Monday, April 13, 2009

သင်္ကြန်စာ

ဒီနေ့ သင်္ကြန်အကြိုနေ့ပါ ။ သင်္ကြန် မတိုင်ခင် ဧပရယ် အစောပိုင်းတည်းက ဘလောဂ့်တွေမှာ သင်္ကြန်အကြောင်း ပိတောက်အကြောင်း ရေးကြ ပြောကြနဲ့ ဝါဝါဝင်းဝင်း လင်းလက် နေကြပါတယ်။ ဟိုဘက်အိမ်သွားလည်း ပိတောက်နဲ့သင်္ကြန် ဒီဘက်အိမ်ကူးလည်း သင်္ကြန်နဲ့ပိတောက်တွေ ချည်းပါပဲ ။ ဒီမှာ Good Friday ကနေ သုံးရက် ဆက်တိုက် ပိတ်တော့ စာများများရေးမယ် ဖတ်မယ်လို့ အားခဲထားတာပါ ။ တကယ်ကျတော့ (၃)ရက် x (၂၄)နာရီ= ၇၂ နာရီက ဘယ်လို ကုန်သွားတယ် မသိဘူး ။ တနင်္လာ မနက်ကျတော့ ရုံးသွားဖို့ နုန်းချိစွာ နိုးလာပါတယ် ။ (ကဲထားတာကိုး)


