ချစ်စဖွယ် ဖြူလွလွလေး
Thursday, June 21, 2012
အနွေးထည်
ချစ်စဖွယ် ဖြူလွလွလေး
Saturday, March 24, 2012
ဈာပန
တစ်ခန်းထဲ ခေါ်သံအေးစက် …
ထမင်းစားပွဲ
ဟင်းခပ်ထည့်ပေးတာ စက်ရုပ်မလေးလား ။
အိပ်ယာထဲ တစ်ဖက်ဆီ တိုးလို့
ကိုယ့်ကမ္ဘာဆီ ကိုယ်စီပြန်ပြေးနေမိသလား ။
လေဟာနယ်ထဲ ဆွဲအားမဲ့နေကြသလို
တစ်ယောက်ကို တစ်ယောက်လွတ်မြောက်
အချစ်က
အတောင်စုံတဲ့အခါ
ပျံထွက်သွားတဲ့ ငှက်တစ်ကောင်လား ။
လင်းဒီပ
၂၄.၀၃.၁၂
Saturday, March 3, 2012
သူငယ်ချင်း
သူ့ဘဝမှာ တောက်တိုမယ်ရအဖြစ်
ဖြူဖြူစင်စင် ထည်ဝါခဲ့ပုံလေး
လွမ်းဆိပ်တက်ပေါ့ ။
မရောက်မှာသိပေမယ့် လျှောက်ရဲခဲ့တဲ့နေ့များ
(အခုတော့)
ရောက်မှာသိလို့ လမ်းလွှဲလိုက်ရတဲ့ အဖြစ်မျိုး…
ဖွင့်ဖွင့်ပိတ်ပိတ် သိပ်မထူးတော့တဲ့ အရွယ်မှာ
ဘာကို လျှို့ဝှက်နေရဦးမှာလဲ
ချစ်ခဲ့ဖူးတယ် ။
တခါ ပြန်ဝင်စားလို့ရမလား
သူ့နှလုံးသားအထပ်မြင့်အခန်းလေးကို
မမှီ့ တမှီ ပျော်ရွှင်နေတတ်တဲ့
ကိုင်းဖျားကိုင်းနားဘဝလေး ။
လင်းဒီပ
၀၃.၀၃.၁၂
Thursday, February 23, 2012
ယုံကြည်မှုစစ်တမ်း
ယုံကြည်မှုက ခေါ်ရခက်တဲ့ ဖုန်းလား ။
ယုံကြည်မှုက ကြိုက်ဈေးပေးပြီး ဝယ်လို့မရ ။
ယုံကြည်မှုချမ်းသာနေတဲ့သူက ယုံကြည်မှုချို့တဲ့နေတဲ့သူဆီ ယုံကြည်မှုစွန့်ကြဲလို့ မရ။
ယုံကြည်မှုက ဘယ်ရာသီမှာ ဆက်ဆက်ရောက်လာလိမ့်မယ်လို့ မျှော်ခိုးလို့ မရ ။
ယုံကြည်မှုက ရွက်ကျပင်ပေါက် မဟုတ်တော့ လမ်းပေါ်တက် လက်ပြတားလို့ မရ ။
မျက်နှာချင်းဆိုင်ပြီးတဲ့နောက် ပုခုံးချင်းဖက်ပြီးတဲ့နောက်
တစ်ယောက်ခြေထောက် တစ်ယောက် နင်းနေပြန်တော့လည်း ယုံကြည်မှုက သဲထဲရေသွန် ။
