Sunday, October 26, 2008

ကျွန်တော်နှင့်ယိုးဒယား(၅)


တနလာင်္နေ့ဆိုရင် မြင်သမျှ တွေ့သမျှက ဝါထိန်နေတာပဲ ။သူတို့ဘုရင်မွေးနေ့မို့ ဘုရင်က တနင်္လာသား ဆိုတော့ အဝါရောင် ဝတ်ရတယ် ။ နောက် ပန်းရောင်လည်း ဝတ်လေ့ရှိတယ် ။ပန်းရောင်ကတော့ သူတို့ဘုရင်ကြီး နေကောင်းအောင်လို့ ဝတ်ကြတယ်..ဘုရင်ကို အတော်ချစ်ကြတဲ့လူမျိုးပါ။ ဘုရင့်မွေးနေ့ ဒီဇင်ဘာ (၅)ကျတော့ holiday ပါ။ မှတ်မှတ်ရရ ကျွန်တော်က အဲဒီနေ့မှာ စမူစပ်ခွန်း(Samut Sakhon)က အစ်ကိုကြီးတစ်ယောက် နဲ့တွေ့ဖို့ ချိန်းထားတယ်။ ပထမ မြဘုရား(Wat Phra Kaeo) မှာ ဆုံဖို့ပါ။ဒါပေမယ့် သူက မသွားစေချင်ဘူး။ဘုရင်မွေးနေ့ ဆိုတော့ လူတွေရှုပ်မယ် ဆိုပြီး ကျွန်တော်နေတဲ့ ပါကဲထိ သူလာဖို့ လုပ်ပါတယ်။ ကျွန်တော်ကိုလည်း အဝါရောင်ဝတ်ပြီး ထွက်လာဖို့ မှာတယ်။ ကျွန်တော့်မှာက မရှိ။ ဒီတော့ ရှိတဲ့အင်္ကျီလေးတစ်ထည် ဝတ် ထွက်လာလိုက်တာ လမ်းပေါ်ရောက်တော့ တစ်လမ်းလုံးကို ဝါထိန်နေတာ။ တစ်လမ်းလုံးလည်း Long Life the King ဆိုတဲ့ ပိုစတာတွေက အပြည့် ။ အဝါရောင်မဝတ်မိလို့ ကျွန်တော်လှည့်ပြန်မယ်လို့တော့မထင်ပါနဲ့ ။အဲဒီအစ်ကိုကြီး နဲ့ ဘူတာကြီးထိ ခြေရှည်ပြီး လိုက်သွားပါသေးတယ်။

ကျွန်တော် စက်ရုံထဲမှာ နေတာကြာတော့ ကျွန်တော်တွေ့လာတာက ယိုးဒယားလူမျိုးတွေက ဘုရားရုပ်တွေ ဘုန်းကြီးရုပ်တွေ လည်းပင်းမှာ အတော် ဆွဲကြတာပဲ။အဆောင်သဘောတဲ့ဗျာ ။ဓားပြီးသတဲ့ သေနတ်ပြီးသတဲ့။ အန္တရာယ် ကင်းတယ် အကြံအစည် အောင်တယ် ဆိုလားဘဲ..တချို့ဆိုရင် လည်ပင်း တစ်ခုတည်းမှာ လေးငါးရုပ် အမျိုးသမီးတွေ ဆွဲတဲ့ ဘယက်လို ဆွဲထားသေး ။ ဘုရားရုပ်တွေ ဘုန်းကြီးရုပ်တွေ ကို ရောင်းတာလည်း ဈေးကွက်တစ်ခု သပ်သပ်ကို ဖြစ်နေတာလေ။ အဲဒီ ရုပ်ထုလေးတွေက ဘတ်(၂၀၀)လောက်ကစပြီး ဘတ်သိန်းဂဏန်းထိရှိပါတယ်။ ရှေးဟောင်း နှစ်ရှည်ကြာနေတဲ့ ရုပ်ထုလေးတွေက ပိုဈေးများတယ်လို့ ပြောပြတယ်။ အောက်ခြေ လူတန်းစား တင်မကပါဘူး။ ပညာတတ်အလွှာက ပါ အဆောင် အနေနဲ့ ဆွဲထားကြတယ်လို့ သိရတယ်ဗျ ။ကျွန်တော့် စိတ်ထဲမှာ တစ်ခုခု လွဲနေသလို ခံစားရတယ်။ ဘုရားရုပ်ထုလေးတွေ ဘုန်းကြီးရုပ်ထုလေးတွေဆွဲ..နောက်သွားချင်တာသွား လုပ်ချင်တာလုပ် ဆိုရင်တော့ သိပ် အဓိပ္ပာယ်မရှိဘူးလို့ ခံစားမိတယ်..ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေမှာ တစ်ချို့နေရာလေးတွေမှာ..လွဲနေတာလေးတွေ တွေ့ရတယ်ဗျ။ အတွေးလွဲ အယူတိမ်းရင်တော့ မကောင်းဘူး ထင်ပါရဲ့ဗျာ။