အချို့ဘလောဂ့်တွေကလည်း သင်္ကြန်နားမယ်ထင်ပါတယ်။ ခရီးထွက်တဲ့ ဘလောဂ့်ကလည်း ထွက်ပါတယ် ။ဘုန်းကြီးဝတ်တဲ့ဘလောဂ့်ကလည်း ဝတ်ပါတယ် ။ တရားဝင်တဲ့ ဘလောဂ့်ကလည်း ဝင်ပါတယ် ။ သင်္ကြန်လွမ်းလို့ဆိုပြီး အရက်ထိုင်သောက်တဲ့ ဘလောဂ့်ကလည်း သောက်ပါတယ် ။(ဘာမှတော့မဆိုင်..:P)မြန်မာပြည်ထဲက ဘလောဂ့် နေကြတဲ့ လူတွေတော့ သင်္ကြန်နားမယ် ထင်ပါရဲ့ ။ကိုဝင်းဇော်(welcome)ကြီးကတော့ လွန်ခဲ့တဲ့နှစ်ရက်ထိ ဘလောဂ့်ထားတာ တွေ့ပါတယ်။ ညီမမေရာကတော့ မွန်ပြည်နယ်သွားပါတယ်တဲ့ ။ ညီမနန်းညီကတော့ online တက်နေဆဲ ။တောင်ကြီးရောက်နေပြီး ပုလင်းဆို ခေါင်ရည်ပုလင်းပဲ သိတော့တယ် ခုချိန်မှာ လို့ cbox မှာ လာ အော်သွားပါတယ် ။ဒီအချိန်ဆို ဘန်ကောက်က မဆုမွန်တစ်ယောက် အထိကရုန်းတွေကြားမှာ ပုန်းနေ (အဲ) သတင်းလိုက်ယူနေပြီထင်ပါတယ် ။:P သူ့ရဲ့ ယိုးဒယားသင်္ကြန်လေးလည်း ဖတ်ရမယ် မျှော်နေတာပါ ။ ကိုအောင်သာငယ်ရဲ့ သင်္ကြန်ကဗျာစု E-book လေးလည်း ဖတ်ချင်လှပါပြီ..:P ။
စင်ကာပူ သင်္ကြန်ကတော့ ဒီစနေ တနင်္ဂနွေမှာ ချိမ့်ချိမ့်သဲသဲ မိုးရေရွှဲပါ ။ စနေနေ့ကတော့ အာရ်အိုင်တီ ကျောင်းသားဟောင်းများ သင်္ကြန်ကို ချိုင်းနားတောင်းက Kareta Ayer People Theater မှာလုပ်ပါတယ် ။ အစ်မကြီးတီတီဆွိ ဘလောဂ့်မှာ သွားဖတ်နိုင်ပါတယ်။ တနင်္ဂနွေမှာတော့ ကျွန်တော်သိသလောက် တိုပါးယိုးကျောင်း ဆန်ဘာဝမ်းကျောင်းနဲ့ ယူနွတ်က မင်္ဂလဝိဟာရကျောင်း city hall နားက Pandang ကွင်းတို့မှာ လုပ်ပါတယ် ။ ဆန်ဘာဝမ်းကျောင်း သွားတဲ့ သူငယ်ချင်းကတော့ စတုဒီသာတွေ မဟားဒယားစားပြီး (၂)နာရီမှ ပြန်လာတဲ့အကြောင်း အားရပါးရ ပြောပါရဲ့ ။ မင်္ဂလဝိဟာရကျောင်းတော့ မသွားဖြစ်လို့ မသိပါဘူး ။ ကျွန်တော်ကတော့ မနက်ပိုင်း တိုပါးယိုးသွား ရောက်တာ(၁၁) နာရီလောက် ။မုန့်လုံးရေပေါ်လေးစားပြီး City Hall က Pandang ကွင်း ဆက်ကူးပါတယ် ။
ကွင်းက ကျယ်တော့ လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါး ပါပဲ ။ ဦးဇော်ဝမ်း မျိုးကျော့မြိုင် ဆောင်းဦးလှိုင် စည်သူလွင် ရဲလေး ရှင်ဖုန်း နဲ့ ဖြူဖြူကျော်သိန်းတို့ ဆိုကြပါတယ် ။ ဦးဇော်ဝမ်းက “ပွဲဖျက်တဲ့မိုးလို့ပြောကြရအောင် သင်္ကြန်မိုးလေးတွေ စိုရုံ ဖြန်းပက်ဦး” လို့ သင်္ကြန်မိုးကို ဆိုလိုက်တည်းက မိုးရွာထားလို့ ဗွက်ထနေတဲ့ကွင်းထဲမှာ လူက အလိုလို မြူးလာပါတယ် ။ ပိတောက်တွေ သင်္ကြန်ရေတွေ စိတ်ထဲ ပြေးဝင်လာပါတယ် ။ နောက် နွေ ဘယ်ပန်းချီရေးလို့မမှီ စတဲ့ သီချင်း ကောင်းကောင်းကြီးတွေ ဆိုပါသေးတယ် ။ မျိုးကျော့မြိုင်ကတော့ သူ့ကိုမေ့နေမှာ စိုးလို့ဆိုပြီး ကျွန်တော့်နာမည် မျိုးကျော့မြိုင်ပါ ခုနစ်မိုင်မှာနေပါတယ် နဲ့ စဖွင့်ပါတယ် ။ ဆောင်းဦးလှိုင် နဲ့ စည်သူလွင်ကတော့ လွမ်းရယ်မပြေဆိုတဲ့ ကျောင်းသီချင်းလေးကို မှတ်မှတ်ရရ ဆိုသွားပါသေးတယ် ။ ရဲလေးက တော့ hiphop ကို ကြိုက်တယ်ဆို ယောကျာ်းလေးတွေ အကုန်လုံး ထခုန် hiphop ကို ကြိုက်တယ်ဆို မိန်းကလေးတွေ အကုန်လုံး ထခုန် တဲ့ ။ ကျွန်တော်ကတော့ ရဲလေးသီချင်းတွေကို မခံစားတတ်ပါဘူး ။(ပုဂ္ဂလိက ခံစားချက်ပါ) ရှင်ဖုန်းကတော့ ထုံးစံအတိုင်း တယ်လီဖုန်းလေးကို အပြစ်တင်ပါတယ် ။ ဖြူဖြူကတော့ အားလုံး အကြိုက်ပေါ့ ။ ကျွန်တော်လည်း ကြိုက်တယ် ။ Performance ကောင်းကောင်းနဲ့ အပြင်းလေးအော်လိုက် အပျော့လေးနဲ့ အမောဖြေလိုက်ပါ ။ မြန်မာအကလေးတွေ ကြားညှပ်တင်ဆက်သွားလို့ ပွဲစီစဉ်သူတွေကို ကျေးဇူးတင်ပါတယ် ။ သင်္ကြန်ယိမ်းလေးတွေ တပင်တိုင် အကတွေနဲ့မှ သင်္ကြန်ဆိုတာ လှတာလို့ ထင်ပါတယ် ။
ကွင်းထဲမှာ အစားအသောက်တွေ အကုန်လုံး ရောင်းပါတယ် ။ ဒါပေမယ့် ဆိုင်တစ်ဆိုင်ကတော့ ဖာလူဒါ ကောင်းကောင်းလေး စတုဒီသာ ကျွေးပါတယ် ။ဒါမျိုးဆို လင်းဒီပတို့က တွေ့ဖြစ်အောင် တွေ့ပါတယ် ။ သူငယ်ချင်းတစ်ယောက်ကတော့ တိုပါးယိုးတို့ ဆန်ဘာဝမ်းတို့က စတုဒီသာတွေ ဒီလာကျွေးရင်ကောင်းမယ်နော် တဲ့ ။ ပန်နီဆူးလားပလာဇာထဲမှာ လည်း စတုဒီသာတွေ ကျွေးပေမယ့် မစားဖြစ်ပါဘူး ။ ကိုယ့်နိုင်ငံမဟုတ်တော့လည်း ထိန်းထိန်းသိမ်းသိမ်းလေး ကဲရပါတယ် ။ ဒါတောင် မြေကြီးပေါ်လူးလိမ့်နေတာတွေ မူးရင် ခွေ့တတ်တဲ့ချိုလိမ်တွေ တစ်ယောက်စ နှစ်ယောက်စ တွေ့တော့ စိတ်ပျက်မိပါသေးတယ် ။ နဂိုကမှ လက်ညှိုးထိုးစရာ များရတဲ့ကြားတဲ့ ဆိုးတဲ့ မောင်နှမတွေကြောင့် မြန်မာသိက္ခာ စင်ကာပူမှာ မကျချင်ပါဘူး ။(ရင်ထဲက စကားပါ ။)

