Saturday, September 20, 2008

ကျောင်းတုန်းက သီချင်း


စံပယ်လေးတစ်ဖူးဆိုပေမယ့်
အတော်လေးရူးခဲ့ရဖူးတယ် ။

ခင်စရာကောင်းဟန်….ဆောင်တတ်လို့လည်း
ခင်ဖူးတယ်
ချစ်စရာကောင်းဟန်….ဆောင်တတ်လို့လည်း
ချစ်ဖူးတယ်
ဒီလိုပါပဲလေ
လွမ်းစရာကောင်းဟန်……ဆောင်ခဲ့တော့လည်း
လွမ်းဖူးတာပေါ့

ငယ်ငယ်တုန်းကလို
ပြန်ကစားကြည့်ချင်သေးတယ်
ငါကလူဆိုးကြီးလုပ်
နင့်ကမင်းသမီးလေးလုပ် ဆိုတာမျိုး

ခက်တာက
ငါကလည်း လူကြမ်းရုပ်နဲ့ မျက်ရည်လွယ်တယ်။
နင့်ကလည်း နတ်သမီးရုပ်ကလေးနဲ့
သွားတက်ကလေးကျ ချွန်တယ်။

တကယ်လက်တွေ့မှာက
ငါကလည်း ဗိုလ်အောင်ဒင်မဟုတ်
နင်ကလည်း မမြ၀င်းမဟုတ်
ဟိုတစ်ယောက်ကလည်း ကိုကိုချစ် မဟုတ်။

ပြီးခဲ့ပြီလေ
အညတရလေး ရဲ့ ညလမ်းမှာ
စံပယ်တွေလည်း နွမ်းပေါ့ ။

ပြီးခဲ့ပါပြီလေ
ငယ်တုန်းက ဖွားဖွားဆုပေးသလိုပါပဲ
ပိန်းကြာရွက်ပေါ်ရေမတင်သလို
အပူအပင်တွေကင်းစင်ပါစေသား ချစ်သူ ။

လင်းဒီပ
၃၁.၀၈.၀၈
(Photo Source: photobucket.com)

3 comments:

မိုးမြင့်တိမ် said...

ကဗျာလေး ကောင်းတယ်ဗျ။ ဟုတ်ပါတယ်လေ အချိန်တန်ရင်တော့ အားလုံးဟာ ပြီးဆုံးသွားရတာဘဲ မဟုတ်လား။ အားပေးနေမယ်။

ဗီလိန် said...

အစ်ကိုလည်း ဗီလိန်လုပ်ခဲ့ဖူးတယ်ပေါ့နော်။ ပျော်စရာကြီးမလား။ ဟဲဟဲ။ ဗီလိန်က နောက်ဆုံးမှသာမကောင်းတာ အစောပိုင်းက တော့ သူက ဗိုလ်ပဲ။ :P

တင့်ထူးရွှေ said...

သွားတက်ကလေးကျ ချွန်တယ်ဆိုတော့ ကိုက်ခံရဖူးတယ်နဲ့တူတယ်ဗျ :) ကဗျာလေးကောင်းတယ်ဗျို့။