ကွေ့ခဲ့ ကောက်ခဲ့တဲ့ မြစ်တစ်စင်းမှာ မြစ်ကျိုးအင်းတွေ ခြေရာကျန်ခဲ့သလိုမျိုး
ကောက်နေတဲ့ဆံပင်ကို ဖြောင့်စက်က လက်လျှော့သွားသလိုမျိုး
ယုံကြည်မှုက တည်ဆောက်ရင်း ကျိုးပဲ့
ကြိုးစားတုန်းမှာ ပျက်စီး
ဝဋ်ကြွေးပါတယ်လို့ပဲ ခပ်လွယ်လွယ် ဖြေသိမ့်လိုက်ရမလား ။
ကျိန်စာမိနေတာလို့ပဲ မရဲတရဲ စွပ်စွဲလိုက်ရမလား ။
အတူတူ လှမ်းနေရက် နဲ့ မနီးနိုင်တဲ့အခါ
အတူတူ ငြှိမ်းနေရက်နဲ့ မငြိမ်းနိုင်တဲ့အခါ
အတူတူ ပြုံးနေရက်နဲ့ မရယ်နိုင်သေးတဲ့အခါ
ယုံကြည်မှုဟာ ကြောက်သွေးပါနေသလား ။
ယုံကြည်မှုက ပေါင်းသင်းဆက်ဆံရေး ညံ့တာလား ။
ယုံကြည်မှုက အစွဲအလမ်းကြီးတာလား ။
ယုံကြည်မှုက ဥပါဒ်ဒဏ်ကြောင့် ဥပါဒ်ရောက်ရတာလား ။
ယုံကြည်မှုက ပွဲလမ်းသဘင် ရှောင်တာလား ။
ညည အိပ်ရာထဲက ပျောက်သွားတဲ့ခင်ပွန်းသည်ကို မယုံကြည်နိုင်သလိုမျိုး
ဒရိုင်ဘာကောင်လေးနဲ့ ရင်းနှီးလွန်နေတဲ့ ဇနီးသည်ကို မယုံကြည်နိုင်သလိုမျိုး
မျက်လုံးတစ္ဆေလို သီချင်းမျိုး နားထောင်နေရတာမျိုး
တစ်ယောက်အရွေ့ကို တစ်ယောက်က စောင့်ကြည့်နေရတာမျိုးဆိုလည်း
ယုံကြည်မှုက မွေးရ ဖွားရ ခက်ပေါ့ ။
ယုံကြည်မှုကို ယတြာချေလို့ မရဘူး ။
ယုံကြည်မှုကို ထောက်ခံစာနဲ့ မရဘူး ။
ယုံကြည်မှုကို ခေါ်လို့ရတဲ့ ဂါထာမရှိဘူး ။
ယုံကြည်မှုက စားပွဲအောက်က ချိန်ထားတဲ့ သေနတ်မဟုတ်ဘူး ။
ယုံကြည်မှုက တွင်းထွက် သယံဇာတ မဟုတ်ဘူး ။
ယုံကြည်မှုက ပျက်စီးသွားတဲ့ သဘာဝပတ်ဝန်းကျင်ထဲမှာ မပါဘူး ။
ယုံကြည်မှုက အကန့်အသတ်နဲ့ပဲ ထွက်ရှိနိုင်တာလည်း မဟုတ်ဘူး ။
ယုံကြည်မှုက
ယုံကြည်မှုက
…..
…..
