၁၉၉၇ ဆယ်တန်းအောင်ပြီး တက္ကသိုလ်တွေက ချက်ချင်း မဖွင့်ဖြစ်တော့ ၊၁၉၉၈ အင်းစိန် ဂျီတီအိုင်မှာ ညကျောင်း သွားတက်ဖြစ်သည်။ အဲဒီတုန်းက အခေါ် Evening GTI(EGTI)ပေါ့။ စက်မှုတက္ကသိုလ် လျှောက်ထားပေမယ့် 2D နှင့် အမှတ်က သိပ်မများတော့ YTU မရမှာလည်းကြောက် အင်ဂျင်နီယာ မဖြစ်မှာလည်း စိုးသည်။ အသက်က ၁၈ ဝန်းကျင်။ ကျောင်းတက်ရတာ အရမ်းပျော်သည် ။အနှစ်တစ်ရာ သက်တမ်းရှိပြီဖြစ်သည့် အုတ်နီရောင် ကျောင်းအိုကြီး။ အပင်ကြီးတွေက အုံ့အုံ့ဆိုင်းဆိုင်း ။Lab မှာ စမ်းသပ်စရာ ပစ္စည်းတွေက အစုံအလင်။ ကျောင်းအဝင်မှာ တစ်ခုတည်းသော ကန်တင်း။ အနောက်ဖက် အပေါက်နားမှာ ဓနိမိုး လက်ဖက်ရည်တဲ ဆိုင်လေးက ထပ် ရှိသေးသည်။
ကျောင်းတက်လို့ လေးလလောက်ရှိပြီး လူရည်လည်လာတော့ ကဗျာစာအုပ် ထုတ်မည် ဆိုပြီး ကျွန်တော်က ဦးဆောင်ပြီး ကဗျာတွေ လိုက်စုသည်။ ကဗျာတွေ စုနေတုန်း ဌာနမှူးက ဘယ်လို သိသွားသည်မသိ။ ကျောင်းနာမည် မတတ်ဖို့။ ကိုယ့်ဘာသာ ထုတ်ဖို့။ ဖြစ်လာရင် ကိုယ့်ဘာသာ ရှင်းဖို့ ပြောသည်။ကျွန်တော်တို့အဖွဲ့လည်း ကိုယ့်ဘာသာ ဆက်လုပ်ကြသည်။ ကဗျာစာအုပ်လေးက သပ်သပ်ရပ်ရပ်လေးတော့ ထွက်လာသည်။ မှတ်မိသေးသည်။ စာအုပ်နာမည်လေးက မြက်ရိုင်းပြတိုက်။ ကျွန်တော် ရည်ရွယ်ထားတဲ့ တစ်ယောက် အတွက်တောင် ဥပက္ခာတစ္ဆေ ဆိုတဲ့ ကဗျာလေး ထည့်ဖြစ်သည်။ စာအုပ်လေးတွေ လိုက်ရောင်းရတာ ပျော်စရာ။ ကန်တင်းမှာ ကောင်မလေးတွေ သုံးလေးယောက် ခပ်အေးအေးပုံစံလေးတွေ ထိုင်နေတာမြင်ရင် ဝင်ထိုင်ပြီး ရောင်းသည်။ ဝယ်ကြသည်..ကြောက်လို့ ထင်သည်။လမ်းမှာတွေ့သမျှ လိုက်ရောင်းသည်။တချို့ကို အလကား လိုက်ပေးသည်။ စာအုပ်ကလေး နှစ်ရာက လူလေးရာလောက် ရှိတဲ့ကျောင်းလေးမှာ တစ်ပတ်လောက်နှင့် ကုန်သွားတော့ အားလုံး ပျော်နေကြသည်။ဒုတိယနှစ် တတိယနှစ်ကျတော့ Mechanical ကလူတွေကို ရှေ့ကလုပ်ခိုင်းပြီး ဝင်ပဲရေးတော့သည်။ သူတို့က အဖွဲ့ ပိုတောင့်သည်။
ဟိုရက်ကမှ စကားစပ်မိတော့ စိတ်၏ စေရာနာခံတဲ့ ကိုမိုးမြင့်တိမ်ကြီးကလည်း EGTI မှာ တစ်Batch ထဲတက်လာတာ။ အခု ဘလောဂ့်ရေးတော့မှ သိကြသည်။ ကျောင်းမှာတုန်းက တစ်ယောက်ကို တစ်ယောက်မသိ။ ယောက်ျားချင်းမို့ ခပ်ပါးပါး ဖြစ်လိမ့်မည်..:P ။YTU မှာလည်း Evening Diploma ဖွင့်တော့ အထက်ကျောင်းတုန်းက သူငယ်ချင်းတွေက အဲဒီမှာ။ ကြို့ကုန်းနှင့် ပြည်တော်သာက နီးနီးလေး။ သူတို့တွေက Valentine’s ဆို ပုံမှန် အချစ်ကဗျာလေးတွေ စုထုတ်ကြသည်။ ကဗျာ လာတောင်းကြသည်။ စာအုပ်ထွက်ရင် လက်ဆောင် လာပေးသည်။
