Sunday, August 1, 2010

ကျွန်တော်ပိတ်မိနေတဲ့ တနင်္ဂနွေ

မနေ့ညက အစ်မ မနော်ရဲ့ တနင်္ဂနွေ စီးချင်း ကို သွားဖတ်ပြီး တနင်္ဂနွေဖဲဝိုင်း ဆိုတဲ့ ဘဝနှင့်လောင်းကစားကို ယှဉ်ပြီး ကွန်မင့်မှာ ကဗျာလေး ရေးမိပါတယ် ။ပြီးတော့မှ ရေးပြီးသမျှ တနင်္ဂနွေကဗျာကလေး သုံးပုဒ်ပေါင်းပြီး ပြန်တင်လိုက်ပါတယ် ။ ကျွန်တော်ပိတ်မိနေတဲ့ တနင်္ဂနွေတွေပါပဲ ။

တနင်္ဂနွေဖဲဝိုင်း
အကုန်လုံး ပုံအောလိုက်တယ်
ရင်ဘတ်ပိုက်ကွန်ထဲ မိထားသမျှ သက်ရှိသက်မဲ့တွေ...။

ခွက်ခွက်လန်အောင်
ငါ့ကို ရှုံးခွင့်ပြုပါ ။

(ကံဆိုးစွာ)
ဇ နဲ့ချီပြီး နိုင်ခဲ့တော့လည်း
လေးလေးပင်ပင်
အိမ်ပြန်ခဲ့ရပါတယ် ။
၃၁.၀၇.၁၀

ပြီးခဲ့တဲ့ တနင်္ဂနွေ

တိုက်အမြင့်ကြီးတွေပေါ်တက်ကြည့်တယ်
တစ်ယောက်မှ မရှိဘူး
ပြန်ဆင်းလာခဲ့တယ်
မောလိုက်တာ။

လမ်းတွေဆုံးအောင် လျှောက်ကြည့်တယ်
တစ်ယောက်မှ မတွေ့ဘူး။
တယ်လီဖုန်းနံပါတ်တွေ နှိပ်ကြည့်တယ်
တစ်ယောက်မှ မကိုင်ဘူး။

ပင်လယ်ဘက်မှာလား မြစ်ချောင်းတွေဆီမှာလား
အရိပ်ကောင်းတဲ့သစ်ပင်တွေ နားမှာလား
လိုက်ရှာတယ် မတွေ့ဘူး။

တိမ်တွေကိုတော့ ငေးကြည့်ရုံပဲ တတ်နိုင်တယ်
ကိုယ်က ငှက်တစ်ကောင်မှ မဟုတ်တာ။

လက်လျှော့ပြီး ပြန်လာလိုက်တယ်
မီးတွေမှိတ်ပြီး တိတ်ဆိတ်နေတဲ့ ကိုယ့် အခန်းကျဉ်းကျဉ်းလေးဆီ
နောက် အေးစက်စက် ထမင်းလေးကို ညနေစာလို့ အမည်တတ်ပြီး
စားပွဲပေါ်က ပန်းခြောက်လေးတွေထိုးထားတဲ့ ပန်းအိုးလေးကို သူငယ်ချင်းလို့ခေါ်လိုက်တယ်။
မေမေရယ်
သားပျင်းလိုက်တာ..
၃.၁၁.၀၈

တနင်္ဂနွေမျဉ်းပြိုင်များ

တို့တွေ
တစ်မြို့တည်း နေနိုင်ကာမှ ပိုဝေးကြတယ် ။

တစ်ယောက်ကို တစ်ယောက်
ဖုန်းကလေး တချက် မခေါ်နိုင်ခဲ့ဘူး
ညစာ အတူစားဖို့ မခေါ်ဖြစ်ဘူး ။
အားလပ်ရက်မှာ
တစ်နေရာရာသွား အပန်းဖြေဖို့ဖြစ်ဖြစ် အတူ မရှိနိုင်ခဲ့ဘူး ။

ရင်ဘတ်ခြင်းတူတဲ့ သူငယ်ချင်းတွေ
(တို့တွေ)
ဘာလို့ ဝေးသွားလဲ
အနီးဆုံးနီးအောင် လုပ်ကြပြီးမှ
ငါတို့ ဘာလို့ ဝေးသွားလဲ ။

ကိစ္စအထွေအထူးမရှိရင်
ခေါ်စရာမလိုတော့တဲ့ ဖုန်းနံပါတ်တွေလို
Contact List ထဲမှာ နံပါတ်တွေ အေးခဲလို့ ။