ခက်တော့ ခက်သား
တချို့အတွက် ယုံကြည်မှုက စနစ်တကျ တိုင်းတာ တွက်ချက် စိုက်ပျိုးယူနေရတုန်း
တချို့မှာ မျက်နှာမြင်ရုံနဲ့ ယုံကြည်သွားတာကျတော့ ပဋ္ဌာန်းဆက်လို့ အလွယ် ယုံလိုက်ရမလား ။
လင်းဒီပ
၂၃.၀၂.၁၂
Sunday, February 12, 2012
သကြားလုံးကလေးတွေ
သကြားလုံးကလေးတွေက ချစ်စဖွယ်
ရောင်စုံပလတ်စတစ်လှလှလေးတွေနဲ့ ထုတ်ပိုးထားလို့ ။
သကြားလုံးကလေးတွေက
ချိုမြိန်တာချင်း တူပေမယ့် အနံ့အသက်မှာ အနည်းငယ် ကွဲပြားလို့ ။
မချိုမချဉ်လုပ်တတ်သော သကြားလုံးကလေးများနဲ့
ဖြည်းဖြည်းချင်း စိတ်ကို လှုပ်ရှားစေသော သကြားလုံးကလေးများနဲ့
မူးဝေမှုကို ပြေပျောက်စေသော သကြားလုံးကလေးများနဲ့
မူးဝေယစ်မူးစေသော သကြားလုံးကလေးများနဲ့
(ဘယ်လိုဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်)
သကြားလုံးကလေးတွေ မြင်ရင်
အနည်းနဲ့အများတော့ ခင်ဗျား လန်းဆန်းသွားတယ် မဟုတ်လား
အနှေးနဲ့အမြန်တော့ ဖရီကွင်စီ(frequency)တစ်ခုမှာ ခင်ဗျား သွားငြိတယ် မဟုတ်လား
သကြားလုံးကလေးတွေ အများကြီးစားလို့မရဘူး ဆိုတာ ကျွန်တော်တို့သိတယ်လေ
ပတ်ဝန်းကျင်က လက်မခံနိုင်သလို ကျွန်တော်တို့ သွားပိုးစားနိုင်တယ် မဟုတ်လား ။
(ဒါပေမယ့် ဘာရယ်မဟုတ်)
ဝသီအရ သကြားလုံးကလေးများ မြင်ရင် ချိုမြိန်မှုကို စိတ်ကူးနဲ့ စားလို့ ။
ဒီနေ့ မိတ်ဆွေ မင်္ဂလာဆောင်မှာ
မိတ်ကပ်လာပြင်ပေးတဲ့ သကြားလုံးကလေးက
ချိမြိန်မှုကို လှစ်ကနဲ လှစ်ကနဲ ပြရင်း စကားတွေ လာပြောလို့ ။
ဒီနေ့ မိတ်ဆွေ မင်္ဂလာဆောင်မှာ
သကြားလုံးကလေးတွေက ချိုချိုလွင်လွင် တေးကို ဟစ်လို့ ။
ဒီနေ့ မိတ်ဆွေ မင်္ဂလာဆောင်မှာ
သကြားလုံးကလေးတွေက ဝိုင်ခွက်တွေထဲ ရီဝေမှုကို မှောက်ချလို့ ။
(ဘယ်လိုဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်)
တချက်တချက် ညာဘက်လက်သူကြွယ်က လက်စွပ်ကလေးကို ပွတ်သပ်မိရင်းက
တချက်တချက် ညာဘက်လက်ကို ဘောင်းဘီအိတ်ထဲ ထိုးဝှက်ထားမိရင်းက