ကျွန်တော်ရောက်နေတဲ့ ၂၀၀၇ နှောင်းပိုင်း အချိန်မှာပဲ သူတို့ ရွေးကောက်ပွဲအတွက် မဲတွေ အပြိုင်အဆိုင် ဆွယ်နေကြတဲ့ အချိန် ။သူတို့မဲဆွယ်တာက လမ်းဘေးတစ်လျှောက်မှာ ဝင် အရွေးခံမယ့် အမတ်လောင်းတွေပုံ ပိုစတာကြီးတွေနဲ့ ကပ်ထားတယ်။ နံပါတ်တွေ လည်းပါတယ်ဗျ ။နောက်လမ်းတွေထဲကို pick-up ကားတွေမှာ ပိုစတာကြီးတွေကပ် သီချင်းတွေ ဖွင့်ပြီးလည်း လျှောက်မောင်းနေတာ ။ ရန်ကုန်က ထီကားတွေကို နည်းနည်း ကြီး ပေးထားသလိုပဲ။ သူတို့နယ်ခံတွေ ပြောတာကတော့ ရွေးကောက်ပွဲ နီးရင် သတ်တာ ဖြတ်တာတွေ လည်းရှိတယ်လို့ ကြားရတာပဲ။ မဲဝယ်တာတွေ ဘာတွေလည်း ရှိ ဆိုပဲ..အော် အာဏာ..အာဏာ..

ဖေဖော်ဝါရီလ(၁၄)ရက် ရောက်တော့ ထူးခြားတာ ဘာတွေ့ရလဲဆိုတော့ စက်ရုံထဲက မိန်းကလေးတွေက ပလတ်စတစ် နှင်းဆီပွင့် သေးသေးလေးတွေရယ် .ချောကလက်လေးတွေ သကြားလုံးလေးတွေ ယူလာကြ တယ်။ ကောင်မလေး တစ်ယောက်က ကျွန်တော့်ဆီလာပြီး Happy Valentine’s Day လို့ပြောပြီးတော့ နှင်းဆီပွင့်လေးကို အင်္ကျီအိပ်ကပ်မှာ လာထိုးတယ်။ ပြီးတော့ ချောကလက်လေးတွေ ပေးသွားတယ်ဗျ။ သူတို့အချင်းချင်းလည်း နှင်းဆီပန်းလေး တစ်ပွင့်စီနဲ့ ချောကလက် ဒါမှမဟုတ် သကြားလုံးလေးတွေ ပေးကြတယ် ။ ကိုဗင်းဆင့်ကြီးကို ပေးလိုက်တဲ့ နှင်းဆီပွင့်ကြီးဆို အတော်ကြီးတယ်။ ကျွန်တော်က လျှောက်နောက်နေတော့ ကိုဗင်းဆင့်ကြီး ရှက်နေလေရဲ့။

