျွန်တော့်ကို အောင်ဘုလို့ခေါ်ရမှ သူက အားရတယ်လေ။နာမည်ရင်း သုခကျော် ဆိုတာတောင် သူနဲ့တွေ့ရင် မေ့နေတယ်။

“နင်က ဘယ်လို ပုံစံမျိုးမှ ရွေးချင်တာလဲ”

“အပေါင်ဆုံး”

“အာ..ချစ်သူကိုပြောနေတာ”

“အင်း…အာနိုးတို့ ဗန်ဒင်းတို့လိုမျိုး”

ပြီးတော့ သူ့စကားသူ သဘောကျပြီးရယ်နေတယ်။ပန်းကလေးတွေ ရယ်ရင် ဝန်းကျင်တစ်ခုလုံးမွှေးသွားတယ်။ရိုးတံလေးလှုပ်ရမ်းသွားအောင်ကို ရယ်လိုက်တာ။

(၂)

ဆယ်တန်းစာမေးပွဲဖြေပြီးတော့ ကျွန်တော်ကလည်း မွေးရပ် မြစ်ဝကျွန်းပေါ်မြို့လေးကို ပြန်လာတယ်။သက်ထားကတော့ ရန်ကုန်သူဆိုတော့ ရန်ကုန်မှာပဲ ကျန်ခဲ့တယ်။ သူငယ်ချင်းဘဝ မတင်မကျနဲ့ပဲ တနယ်စီဆိုတော့ အနေမနီးတော့ဘူး။ရန်ကုန်ပြန်လာ ကျောင်းတက်ရင်း အလုပ်လုပ်မယ်လို့ စိတ်ကူးပေမယ့် အိမ်ရဲ့စီးပွားရေးလုပ်ငန်းတွေကို အဖေလေဖြတ်ပြီး မဦးစီးနိုင်တော့တဲ့ နောက်ပိုင်း ကျွန်တော်ပဲ ဦးစီးလုပ်ကိုင်နေဖြစ်တယ်။တခါတလေဆို ဘာမှ မဆိုင် သင်္ဘောကိစ္စ..ကုန်ကိစ္စတွေလုပ်ရင်းလည်း သက်ထားအပြုံလေးတွေ သတိရနေတတ်တယ်။ ကိုယ့်ရည်းစားလည်းမဟုတ် အခုလောက်ဆိုရည်းစားတွေ ဘာတွေရနေရောပေါ့လို့ ဖြေပေမယ့်လွမ်းတာက လွမ်းတုန်းလေ။

တခါတရံတော့ ဖုန်းဆက်ဖြစ်ပါတယ်။စကားပြောရင်းနဲ့ တခါတလေလည်း နင် ဝလာပြီလား လို့နောက်တတ်သေးတယ်။ သက်ထားကတော့ ခပ်ပျော်ပျော်ပါပဲ။ ကျွန်တော့်ကိုလည်း ရင်းရင်းနှီးနှီးပဲ။ဒါပေမယ့် ချစ်စကား ဆိုရင်တော့ ဘယ်တော့မှ လက်မခံဘူး။ အပြောင်အပျက် လုပ်ပစ်တာချည်းပဲ။သူနဲ့နှစ်နှစ်လောက်ဝေးနေတဲ့ အချိန်မှာ ကျွန်တော်က အဝေးသင် တက်နေတယ်။ သက်ထားကတော့ ရန်ကုန်မှာ သင်တန်းပေါင်းစုံ တက်နေတယ်လို့တော့ကြားတယ်။ နိုင်ငံခြား တက္ကသိုလ်တစ်ခုလည်း လျှောက်ထား သေးတယ်တဲ့။ ကျွန်တော်ကတော့ အိမ်အလုပ်တွေနဲ့ချာလည်ရိုက်နေ ရန်ကုန်ကို ခဏတစ်ညနှစ်ညလိုရောက်တတ်ပေမယ့် သက်ထားနဲ့ တခါမှ မတွေ့ဖြစ်ဘူး။ တွေ့ချင်တော့လည်း ဆူးလေမှာသွားဆုံပါတယ်။ အဖေအတွက် ဆေးတွေဝယ်ပြီး သင်္ဘောမထွက်ခင် အချိန်စောတာနဲ့ စာအုပ်တန်းတွေ မွှေနေတုန်း နောက်ကနေလှမ်းအော်တာ။

“ဟဲ့..အောင်ဘု”

အရင်လိုပဲ ကဗျာမဆန်အောင် ခေါ်တတ်တုန်းလေ။ အခုတော့ ငြိမ်ငြိမ်လေး လှနေတယ်။

“တစ်ခုခု စားပါဦးလား..ငါ ကျွေးချင်လို့ပါ။”

“အေးပါ တော်သူဌေးလေးရယ်..ငါကလည်း စားချင်ပါတယ်”

နောက်တော့ ကျွန်တော်တို့ လမ်းလျှောက်ရင်း ဆူးလေးနားက ဆိုင်တစ်ဆိုင်မှာပဲ စကားပြောဖြစ်ပါတယ်။

“နင် ရည်းစားရနေပြီလား”

“ဟင်အင်း..နင့် အဖြေ မျှော်နေတုန်း”

“အောင်ဘုရယ် နင်ကလည်း ရူးလိုက်တာ ..နင်နဲ့ ငါနဲ့ မတွေ့တာ ဘယ်လောက်ကြာပြီလဲ..