နောက်နှစ်တွေမှာလည်း ဒီလိုစည်စည်ကားကား သိုက်သိုက်ဝန်းဝန်းလေး ပျော်နိုင်မယ်ဆိုရင် ကောင်းပါတယ် ။ စည်းကမ်းရှိရှိလေး ဆိုရင်တော့ သူတို့ကလည်း ခွင့်ပြုမယ်ထင်ပါတယ် ။ ဒီ weekend စင်ကာပူမှာ ကျွန်တော်တော့ သင်္ကြန် အဆာပြေခဲ့ပါတယ် ။

အားလုံးပဲ နှစ်သစ် (၁၃၇၁) မှာ ချစ်ချစ်ခင်ခင် ရွှင်ရွှင်လန်းလန်း နဲ့ အေးချမ်းပျော်ရွှင်နိုင်ကြပါစေ ။မြန်မာပြည်နဲ့ ကမ္ဘာတစ်လွှားမှာ ကောင်းသော ပြောင်းလဲတိုးတက်မှုတွေ ဖြစ်ထွန်းပါစေ ။မေတ္တာတရားရဲ့ လရောင်ခြည်တွေ ခြုံလွှမ်းပြီး လက်နက်ဆန်းတွေ စစ်မက်တွေ အငြိုးအတေး ရောဂါဘယ သဘာဝ ဘေးဆိုးတွေလည်း ကင်းဝေးကြပါစေလို့ ..။

(ဓာတ်ပုံလေးတွေက ရွာသားလေး(ဝိုင်တီယူ)နဲ့ Jerry တို့ စင်နားမှာ အနီးကပ် ခက်ခက်ခဲခဲ လူတိုးခံပြီး ရိုက်ထားတာပါ ။ အသုံးပြုခွင့် ပေးလို့ ရွာသားလေး(ဝိုင်တီယူ)နဲ့ Jerryတို့ကို ကျေးဇူးတင်ပါတယ်။)
အားလုံးကို ခင်မင်လေးစားစွာ
လင်းဒီပ
၁၃.၄.၀၉

16 comments:

မယ့်ကိုး said...

လင့်ခ်ထဲမှာ သင်္ကြန်စာလို့ ပေါ်နေတော့ ဝမ်းသာသွားပြီး အပြေးလာကြည့်တာ။ ကဗျာအသစ်တင်ထားတယ် မှတ်လို့...
နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ ပါစေ။

ရွှေပြည်သူ (ShwePyiThu) said...

စင်္ကာပူက သင်္ကြန်ဓာတ်ပုံတွေ ကြည့်ရလို့ ကျေးဇူးပါ ကိုလင်းဒီပရေ။ ဘယ်တုန်းကမှ မရောက်ဖြစ်လို့ အခုမှ မြင်ဖူးပါတယ်။ ဓာတ်ပုံတွေကို စင်နားမှာ ခက်ခက်ခဲခဲ (အဆိုတော် ကောင်မလေးတွေကို Camera ထဲက ခိုးကြည့်ရင်း) ရိုက်လာပေးတဲ့ ကိုရွာသားလေး နဲ့ Jerry (ပထမ စာကြောင်းတွေက ကိုရွာသားလေးကိုပဲ ပြောတာပါး)) တို့ကိုလည်း ကျေးဇူးတင်ပါတယ်း)) ပျော်ရွှင်စရာ သင်္ကြန်နဲ့ မင်္ဂလာရှိသော နှစ်သစ်ကူးဖြစ်ပါစေ ကိုလင်းဒီပရေ...

khin oo may said...