တဖြည်းဖြည်းနဲ့တော့ ကျွန်တော် နဲ့ယိုးဒယားက အဆင်ပြေ လာပါတယ် ။ ဒါပေမယ့် ကျွန်တော် လုပ်နေရတဲ့ အလုပ်နဲ့ သင်ထားတာတွေနဲ့ က လွဲသလို ခံစားမိတယ်။ လုပ်နေရတာတွေက Chemical အလုပ်တွေ ။ လေ့လာခဲ့တာတွေက Electrical/Electronics ..ကိုဂျိမ်းကတော့ ဒီစက်ရုံမှာ အနှစ်နှစ်ဆယ်လောက် လုပ်ထားတဲ့သူ ဆိုတော့ အားလုံးကို သဘောပေါက်ပြီးသား ။ ကျွန်တော့်ကိုလည်း ဒီစက်ရုံမှာ ဘဝကြီးကို မနစ်ဖို့ အမြဲ သတိပေးတယ် ။ စလုံးဘက်က သူငယ်ချင်းတွေကလည်း မဟန်ရင် ကူးလာဖို့ လှမ်းလှမ်း ခေါ်တတ်တယ်။ နောက် ဝင်ငွေချင်း ကလည်း ကွာတယ် ဆိုတော့ ကျွန်တော့် စ စဉ်းစားနေရပြီ..ဖေဖော်ဝါရီ ရက်တွေမှာပေါ့ ။ ငှက်တွေက ပျံရင်းသေ လူတွေကတော့ ကြံရင်းသေ တဲ့လေ။
လင်းဒီပ
၂၆.၁၀.၀၈
Photo Source:Siamsecenery.com

8 comments:

တင့်ထူးရွှေ said...

ကျွန်တော်နဲ့ယိုးဒယား အကြောင်း တစ်ပုဒ် ဖတ်လိုက်ရတာနဲ့ တစ်ပုဒ်ဆိုသလိုပါပဲ အစ်ကိုဒီပရေ၊ မရောက်ဖူးတဲ့ ဒေသတစ်ခုကို ရောက်နေသလိုပဲ ။ခပ်ပွန်းခပ် ( မောင်မျိုးဆီက သင်ထားတာ ) :)

အိုင်လွယ်ပန် said...

ဗဟုသုတရတယ်ဗျ.....ခေါ်ခွန်ခပ် :P

မသက်ဇင် said...

လင်းဒီပရေ--- ၅ ကိုလာဖတ်တယ်---
သုတရပါတယ်-- ၆ ကိုဆက်စောင့်
နေပါမယ်---အားပေးနေပါတယ်----
ခင်မင်လျက်
မသက်ဇင်

Anonymous said...

အခုတော့ ခေါ်မိတာ မှားဘီ။ နောက်ကျသွားပြီဗျ..

Anonymous said...

အခုတော့ ခေါ်မိတာ မှားဘီ။ နောက်ကျသွားပြီဗျ..

sait phay yar said...

ကိုလင်းေ၇ မှားမယ်...

Anonymous said...

ငှက်တွေက ပျံရင်းသေ လူတွေကတော့ ကြံရင်းသေ တဲ့လေ အားး ကိုဒီပ ကြီး ဒီကောင်က အခုကြံနေပါတယ်ဆို သူပြောပုံနဲ့  သေရတော့မယ့်  ကိန်းပေါက်နေပြီးးး ဝင်ငွေချင်း ကလည်း ကွာတယ် တဲ့ မကွာပါဘူးး ကျနော့်လခ ဘယ်လောက်လဲ သိရင် ဖျားသွားမယ် ဟင်းး ဟင်းး ပြောလိုက်ရမလားးး ภถถถถถถถถถถ တွက်ကြည့် အများကြီးပဲ အတိုးနဲ့ ဆိုချေးမယ် မင်္ဂလာဆောင်စရိတ်လိုရင်ပြော ၁၀၀ ကို ၉၀ တိုးပဲ ယူမယ် အချင်းချင်းမို့  :)

မဆုမွန် said...

ကျွန်မဆို ဘုန်းကြီးကျောင်း ရောက်တိုင်း ဘုန်းဘုန်းတွေဆီက ကြိုးအဖြူ ရစ်လုံးအကြီးကြီးကနေ ကြိုးအဖြူ အထုံးလေးတွေ အမြဲရတယ် နောက်ပြီး လည်ပင်းမှာဆွဲတဲ့ ကြေးပြားခတ်ထားတဲ့ ကြိုးအနီလေးတွေရတယ် နောက် ခေါင်းပေါ်ကိုလည်း ရေနဲ့ဖြန်းတာ ခံရတယ် စိတ်ထဲမှာ နွေးနွေးထွေးထွေးနဲ့ကို လုံခြုံတယ် ခံစားရတယ်..မေတာ အရိပ်ပေါ့ ကိုလင်းဒီပရေ ဘာပဲပြောပြော ဘာသာတူတဲ့နေရာတစ်ခုရဲ့ သာသနာ့အရိပ်အောက်မှာ နေခွင့်ရတာ ကံကောင်းပါတယ်