ဒီပုံက ဒီပုံ..ဝလာအောင်တော့ မလုပ်ဘူး…ဝ မလာဘဲနဲ့များ ရည်းစားစကား ပြောရဲသေးတယ်။”

“နောက်မနေစမ်းပါနဲ့ သက်ထားရယ် … နင်ကော ရည်းစားတွေ ဘာတွေ ရှိနေပြီပေါ့”

“သုံးယောက်တော့ ထားပြီးသွားပြီဟ…တစ်ယောက်မှ ငါစိတ်တိုင်းမကျဘူး..

နင်ကို လည်း ငါစဉ်းစားတော့ စဉ်းစားကြည့်ဖူးတယ်..ဒါပေမယ့် စိတ်ထဲမှာ သူငယ်ချင်းထက် ပို ခံစားလို့ကို မရဘူး…

ဒီတော့ ရာထူးမတက်ချင်စမ်းပါနဲ့ဟာ..ဒီရာထူးနဲ့ နှစ်တိုးတွေ အများကြီးခံစားခွင့်ပေးမယ် ဟုတ်ပြီလား..

“ငါကတော့နင့်ကို ချစ်နေတုန်းပဲ..ဘယ်တော့မှ မပြောင်းလဲဘူး”

ကျွန်တော် အသေအချာလေးပြောလိုက်တော့ သက်ထား နည်းနည်း တွေသွားတယ်။

“အဲဒီ အချစ်ဆိုတာကြီးကို ငါမတွေ့သေးဘူးဟာ..ငါ လည်းတွေ့ဖူးချင်တယ်..

ဘာပဲဖြစ်ဖြစ် နင့်ကို ပြန် မချစ်နိုင်တာတော့ စိတ်မကောင်းပါဘူး…

“ငါလည်း ရှေ့လထဲတော့ ကျောင်းသေချာရင် ထွက်ဖြစ်လိမ့်မယ်ထင်တယ်”

“ကောင်းတာပေါ့…တကယ်လို့ ထပ်မတွေ့ဖြစ်တော့ရင်လည်း မှတ်ထားပေးပါဟာ။ မြန်မာပြည်မှာ နင့်ကို အရမ်းချစ်တဲ့ကောင်လေးတစ်ယောက် ရှိသေးတယ်လို့”

“ဟား..ဟား..အောင်ဘုရယ် ..နင်ဟာလေ ခုထိစိတ်ကူးယဉ်တုန်း...ကလေးစကားတွေ သိပ်ပြောတာပဲ”

နောက်တော့ ကျွန်တော်တို့နှစ်ယောက် ညနေစောင်းမှာလမ်းခွဲလိုက်ပါတယ်။

(၃)

သဘောင်္ပေါ်တက်တော့ ရန်ကုန်ညနေ လေညင်းရယ် ဝင်တော့မယ့်နေရောင်ရယ်လေ..

လူတစ်ယောက်က လူတစ်ယောက်ကို အရမ်းချစ်နေမိပြီး..နောက်တစ်ယောက်က တော့ ရင်ခုန်လို့မရတာ ဘယ်လိုနောက်ပြောင်မှုတွေပါလိမ့်။ ကျွန်တော့်လို ချစ်ရုံပဲ ချစ်တတ်ပြီး…အချစ်ခံရအောင် မနေတတ်တဲ့ ရင်ခုန်အောင်မလုပ်တတ်တဲ့ လူတစ်ယောက် ကတော့ မြစ်တစ်စင်းထဲမှာ ချစ်ခြင်းတွေနဲ့ လူးလာခေါက်ပြန်လို့ပေါ့။

လင်းဒီပ

၅.၃.၀၉

Monday, March 2, 2009

ချစ်ရတာပျော်တယ်( အပင်ကလေး)

ကိုယ့်သီချင်းပါပဲ
ဘယ်သူ့ ပါးစပ်ဖျားပေါ်တင်တင်..

ကိုယ်မျက်စိအောက်မှာ ကြည့်ရင်းငေးရင်း
ကိုယ့်တစ်ရပ်စာ ကျော်သွားတဲ့သစ်ပင်ပျိုလေး
အရိပ်လည်းမခို အခက်လည်းမချိုးဘူး..
ချစ်ရတာပျော်တယ်
လွမ်းရတာပျော်တယ်..

ဘယ်အရပ်ကို လှည့်လှည့်
ဘယ်သူ့အတွက်ရွယ်ရွယ်
ဘယ်လိုအရောင် ပန်းတွေပွင့်ပွင့်
ရနံ့လေးတွေ ခိုးရှိုက်ရင်း ချစ်ရတာ ပျော်တယ်..
ဘယ်လိုသစ်သီးတွေ သီးပေးဦးမှာလဲ
အဘယ် သကောင့်သားကို လက်ဆောင်ပေးဦးမှာလဲ…

တစ်ခြံတည်း အတူကြီးခွင့်ရတာ
တစ်မြေတည်း အတူနေခွင့်ရတာ
တစ်ရေတည်း အတူသောက်ခဲ့ကြတာ
(ကိုယ့်လောက်)
ဘယ်သကောင့်သားကများ ကံကောင်းခဲ့လို့လည်းကွယ်။
လင်းဒီပ
၂.၃.၀၉