သကြားလုံးလေးတွေအပေါ် စိတ်ကူးနဲ့ချိုမြိန်လိုက်မိတာ
အိမ်သူ,မသိအောင် ကျွန်တော် ခင်ဗျားကို ဝန်ခံလိုက်ချင်ရဲ့ ။
လင်းဒီပ
၁၂.၀၂.၁၂
Wednesday, February 8, 2012
သံယောဇဉ်လက်ကျန်
ဝေဝါးခဲ့သော နေ့များစွာလို ဝေဝါးနေတုန်းပါပဲ ။
လှမ်းနိုင်တဲ့ အကွာအဝေးထိ
အခိုက်အတန့်တစ်ခုစာ နီးကပ်ခဲ့ကြပြီးမှ
ဝေးကွာခြင်းတစ္ဆေက
ခေါ်သံအေးစက်နဲ့ ရောက်လာ…။
ဆောင်းမရှိတဲ့အရပ်မှာ
အအေးပတ်နေတဲ့ တယ်လီဖုန်းလေး
ခေါ်သံ
ခြောက်ကပ် အက်ကွဲ…
သံယောဇဉ်က ခေါင်းတွဲနှစ်ဖက်ပါတဲ့ မီးရထား
ရှေ့တိုး ခေါ်ငင်လိုက်
နောက်ကို ပြန်ဆုတ်လိုက်နဲ့
မြင်နေရက်နဲ့ ဝေးခဲ့တဲ့နေ့များကို
ဝေးတဲ့အခါ ပြန်မြင်နိုင်ပါလိမ့်မယ် ။
နောင်တရစရာ မလိုပါဘူး
ချစ်ခြင်းဆိုတာ မိုးရွာတုန်း ရေခံရတာမျိုးမဟုတ်ဘူး
တို့နှလုံးသားတွေက ပြည့်အန်တင်းကျပ်
ဘယ်တော့မှ ဘောင်ဘင်မခတ်ဘူး
သံသရာတစ်ခုစာ …။
လင်းဒီပ
၀၈.၀၂.၁၂
Wednesday, February 1, 2012
ကျောက်ခေတ်နတ်သမီး
နာမည်ဆိုတာ ကျွန်တော်တို့ စကားမပြောတတ်ခင် ( ကြိုက်တယ် မကြိုက်ဖူး ပြန်မပြောတတ်ခင်)မှာဘဲ လူကြီးတွေက မေး စမ်း တွက် ချက် လို့ မှည့်ပြီးသား ဖြစ်နေတတ်သည် ။ ကျွန်တော်တို့ ဘယ်လိုမှ ရွေးချယ်ခွင့် မရသော ကိစ္စလည်း ဖြစ်သည် ။ သို့သော် ဘဝတွင် အတော်လေးတော့ အရေးပါသည် ။ လူကို မမြင်ဖူးခင် ကျွန်တော်တို့က နာမည်ကို စကြားရသောကြောင့် ဖြစ်ပါသည် ။ ဗလာစာအုပ်အဖုံးမှာ စာအုပ်ထောင့်နားလေးမှာ ပစ္စည်းတစ်ခုခုမှာ ရေးထားသော နာမည်နှင့် လက်ရေးကို ကြည့်ပြီး ကျွန်တော်ကို သုံးသပ်ကြ ထင်ရာတွေပြောကြ ပြုံးစိစိ လုပ်တတ်ကြပါသည် ။
ကျွန်တော့် ပထမဆုံးနာမည်မှာ သော်တာထွန်း ဖြစ်သည် ။ သူငယ်တန်း စတက်ကတည်းက မူလတန်းကျောင်းသားဘဝ တလျှောက်လုံး ဆရာမတွေက မသော်တာထွန်းလို့ မှားခေါ်လေ့ရှိပြီး တစ်ခန်းလုံးက ဝိုင်းရယ်ကြသည် ။ အိမ်ရောက်တဲ့အခါ လူကြီးတွေကို ငိုပြီး ပြန်ပြော အရေးဆိုတော့ စတုတ္ထတန်းမြို့နယ်စစ် စာမေးပွဲ မတိုင်ခင် အိမ်က ယောက်ျားဆန်ဆန် နာမည်တစ်ခု ပြောင်းပေးလိုက်သည် ။ ဒါက နာမည်နဲ့ ပတ်သက်ပြီး ပထမဆုံး အမှတ်တရပင် ။