ကျေးဇူးဘဲလင်းဒီပ. ရောက်သွားသလိုဘဲ

ရွာသားကို စိတ်ဆိုးနေတယ်
မရေးလို့

ဒါဘဲ။

Eaindra said...

လင်းဒီပတို့က..
စတုဒီသာလိုက်ရှာနေတာ...ပေါ့..

ဟုတ်လား...

ပျော်ကြတယ်တဲ့...
ပြောကြတယ်

အျိႏၵာ

MANORHARY said...

ပျော်နေတဲ့သူတွေတွေ့တော့လည်းပျော်လာသလိုပဲ
ဖြူဖြူ့ကိုမြင်တော့လည်းသတိရတယ်
မြန်မာ့နှစ်သစ်မှာမြန်မာပြည်ဖွားတွေအားလုံး
အတာရေနဲ့အတူအေးမြပျော်ရွှင်နိုင်ပါစေ.
မနော်..

မေ့သမီး said...

ညီမလည်း စီးတီးဟောမှာနေ့လည်စာစားရင်းနဲ့ ခဏအဲဒီဘက်ကိုလျှောက်ကြည့်လိုက်ပါတယ်။ ဘုရားရှိခိုးကျောင်းဝင်းထဲမှာ ပုလင်းထောင်နေကြ၊ ကနေကြတဲ့သူတွေအများကြီးတွေ့ပါတယ်။ ဘေးမှာအမှိုက်တွေ၊ ပုလင်းခွံတွေနဲ့ပေါ့။ စိတ်ထဲကတောင်တွေးမိပါတယ်။ စင်္ကာပူက အကဲဆတ်တွေကတော့ ပြောဦးမှာပဲ။ နိုင်ငံခြားသားတွေ ကြောင့်သူတို့နိုင်ငံညစ်ပတ်ပါတယ်ဆိုပြီးတော့။

Moe Myint Tane said...

ဓါတ်ပုံလေးတွေနဲ့ သင်္ကြန်ရဲ့ အငွေ့အသက်လေးတွေကို ခံစားသွားပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

မသက်ဇင် said...

လင်းဒီပ ရေးတာတွေဖတ်ပြီး တကယ်ရောက်သွားသကဲ့
သို့ ခံစားကူးစက်ပါတယ်--
နိုင်ငံတကာရောက် မြန်မာပြည်ဘွားတိုင်းရင်းသားအားလုံး
သင်္ကြန်ရေလိုအေးမြပြီး စိတ်နှစ်လုံးချမ်းမြေ့ကြပါစေ---

အိုင်လွယ်ပန် said...

ကောင်းသောနှစ်သစ်ပါဗျာ :)

emayarKhin said...

ခုမှပဲ...ပုံတွေကြည့်ပြီး
အလွမ်းပြေသွားတော့တယ်.....

ဆောင်းယွန်းလ said...

ပျော်စရာကြီးပါလား ညီလေးရာ
အကိုတို့ဆီမှာတော့ အလုပ်နဲ့အိမ် သင်္ကြန်ကျမှန်းတောင်မသိရ မခံစားရပါဘူး

နှစ်သစ်မှာရွှင်လန်းချမ်းမြေ့နိုင်ပါစေ

Unknown said...

ကိုလင်းဒီပရေ အလွမ်းပြေလေ လာဖတ်ပါတယ် ကောင်းသောနေ့ပါဗျာ :)

WWKM said...

ဟယ်..ပျော်စရာကြီးပဲ...း)
ရွာသားလေးကို နောက်တစ်ပတ်ကြာရင် အမွေဖြတ်စွန့်လွှတ်တော့မယ်.. စာမရေးလို့.. ရှူးးးသွားမပြောနဲ့..း)

Moe Cho Thinn said...

ဇော်ဝမ်းပါ ဖိတ်ထားတာကိုး။ သူ့အသံက သင်္ကြန်အသံကြီးကို ဖြစ်နေတာ။ အပျော်တွေ ကူးစက်ခံစားသွားတယ်။ စတုဒီသာလဲ တိုးဝှေ့လိုက်စား သွားတယ်။ :)

Anonymous said...

အစ်ကိုတို့ ပုံတွေကော တင်ပါလားဗျး) မြင်ဖူးချင်လို့ ။

kkk said...

i met you that day hehe ပျော်စရာကြီး