သော့ကို လှည့်ဖွင့်လိုက်တော့
မီးခလုတ်ကို ထောက်ခနဲ ဖွင့်လိုက်တော့
စားပွဲတစ်လုံး
တိတ်နေတဲ့တယ်လီဖုန်း
နောက်
ဘဏ်က ပို့လိုက်တဲ့ စာတွေ
ဖုန်းကုမ္ပဏီက စာတွေ
ကုန်ပစ္စည်းကြေငြာစာရွက်စာတမ်းတွေ

ဒီ ဒစ်ဂျစ်တယ် ပစ္စည်းတွေ တပ်ဆင်လိုက်ရင်
ဘဝက တကယ် smart ဖြစ်သွားပြီလား
ဒီတယ်လီဖုန်းကို ဝယ်သုံးလိုက်ရင်
အနာဂတ်ထဲ တိုးဝင်တဲ့ ခြေလှမ်းဆိုလား
နွေးထွေးလှိုက်လှဲ နေပျော်တဲ့ ဘဝလေးကိုလိုချင်ရင်
ဘယ်လို ဖုန်းကို ဝယ်သုံးရမလဲ
ဘယ်လို ဒစ်ဂျစ်တယ်ပစ္စည်းတွေ ဘဝမှာ တပ်ဆင်ရမလဲ
ဘယ်လို အဝတ်တွေ ဝတ်ထားရမလဲ…
နွေးနွေးထွေးထွေး ဘဝလေးတစ်ခု ဝယ်ပါရစေ….

အဲဒီလိုနဲ့
မင်းလည်းမမှတ်မိတော့
ငါလည်း မမှတ်မိတော့
ဒီနေရာကို ငါတို့ ဘာအတွက်လာခဲ့ကြတယ်ဆိုတာ…
မင်းလည်း မတွေးမိတော့
ငါလည်း မတွေးမိတော့
နေရာဟောင်းကို ငါတို့ ဘယ်တော့ ပြန်ကြမယ်ဆိုတာ…
မင်းလည်း မပြောဖြစ်တော့
ငါလည်း မပြောဖြစ်တော့
ဇာတိ ပုည ဂုဏ်မာန တွေ အကြောင်း….

ဒီလိုကြီးနဲ့ပဲ
ဒီလိုကြီးနဲ့ပဲ
ရင်ထဲက နှင်းဆီတွေလည်း
ဒစ်ဂျစ်တယ် နှင်းဆီတွေနဲ့ အစားထိုးခဲ့တာ ကြာပေါ့
တို့တွေ
တစ်မြို့တည်း နေနိုင်ကာမှ ပိုဝေးကြတယ် ။
၂၄.၀၂.၁၀

ခင်မင်လေးစားစွာ

လင်းဒီပ

8 comments:

ywartharlay-ytu said...

ဟိုတုန်းက တနင်္ဂနွေ တခါပြန်ပြီးရဖို့အရေး...

သီချင်းလေးလွမ်းတာကွာ

မောင်မျိုး said...

ဖဲဝိုင်း နဲ့ မျဉ်းပြိုင်ကို ကြိုက်တယ် ။

Anonymous said...

ရှေ့အပတ်ကျရင် ဟို သောကြာနေ့ ကဗျာကိုပြန်တင်ပါလား အဆင်ပြေရင်လေ..
အားလုံးပျော်ကြရတာပေါ့..
(: (: (:

melodyphyO @ phyo phyo (:

Anonymous said...

တနင်္ဂနွေစီးဖိနပ်

ခေါင်းလောင်းသံတွေကတစ်နေ့လုံးမစဲဘူး
ကလေးတစ်ယောက်ရှပ်တိုက်စီးထားတဲ့ တနင်္ဂနွေဟာ
ခရီးတာရှည်နေစေချင်ခဲ့ဖူးသတဲ့ ..
ဘုရားကျောင်းဆီသွားတဲ့လမ်းပေါ်မှာ ..

မနော်

နွေဆူးလင်္ကာ said...

ဝိုင်းက ဘာဝိုင်းလဲဗျ။ ရှမ်းဆိုရင်တော့ ကြိုက်တယ်။ ရင်ဘတ်ချင်းနီးတဲ့ သူငယ်ချင်းတွေဆိုတဲ့ အပိုဒ် ကြိုက်တယ်။

မယ့်ကိုး said...

တနင်္ဂနွေမျဉ်းပြိုင်များ ကို အရမ်းကြိုက်တယ် ။
အရင်တည်းက ...
ထိခိုက်လွန်းတယ်။

jr said...

ပိတ်မိနေတော့လဲ ခက်တာလိုက်လို့။
အဲ ပြတင်းပေါက်ကနေ ခုန်ချလိုက်ပေါ့ဗျာ။

မှတ်ချက်။ အဲ့ဒါ အသစ်ရေးလို့ ပြောတာ။ :D

Unknown said...

I like all of ur poem.