(ခ)
ဆယ်တန်းရောက်လို့ day special (လူနှစ်ဆယ်လောက် စုထားသည့် စာသင်ဝိုင်း) တက်တော့ ရွှေအိဆိုသည့် အသားဖြူဖြူ ကောင်မလေးတစ်ယောက်လည်း ပါလာသည် ။ ကောင်မလေးက ရန်ကုန်မှာ မွေးပြီး ရန်ကုန်မြို့ရဲ့ အထင်ကရ အထက်ကျောင်းတစ်ခုမှ ဖြစ်သည် ။ ကျွန်တော်တို့အားလုံး သူမ နာမည်ရင်းကို မသိကြ ။ သူမ ဗလာစာအုပ်မှာလည်း ရွှေအိလို့ပဲ ရေးထားတတ်သည် ။ တစ်ရက် သူမကျောင်းသားကဒ်လေးကို သူငယ်ချင်း မျောက်လောင်းမှ တဆင့် လက်ထဲရောက်လာတော့ နာမည်ရင်းက ကျွန်တော်တို့ အဖွားခေတ်က နာမည်မျိုးကြီး ။ ခပ်ရိုးရိုးနှင့် တောဆန်ဆန် ။ ဒါကြောင့်လည်း ဒီကောင်မလေး သူ့ကိုယ်သူ ရွှေအိလို့ပဲ မိတ်ဆက်ထားတာ ဖြစ်ပေလိမ့်မည် ။
ဆက်ပြီး ဝန်ခံရလျှင် အလှရွှန်းစို သာမောသော မြကျွန်းညို ကဗျာတောမှာ ရွှေအိနှင့် ပြန်တွေ့သောအခါ သူမအလှတရားတွင် ကျွန်တော့်နှလုံးသားလေး ပုံလျက်သား လဲကျသွားခဲ့သည် ။ ရွှေအိဓာတ်ပုံကို သူငယ်ချင်းများကို ပြသောအခါ မင်းက ကံကောင်းသားပဲလို့ လုပ်ကြသည် ။ နာမည်ကို ပြောပြလိုက်သောအခါ မနောက်ပါနဲ့ကွာ ဆိုတာ ကြားနေကျစကားပင် ။ သူမရဲ့ အနစ်နာခံတတ် ကြင်နာတတ် အလျော့ပေးတတ် ဘာသာတရားကိုင်းရှိုင်းသော စိတ်ဓာတ်များကြောင့် သူမကို ကျွန်တော် ဂျနီဖာလိုပါဇ်နှင့် ဒဲ့ဒဲ့ချင်းပင် မလဲနိုင်ခဲ့ပါ ။( လေဒီဂါးဂါးပါ အဆစ်ထည့်ပေးမည် ဆိုလျှင်တော့ စဉ်းစားရပေလိမ့်မည် :D )
ချစ်သူဘဝမှာ အိမ်ကို ခေါ်သွားတော့ ဖေဖေက “ မင်းကောင်မလေး မိဘတွေက ရှေးဟောင်းပစ္စည်းတွေ မြတ်နိုးပုံရတယ်ကွ ။ဒါကြောင့် သူတို့သမီးကို ရှေးတုန်းက နာမည်မျိုး မှည့်ထားတာ” လို့ စပါသည် ။ သူမမှာ ကံကောင်းတာလည်း ရှိပါသည် ။ နာမည်အရင်းနဲ့ ဂျီးမေးလ်အကောင့်လုပ်တော့ ချက်ချင်းရသည် ။ နာမည်တူ မရှိ ။သူများတွေလို