Wednesday, October 15, 2008

သူခိုးကြီးနဲ့ သူခိုးလေး


ကျွန်တော် နယ်က Project တစ်ခုမှာ အလုပ်လုပ်နေတော့ သင်္ကြန်တစ်ခုမှာ မပြန်ဖြစ်ဘူးဗျ ။ site duty ဆိုပြီး နေဖြစ်တယ် ။ site ထဲက ကျောက်ပြားတွေ.သံချောင်းတွေကစလို့ ကေဘယ်တွေ လျှပ်စစ်ပစ္စည်းတွေ အထိပေါ့ဗျာ ။မပျောက်အောင် ဝိုင်းဝန်းစောင့်ကြရတာပေါ့ ။အနီးအနားရွာတွေက လာလာခိုးတတ်တယ်ဗျ ။ ဖြစ်ချင်တော့နှစ်ဆန်းနှစ်ရက်နေ့မှာ ကျောက်ပြားတွေပျောက်ကော..။မြင်လိုက်တဲ့လူတွေ ပြောစကားအရ အနားကရွာတစ်ရွာက ဆိုင်ကယ်နဲ့လာသယ်သွားတာ တွေ့တယ်တဲ့။ ဒီတော့ မန်နေဂျာက Duty ကျတဲ့ လူတွေစုပြီး ရွာထဲကိုဝင်ဖို့ လုပ်တယ် ။ ရွာထဲကို ကျွန်တော်တို့ကားကြီး မီးထိုးပြီး ဝင်ချသွားတော နည်းနည်းတောင် မှောင်နေပြီ ။ ကားပေါ်မှာ မန်နေဂျာ ရယ် ၊ကျွန်တော်တို့ Duty စောင့်တဲ့ အင်ဂျင်နီယာတွေရယ် ရဲကင်းက ရဲနှစ်ယောက်ရယ်ပေါ့ ။ပထမဆုံး ရွာလူကြီး ဝင်ခေါ်တယ် ။နောက် သတင်းရထားတဲ့အိမ်ကို ဝင်ရှာတော့ ၊အိမ်ရှေ့က ကောက်ရိုးပုံထဲမှာ ဖွက်ထားတဲ့ ကျောက်ပြားတွေ တွေ့တယ်ဗျ။ ဒါနဲ့ ခိုးတဲ့ကောင်လေး ခေါ်ထုတ်တော့ ပထမတော့ငြင်းတယ် ။နောက်မြင်တဲ့လူတွေစကားအတိုင်း ထောက်စစ်တော့ ဝင်ခံပါတယ် ။ ကောင်လေးက လာသာခိုးသာ ခြေထောက်လေးတစ်ဖက်က ဆာနေတယ် ။ မန်နေဂျာလုပ်တဲ့သူပေါ့ဗျာ ..အဲဒီကောင်လေးကို လူတွေ ဝိုင်းကြည့်နေတဲ့ကြားထဲမှာ ပထမ ခြေထောက်နဲ့ကန်တယ်..နောက်ပါးတွေကို ရိုက်လိုက်တာဗျာ ..ဖြောင်းကနဲ။နောက်တော့ ကောင်လေးကို ရဲစခန်း ပို့လိုက်တယ်ပေါ့ဗျာ ။
…………….
နောက်လေးငါးလကြာတော့ siteကို ကျွန်တော့်တို့ ကုမ္ပဏီကပါပဲ စာရင်းစစ်ဝင်တယ်ဗျ။စာရင်းတွေက သိန်းရာနဲ့ချီပြီးကွာနေပါရော ။မန်နေဂျာရယ် စတိုတာဝန်ခံရယ်ကို ရုံးချုပ်ပြန်ခေါ်ပြီးစစ်တာပေါ့ဗျာ ။အားလုံးစစ်ဆေးပြီးတော့ မန်နေဂျာရယ် စတိုတာဝန်ခံရယ် အလွဲသုံးစား လုပ်ထားတာတွေ ပေါ်ပြီး ပြုတ်သွားတယ် ။ ထောင်တော့ မကျပါဘူး ။
…………….
ကျွန်တော် ပြန်ပြီး စဉ်းစားမိတာက ကျောက်ပြားခိုးတဲ့သူခိုးလေးကို လူတွေအများကြီးကြားမှာသူရိုက်နှက်လိုက်တာက ဒါလေးတောင် အသုံးကျအောင်မခိုးနိုင်ဘူးဆိုပြီး သူခိုးကြီးက သူခိုးလေးကို ဆုံးမလိုက်တာများလားလို့လေ။
လင်းဒီပ
၁၅.၁၀.၀၈
Photo Source:picture by kristy-anne
media.photobucket.com

8 comments:

Anonymous said...

လင်းဒီပ ပြောတာလဲ ဖြစ်နိုင်တယ်။ ဒါမှ မဟုတ်လဲ အဲဒီ သူခိုးလေးကလည်း သူလွှတ်ထားတဲ့လူ ဖြစ်ချင်ဖြစ်မှာပေါ့။ ဖော်ကောင်မလုပ်နိုင်ခင် ကြောက်တောင် တအားတီးထားတာဖြစ်ချင်ဖြစ်မှာပေါ့။ မြန်မာပြည်မှာ သူခိုးတွေသောင်းကျန်းနေတဲ့ အကြောင်း မနေ့ ကပဲ ပို့ စ်အသစ်ရေးဖြစ်တယ်။ အားရင်လာလည်လှည့်ပါဦး ...

ဗီလိန် said...

အင်းဟုတ်ပါ့ဗျား ကောင်းလိုက်လေခြင်းဗျာ။

NangNyi said...

သူခိုးလောက သိက္ခာကျတယ်ဆိုပြီး ရိုက်တာနေမှာပေါ့

မောင်ဖားကြီး said...

တင်ပြပုံလေးက ကောင်းတယ်အစ်ကို၊ ခေါင်းစဉ်ပေးတာက အစပေါ့ တွေးစရာလေးတွေ ကျန်တဲ့ပို့စ်ပါပဲ

မိုးမြင့်တိမ် said...

သူခိုးလေးဘဲဖြစ်ဖြစ် သူခိုးကြီးဘဲဖြစ်ဖြစ်ပေါ့ ဘယ်လိုဘဲဖြစ်ဖြစ် ခိုးတယ်ဆိုတာတော့ မကောင်းမှုတစ်ခုပါဘဲလေ။

Anonymous said...

လူတွေလဲ သောက်သောက် စာရိတ္တကျဆုံးနေကြတာ ... ပန်ကာအောက်က သူခိုးထက်၊ အပွင့်အခက်တွေနဲ့ သူခိုးတွေက ပိုဆိုးနေလို့ သာပေါ့။

မသက်ဇင် said...

လင်းဒီပ ရေ---
အဖြစ်မှန်ကို တင်ပြထားတာလေးက--
တရားကျစရာပဲနော်---
သူခိုးကြီး က ပိုကြောက်စရာကောင်းတယ်---
---ဆက်ရေးပါ--အားပေးနေပါတယ်--

တင့်ထူးရွှေ said...

:) အကိုဒီပရေ အတွေးလေး သဘောကျတယ်ဗျ ။