နောက်တော့ ဆယ်တန်းအမှတ်နှင့် ဖြတ်သည့် YTU ကျောင်းတော်ကြီးက တက်ဖို့ အခွင့်အရေးရလာသည်။ ဆရာမောင်စိန်ဝင်းတို့ ဆရာနွမ်ဂျာသိုင်းတို့ရဲ့ စာတွေ ဖတ်ထားပြီး စိတ်ကူးယဉ်ထားသည့်ကျောင်းကြီး။ မေတ္တာပေါင်းကူးတို့ နွေးအေးတို့မှာ သွားသွားထိုင်ကြည့်ဖူးသည်။ ငယ်ငယ်ထဲက ရူးခဲ့ရသည့် ကျောင်းကြီးထဲမှာ တက်ခွင့်ရပြီ ဆိုပြီး အလွန်ပျော်နေမိသည်။ တကယ်ကတော့ မဟုတ်။ ခင်လို့နောက်တာ ဆိုသလို။ တက်တော့ တက်ရသည်.။ ၂၀၀၀ခုနှစ် မှော်ဘီ GTC မှာ။မှော်ဘီကျောင်းရောက်တော့ ပထမနှစ်မှာပင် ကိုမင်းခက်ရဲ(အခုနောက်ပိုင်း သူ့စာပေဆောင်းပါတွေ စံပယ်ဖြူမှာ အတွေ့များသည်။) ကိုမင်းတစေ (အခုဘလောဂ့်ဂါ)တို့က စာကြည့်တိုက်ကလေး လုပ်ကြသည်။ ကိုယ့်အင်ကိုယ့်အား လုပ်ကြတော့ Engineering စာအုပ်တွေ သိပ်မထားနိုင်။ သုတ ရသစာအုပ်လေးတွေ များသည်။ စာခြောက်ရုပ် ပေးစာ(၁) ဆိုပြီး ကဗျာစာအုပ်လေးလုပ်တော့ ဝင်ရေးဖြစ်သည်။သူတို့က ဘုတ်ကလေးတစ်ခု ထောင်ပေးထားသည်။ နံရံကပ်စာစောင်လေးတွေ လုပ်ကြသည်။ မှော်ဘီကျောင်းမှာ လုံးဝမပျော်။ တစ်ယောက်ကို တစ်ယောက် ပျော်အောင် ထားကြရင်း နှစ်နှစ် နေခဲ့ရသည်။နောက်တော့ ၂၀၀၁ မှာ လှိုင်သာယာကျောင်းကို တတိယနှစ်မှ စတက်ရသည်။မြို့ပြင် လယ်ကွင်းထဲက နှစ်ထပ်ကျောင်းဆောင် ယဉ်ကျေးမှုသက်သက်။ဒါပေမယ့် ကိုမင်းခက်ရဲတို့ကတော့ အနုပညာအပင်လေးတွေကို လေပြင်းနေပြင်းတွေအောက်မှာ နွမ်းမသွားအောင် အတတ်နိုင်ဆုံး ပြုစုသည်။ ကဗျာလေးတွေ ဆောင်းပါးလေးတွေ စုပြီး ထုတ်ဖြစ်ကြသည်။ ဒဂုံတက္ကသိုလ်နှင့် လှိုင်သာယာ YTU က တစ်နေရာစီ။ ဒါပေမယ့် ရောက်အောင်သွား လှည်းတန်းလိုနေရာမျိုးလေးတွေမှာ ဆုံပြီး စာအကြောင်းတွေ ပြောကြ..ကဗျာစာအုပ်တွေ ထုတ်ကြ။ ကိုယ့်နှင့်ဘာမှမဆိုင်သည့် မိန်းထဲမှာ သွားထိုင်ကြနှင့်။ ရသေ့လေးတွေ စိတ်ဖြေကြသည်။Valentine’s ဆိုလည်း ထုံးစံအတိုင်းစာအုပ်လေးတွေ လုပ်ကြ။ရွာသာကြီးက စီးပွားရေးတက္ကသိုလ်၊သန်လျင် GTC ထိ စာအုပ်တွေလိုက် ရောင်းကြသည်။အားလုံးက ခင်ခင်မင်မင် နွေးနွေးထွေးထွေး ဆက်ဆံကြသည်။ မမောနိုင် မပန်းနိုင်ကြ။တစ်နေရာဆီ ရောက်နေကြပေမယ့် ကဗျာသည်လေးတွေက စုစုစည်းစည်း။ မုန့်ဖိုးလေးတွေ စု ကဗျာကလေးတွေစု ရှုံးတဲ့အခါရှုံး မြတ်တဲ့အခါမြတ်နှင့် ကဗျာစာအုပ်ကလေးတွေထုတ် ရောင်းကြသည်။ ပိုက်ဆံမရပေမယ့် ပျော်ကြသည်။
ကျောင်းတွေထဲမှာ ကဗျာသည်လေးတွေက ကျွန်တော့်တိုက မမွေးခင်ထဲက ရှိပေမည်။ ကျွန်တော်တို့လည်း ကဗျာသည်လေးတွေ လုပ်ခဲ့သည်။ နောက်ထပ် ညီငယ်ညီမငယ်လေးတွေလည်း ကဗျာသည်လေးတွေ လုပ်ကြဦးမည်။ကဗျာသည်လေးတွေကတော့ ကျောင်းတွေထဲမှာ ခေတ်အဆက်ဆက် စိမ်းလန်းစွာ ရှင်သန်ပေါက်ရောက်နေပါလိမ့်ဦးမည် ဟု ကျွန်တော် ယုံပါသည်။
လင်းဒီပ
၁၆.၃.၀၉