ဝမ်းတူးသရီးတွေ dot တွေ ထည့်နေစရာ မလို ။ တခါတလေတော့ သူမကို ကျွန်တော်က စပါသည် ။ “ဝိုင်းစုခိုင်သောင်းတို့ နန်းစုရတီသောင်းတို့ ပြောင်းလိုက်ရင် မကောင်းဘူးလား” လို့ ။ စိတ်လိုလက်ရရှိသည့်အခါ ကလေးလေးတွေ မွေးလာတဲ့အခါကျရင် နာမည်လှလှလေးတွေ ပေးရအောင်နော်လို့ ပြောတတ်ပါသည် ။ ထိုအခါ ကျွန်တော်က ကျွန်တော်နှင့် အီစီကလီဖြစ်ခဲ့ဖူးသော မိန်းကလေး နာမည်တွေ ရွတ်ပြပြီး အဲလိုနာမည်လေးတွေ ပေးတာပေါ့လို့ မျက်စောင်းလှလှလေး လိုချင်စိတ်ဖြင့် စနောက် မိတတ်ပါသည် ။
တကယ်တမ်းတော့ သူမနာမည်သည် ကျွန်တော့်ဘဝမှာ အဓိက မကျခဲ့ပါ ။ ကျွန်တော်နှင့်အတူ အေးအတူ ပူအမျှ လောကနေ့စွဲတွေကို ကူးဖြတ်ရဲတဲ့ ကူးဖြတ်ချင်စိတ်က သူမရဲ့ တန်ဖိုး ဖြစ်ပါသည် ။ နာမည်လှလှလေးနှင့် ချစ်စဖွယ်ရှိနေတတ်သော်လည်း တကယ်တမ်း ဘဝတစ်ခုတည်ဆောက်ဖို့ကို လိမ်မာစွာ ငြင်းပယ်သွားခဲ့သော မိန်းကလေးများထက် ကျွန်တော့် ရှေးဟောင်းပစ္စည်းလေးက ပိုမက်မောဖွယ် ကောင်းခဲ့ပါသည် ။ ငယ်စဉ်က သူငယ်ချင်းများနှင့် သူမကို မိတ်ဆက်ပေးတဲ့အခါ သူမနာမည်ကို ထွက်ဖို့ သူမကော ကျွန်တော်ပါ နှုတ်ရွံ့နေတတ်ပေမယ့် တစ်ယောက်ကိုတစ်ယောက် ယုံကြည်ပေါင်းစည်းမိတဲ့နောက်မှာတော့ ဘာမှ မဟုတ်တဲ့ ကိစ္စလေးတစ်ခုအဖြစ် ကျွန်တော်တို့ကြားက ထွက်ခွာသွားခဲ့ပေတော့သည် ။
(ဂ)
ကျွန်တော်တို့ ခရီးဆက်မယ့် ဟိုင်းဝေးလမ်းမကြီးမှာ ကြယ်တွေ လင်းနေသည် ။ အဝေးပြေးကားဆရာက ကျွန်တော့်မှတ်ပုံတင်နံပါတ် မေးစဉ် သေချာ မကြားလိုက်ဘဲ သူမနာမည်လေးကို ယောင်ရမ်းဖြေမိသွားပါသည် ။
လင်းဒီပ
၃၁.၀၁.၁၂
Wednesday, January 25, 2012
ချစ်သူ့ဖတ်စာ(၁၁)
မပျော်ဘဲ ဆိုမိတဲ့ တေးနဲ့…
အောက်မေ့သတိရခြင်းတွေ သွေးထဲ ပူးကပ်နေတဲ့ နတ်ဝင်သည်
ကာလယန္တရားကြီးထဲ ချစ်ခြင်းကို ယဇ်ပူဇော်….
အခါခါပေးထားတဲ့ ကတိတွေကို စိုက်ကြည့်ရင်း
တစ်နှစ်ပြီးတစ်နှစ် ပါဝါထူထူလာတဲ့ နင့်မျှော်လင့်ခြင်းမျက်မှန်ကလေး….
