Sunday, October 12, 2008

မိုးတွေ အရမ်းရွာနေတယ် သူငယ်ချင်း


မိုးတွေအရမ်းရွာနေတယ် သူငယ်ချင်း
ငါ့ကို လာမနှုတ်ဆက်လည်း မင်း ဘာမှမဖြစ်ဘူး
မင်းကားပေါ်က ဆင်းလာရမယ်..
နောက် မိုးရေတွေကိုဖြတ်သန်းရမယ်..
ငါ့ကို နှုတ်ဆက်လိုက်ခြင်းက မင်းအတွက်ထူးခြားပြီး
ပျော်စရာကောင်းတဲ့ ကိစ္စလည်းမဟုတ်
မင်းအမျိုးသားကို ပြန်ပြောပြစရာ အကြောင်းတစ်ခုမဟုတ်သလို
မင်းမာမီကလည်း ငါ့နာမည်ကို ကြားချင်မှာ မဟုတ်ပါဘူး ။

မိုးတွေအရမ်းရွာနေတယ် သူငယ်ချင်း
ဒါမှ မင်းက ငါ့ကိုတွေ့ချင်သပ ဆိုရင်
မင်းကားလေးဘေးကို ငါလာခဲ့မယ်
မိုးစိုပြီးသားလူတစ်ယောက် မိုးရေထဲထပ်လျှောက်လို့
ဘာမှထပ်ဆုံးရှုံးစရာမရှိဘူး။

မိုးတွေ အရမ်းရွာနေတယ် သူငယ်ချင်း
ကားကို ဂရုတစိုက်မောင်းသွား
အရမ်းသည်းလာရင် ခဏရပ်ထား
ငါကတော့ မိုးသည်းထဲ ဆက်လျှောက်လိုက်ဦးမယ်
ငါ့စိတ်တွေ မိုးငတ်မပြေသေးလို့ပါ ။
လင်းဒီပ
၁၂.၁၀.၀၈
Photo Source: picture by panorchand
http://media.photobucket.com/

5 comments:

ခေါင်ခေါင် said...

ကိုဒီပရယ် ရေးထားတာလေးကလဲ...
ဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး..
ဂရုစိုက်ပြီး ဆက်လျှောက်သွားနော်..
မိုးငတ်မပြေသေးတဲ့ ဘရားသားကြီး.......

MANORHARY said...

ရင်ထဲမှာ မိုးတွေတောင်သည်းလာသလိုပဲ...

Anonymous said...

ဒီကဗျာလေးဖတ်ပြီး စိတ်ထဲ အလိုလို ၀မ်းနည်းသွားတာ ဘာကြောင့်လဲမသိ ။

ဗီလိန် said...

မိုးချစ်သူပေါ့။ ကျနော်နဲ့တူသွားပြန်ပကော။

ရွှေပြည်သူ (ShwePyiThu) said...

“မိုးတွေအရမ်းရွာနေတယ် သူငယ်ချင်း
ဒါမှ မင်းက ငါ့ကိုတွေ့ချင်သပ ဆိုရင်
မင်းကားလေးဘေးကို ငါလာခဲ့မယ်
မိုးစိုပြီးသားလူတစ်ယောက် မိုးရေထဲထပ်လျှောက်လို့
ဘာမှထပ်ဆုံးရှုံးစရာမရှိဘူး။”

စိတ်ထဲမှာ တစ်ခုခုကျန်ခဲ့တယ်။ မိုးငတ်ပြေပါစေ ကိုလင်းဒီပရေ...