Sunday, September 21, 2008

ကြယ်ကလေးထက်မြင့်တဲ့တောင်တန်း(ဖေဖေသို့)


ကျွန်တော်က အနောက်မှာရပ်နေတဲ့ဖေဖေကို ဘယ်တော့မှမမြင်ဘူး။ဟိုကောင်ဆိုတဲ့ခေါ်သံ
နောက်က မေတ္တာတရားရဲ့ သိပ်သည်းဆကို ဟိုးအဝေးရောက်မှတွက်ဆတတ်ခဲ့တဲ့ကောင်ပေါ့
ကျွန်တော်စိတ်ထဲမှာအဖေက ရှေးဟောင်းပစ္စည်း...သူစိတ်ထဲမှာတော့ ကျွန်တော်ဟာ သူ့အနာဂတ်ရဲ့ကြယ်ပြာလေး…(အဲဒီကြယ်လေးကတော့ သူကိုတွေ့ရင် အမြဲမီးမှိတ်လို့)
သားသိသွားတယ်ဖေဖေ..သားမတွေ့အောင်ဖွက်ထားတဲ့ အပေါ်ယံအမာရောင်သုတ်ထားတဲ့
ဖခင်တစ်ယောက်ရဲ့မေတ္တာတွေလေ။ သားအဝေးကြီးကနေ တချက် ပြန်လှည့်အကြည့်မှာ တွေ့လိုက်တာ.. သားစီးနေတဲ့မြင်းကတော့ ကဆုန်ဆိုင်းလို့ပေါ့ ။ ဖေဖေက သိပ်ရှေးရိုးဆန်တဲ့လူ..သူ့သားကို သူ့စိုက်ခင်းလေးမှာပဲ ထားချင်တယ်။
ကျွန်တော်ရင်ထဲက တိမ်မီးတောက်တွေကြောင့်ပါဖေဖေ ။ ဖေဖေစိုက်ခင်းကို ကျွန်တော်မရိတ်သိမ်းနိုင်ခဲ့တာ ။ ကျွန်တော်လေဟုန်ဆန်ရဦးမယ်ဖေဖေ…ယုန်မလေးရဲ့အိပ်မက်ကွက်လပ်တွေကို
ဖြည့်စွက်ပေးဖို့ပါ။လွန်ခဲ့တဲ့အနှစ်သုံးဆယ်ကမေမေရဲ့အမေအိမ်ကိုဖေဖေသွားခဲ့သလိုမျိုးပါပဲ…သား
လည်းမုန်လာဥနီတွေ တပွေ့တပိုက်နဲ့ယုန်မလေးရဲ့မေမေ ကိုတွေ့ရဦးမယ် ။သားတို့ခေတ်က အဖေတို့ခေတ်ထက်ပြိုင်ဆိုင်မှုတွေ လိုအပ်ချက်တွေကလည်းများရဲ့ ။ ကိုယ့်လက်ကိုယုံယုံကြည်ကြည် ဆုတ်ကိုင်လာမယ့်ပန်းတစ်ပွင့်အတွက်ကျွန်တော်လည်း ကောင်းကင်ငယ်လေးတော့ဖြစ်ချင်တယ်လေ။
သားကိုစိတ်မပူပါနဲ့ဖေဖေ..သားက ဖေဖေအိမ်မှာနေတုန်းသာလူဆိုး …အခုတော့ လောကစီးချက်တွေမှာ ဟန်ချက် ညီအောင်လမ်းလျှောက်တတ်နေပါပြီ…ဒဏ်ရာဒဏ်ချက်တွေကတော့ ဖေဖေဖြတ်သန်းတုန်းကလောက်ပဲ နေမှာပါ..ထူးပြီးစာဖွဲ့နေရင် ဖေဖေရယ်နေဦးမယ်..
သားစိတ်ထဲမှာလည်းဖေဖေနဲ့တူတာ အတော်များများရှိပါရဲ့ မေမေကိုချစ်တာ..စိုက်ခင်းလေးကိုမြတ်နိုးတာ..လရောင်အောက်အိမ်ရှေ့ကွပ်ပျစ်လေးမှာထိုင်ပြီး မေမေဖျော်တဲ့ ကော်ဖီကိုသောက်ချင်တာမျိုးပေါ့..
နောက်..ဆည်းလည်းသံလွင်လွင် ဘုရားရင်ပြင်တော်ပေါ်မှာအေးအေးဆေးဆေး ထိုင်ချင်တာမျိုးလေ..
သိပ်မကြာစေရပါဘူးဖေဖေ…သားပြန်လာခဲ့မှာ..ဖေဖေဆီ..မေမေဆီ...
စိုက်ခင်းလေးဆီ..နောက်သားရဲ့ယုန်မလေးဆီ

လင်းဒီပ
၂၁.၀၉.၀၈
Photo Source: (Pictured by Becca_farns)
(media.photobucket.com)

7 comments:

မိုးမြင့်တိမ် said...

ဒီပိုစ့်လေးကို ဖတ်ပြီးတော့ စိတ်ထဲမကောင်းဘူး ဖြစ်သွားတယ် အိမ်ကို သတိရတဲ့စိတ်တွေလည်း တားမရ ဆီးမရ ဖြစ်သွားတယ် ဟုတ်ပါတယ် မိဘဆိုတာ ကိုယ့်သားသမီးကို ဘယ်အသက်အရွယ် ဘဲရောက်ရောက် သူတို့စိတ်ထဲမှာ အမြဲတမ်းကလေးဘဲ ထင်နေကြတာလေ အဲဒါကိုက မိဘမေတ္တာဘဲလေ။ link ပေးတဲ့အတွက် ကျေးဇူးပါဗျာ။ အမြဲအားပေးနေပါမယ်။

ခေါင်ခေါင် said...

ဖေဖေ မေမေ.. စိုက်ခင်းနဲ့ ယုန်မလေးဆီ အမြန်ဆုံး ပြန်ရောက်နိုင်ပါစေ......

လင်းဒီပ said...

ပေးတဲ့ဆုနဲ့ပြည်ပါစေဗျာ....:P

ဗီလိန် said...

ယုန်မလေးကိုပြန်ပေးဆွဲလိုက်မယ်နော်။ ဟဲဟဲ။ ဗီလိန်က ပြန်ပေးဆွဲဖို့ပဲချောင်းနေတာ။ :D

KPZ said...

ခေါင်းစဉ်လေးကနေ အဆုံးထိ အရမ်းကို ကြိုက်တယ်အကို။ အဖေကို အရမ်းချစ်တဲ့ သမီးတစ်ယောက် အတွက် အကို့ပို့စ်လေးက စိတ်ထဲမှာ နွေးသွားတယ်အကို ....

kkk said...

aww lat sa that talk you ka animal ko, haha rabbit htee gyi

mirror said...

အဲ့လိုမျိုး ခံစားဖူးကြည့်ချင်တယ်။နောက်ကရပ်ပြီး ကိုယ့်ကိုခေါ်မယ့်သူ မရှိခဲ့ဖူးဘူး။ အမာရောင်သုတ်လိမ်းထားတဲ့ မေတ္တာတရားတွေ တခါတလေတော့ တီးခေါက်ကြည့်မိချင်တယ်။