Tuesday, April 14, 2009

စာအုပ်ကလေး

ဖတ်မယ်ဆိုပြီး ဝယ်ထားခဲ့တာပါ
မဖတ်ဖြစ်ဘဲ သိမ်းထားခဲ့တာ နှစ်များစွာ ကြာခဲ့
စာအုပ်စင်ထောင့်ချိုးလေးမှာ..။

ဆေးရောင်စုံစုံ ကြွေဖုံးစိုစိုလေး နဲ့ သေသပ်မနေလို့လား
ဆရာတစ်ယောက်ယောက်က အဖွင့်စာကောင်းကောင်း ရေးမထားလို့လား
သုံးထားတဲ့ စက္ကူအသားအနားက ညံ့ဖျင်းညိုရီနေလို့လား
ရုပ်ပုံလှလှလေးတွေ ချိုချိုအီအီ သုံးပြီး မစွဲဆောင်တတ်လို့လား
ဒီစာအုပ်လေး မဖတ်ဖြစ်ခဲ့တာ..။

ဒီလိုနဲ့
စာအုပ်စင်လေး ရှင်းရင်း
မဖတ်ရသေးတဲ့စာအုပ်လေး
တိတ်ဆိတ်သိမ်ငယ်စွာ
ရှက်ရွံ့တိုးတိတ်စွာ ကိုယ့်ကိုပြုံးပြ…။

ဟောဒီအားလပ်ရက်မှာ
(မင်းကို)
စိတ်ရှည်လက်ရှည် ကိုယ်ဖတ်တော့မယ်
မင်း ဘာတွေရေးထားခဲ့ဖူးလဲ
ကိုယ် တွေ့ရှိသွားတဲ့အခါသာ
မင်း ရှက်မနေပါနဲ့ကွယ်..။
လင်းဒီပ
၁၄.၄.၀၉

13 comments:

အိန္ဒြာ said...

မဖတ်ဖြစ်သေးတဲ့ စာအုပ်တွေရှိနေတယ်...
မဖတ်ပဲထားခဲ့တဲ့ စာအုပ်တွေလည်းရှိခဲ့တယ်...
ပေးမဖတ်ချင်တဲ့ စာအုပ်တွေလည်းရှိနေခဲ့ပြန်တယ်...

ဖတ်လိုက်ပါ..လင်းဒီပရယ်...
သူစောင့်နေတယ်

ရွှေပြည်သူ (ShwePyiThu) said...

“ဒီလိုနဲ့
စာအုပ်စင်လေး ရှင်းရင်း
မဖတ်ရသေးတဲ့စာအုပ်လေး
တိတ်ဆိတ်သိမ်ငယ်စွာ
ရှက်ရွံ့တိုးတိတ်စွာ ကိုယ့်ကိုပြုံးပြ…။”

လှလိုက်တာ။ နောက်ထပ် အကြိုက်ဆုံးကဗျာ တစ်ပုဒ် တိုးသွားပြန်ပါပြီ။ မျက်လုံးထဲမှာတောင် စာအုပ်လေး တအုပ်ကို မြင်ယောင်လာပါတယ်။ ကိုလင်းဒီပရေ... ဖတ်ပြီးရင်လည်း ဘာတွေတွေ့ရှိလည်းဆိုတာ ဘလော့မှာ ပြောဦးနော်း))

လုလင်ငယ်သွေး said...

ဝယ်ထားပြီး မဖတ်ဖြစ်တဲ့စာအုပ်ကတော့ မရှိပေမယ့် မဖတ်တာကြာတဲ့စာအုပ်တွေတော့ ရှိတယ်။ ကဗျာဖတ်ပြီး စာအုပ်လေးတွေကို သွားသတိရတယ်။ ဖုန်သုတ်ပြီး ပြန်လှန်ဦးမှ။

WWKM said...

စိတ်ကူးလှလှလေးနဲ့ရေးထားတဲ့ ကဗျာကောင်းလေး
တစ်ပုဒ်.း)

မေ့သမီး said...

ကဗျာလေးက မိုက်တယ်။ အဲလိုသာ စာအုပ်လေးတွေက ကဗျာရေးပြီးပြောတတ်ရင်တော့....။ စာကြည့်စားပွဲဘေးမှာ မဖတ်ရသေးတဲဘ့စာအုပ် တထပ်ကြီးပဲ။ ကျောင်းစာတွေကိုအလှည့်ပေးနေရလို့။

Unknown said...

ကဗျာလာဖတ်ပါတယ် ကိုလင်းဒီပရေ ကောင်းသောနေ့ပါ
အတွေးလေးကောင်းတယ်
:)

mysterysnow said...

ကိုလင်းရေ

မဖတ်ရသေးတဲ့ စာအုပ်လေး ခုပဲဖတ်ပြီးပြီ။
ပျော်ရွှင်ပါစေ။

အိုင်လွယ်ပန် said...

ဖတ်ပြီးပြန်ပြောပြဗျာ နော :)

မသက်ဇင် said...

ဒီလိုနဲ့
စာအုပ်စင်လေး ရှင်းရင်း
မဖတ်ရသေးတဲ့စာအုပ်လေး
တိတ်ဆိတ်သိမ်ငယ်စွာ
ရှက်ရွံ့တိုးတိတ်စွာ ကိုယ့်ကိုပြုံးပြ…။

ရေးတတ်လိုက်တာနော်---
တွေးတတ်လိုက်တာ--
ကဗျာလှလှလေး--တပုဒ်--

မိုးခါး said...

အင်း ဖတ်ပြီး ဘာတွေရှိလဲ ထပ်ပြောပြဦးပေါ့ ..း)

ဆောင်းယွန်းလ said...

မင်း ဘာတွေရေးထားခဲ့ဖူးလဲ
ကိုယ် တွေ့ရှိသွားတဲ့အခါသာ
မင်း ရှက်မနေပါနဲ့ကွယ်...

တခုခုတော့ တခုခုပဲ နဲနဲဆန်းနေတယ်ကိုယ့်ညီရေ..
ကောင်မလေးတယောက်ပေးထားတဲ့ ဒိုင်ယာရီစာအုပ်တော့ မဟုတ်လောက်ပါဘူးနော်

မယ့်ကိုး said...

ချစ်စဖွယ် ကောင်းလွန်းတဲ့ အတွေးလေး။
'ဟောဒီအားလပ်ရက်မှာ
(မင်းကို)
စိတ်ရှည်လက်ရှည် ကိုယ်ဖတ်တော့မယ်
မင်း ဘာတွေရေးထားခဲ့ဖူးလဲ
ကိုယ် တွေ့ရှိသွားတဲ့အခါသာ
မင်း ရှက်မနေပါနဲ့ကွယ်..။'

ကျောင်းစာဖတ်ဖို့ ပျင်းနေရင် ဒီကဗျာလေး ခဏခဏရွတ်နေမိမလားပဲ။ :)

MANORHARY said...

မဖတ်ရသေးတဲ့စာအုပ်ကိုရေးထားတာ မတော်လိုက်ရတဲ့
ရည်းစားဟောင်းလိုပဲ..း) အဲလိုသာဆို လူတော်တော်
များများမှာအဲလိုရည်းစားဟောင်းတွေတော်တော်များမှာပဲ
ကိုယ်အပါအဝင်ပေါ့...း)