ကိုယ့်ဥာဏ်ကိုယ့်ကံကို
ချောင်းကြည့် စောင့်ကြည့် အနံ့ခံကြည့် သွေးတိုးစမ်းကြည့်
တို့ပွဲမှာ ဒိုင်လူကြီး အသည်းမာလွန်းပြီ ။
ကြင်နာသလိုနဲ့ ရက်စက်
လိမ်မာသလိုနဲ့ မိုက်မဲ
ခေတ်ကာလကြမ်းရှရှကြီးထဲ
အလွမ်းတွေ စကားနည်းနည်းလာပေါ့ ။
ကိုယ်ချိုနိုင်သလောက် ချို
ကိုယ်ခါးနိုင်သလောက် ခါး
ကိုယ့်ဂုဏ်သတ္တိတွေပေါ် သစ္စာမဖောက်ခဲ့ဘူး ။
လူဖတ်နည်းတဲ့စာအုပ်တစ်အုပ်လို
ထောင့်တစ်ထောင့်မှာ အေးအေးလေးနေထိုင်ချင်စိတ်ကလေး
ဘယ်တော့ ကမ်းကပ်နိုင်မလဲ ။
ကိုယ့်ဘာသာပြန်မျှားရင်း တနေဝင်သွားပြန်တဲ့ညနေ
ကိုယ့်ကိုကိုယ်ပြန်မခေါ်ယူနိုင်တဲ့နေ့တွေ
လွမ်းချင်ရင်တောင် လွမ်းစရာမကောင်းခဲ့ပါဘူးအချစ်ရယ် ။
လင်းဒီပ
၂၁.၀၁.၁၂
Friday, November 11, 2011
တကိုယ်ရည်ရန်ပွဲ
သဘောမကောင်းသင့်ဘူး ။
ငါတို့ တစ်ခန်းရပ်လိုက်ကြပါတယ်
ငါတို့ အဆင်ပြေမယ်ထင်ပြီး ပေါင်းစပ်ကြည့်ပြီးနောက်
ငါတို့ ဘဝတွေကို ကော့တေးစပ်သလို စပ်ကြည့်ပြီးနောက်
ရိုးသားမှုရှိရင် ကိစ္စတိုင်းဟာ ခေါင်းဝင်ကိုယ်ဆန့် ဖြစ်တယ်လို့
(အဲသလို) ငါက ရိုးအ ။
ငါက
လက်ပေါ်တက်လာတဲ့ ပုရွက်ဆိတ်ကလေးကအစ
တလေးတစားဆက်ဆံတတ်လွန်း
တစ်ဖက်သားရဲ့ အခွင့်အရေးကိုချည့်ကြည့်လွန်းတော့
ဘက်မှန်ကိုပဲကြည့်ပြီး ကားမောင်းသူလို့ ဖြစ်နေလား ။
မျက်ရည်ကို ဇာတ်လမ်းအလျောက် လိုအပ်သလောက်ပဲ
လိုအပ်တာထက်ပို ငိုမပြတတ်တတ်တဲ့ ဇာတ်ကောင်ပါ
ဇာတ်ခုံကြီးပေါ် မင်းတို့က အိုဗာအက်တင်တွေ လုပ်ပြလိုက်သမျှ
ငါ့မှာ အယောင်ယောင်အမှားမှားနဲ့
စိတ်ကူးရုပ်ရှင်တွေများလွန်းတဲ့ ခေတ်ကြီးထဲ ။
ငါက
စကားပြောမကောင်းခဲ့သူ
ပလီစိခြောက်ချက်စကားလုံးတွေကို ပက်ကျိကို ရွံသလိုမျိုး ရွံတတ်သူ
တကယ်ဆို စကားလုံးတွေမှာ ဆေးသကြားများနေခဲ့တာလည်း
အချဉ်တွေပါကွာဆိုတဲ့ စော်ကားနည်းတစ်မျိုးပေါ့ ။
မာနက ကိလေသာတစ်မျိုးမှန်း ငါသိတယ်
ငါ့မွေးရာပါရိုးသားခက်ထန်မှုအတွက်တော့
ငါက မာနနည်းနည်းကြီးတယ်
ငါက အထူအပါးနားမလည်ဘူးပဲ ဆိုပါစို့ ။
လင်းဒီပ
၁၁.၁၁.၁၁
(ဒီကဗျာလေးကတော့ ရှတတလေးပါ ။ ခရီးကလေး သွားစရာရှိတာမို့ သုံးပတ်လောက် ပျောက်နေပါဦးမယ် ။ ပြန်လာတဲ့အခါ တဂ်ထားသူများကိုလည်း တဂ်ကြွေးဆပ်ပါမယ် ။ အီးဘွတ်ခ် လုပ်မယ့်သူများကိုလည်း အချိန်မှီ စာမူပေးနိုင်အောင်လုပ်ပါမယ် ။ ကဗျာချိုချိုလေးတွေ မရေးဖြစ်တာ ကြာပြီဖြစ်နေလို့ ပြန်လာရင်တော့ ရေးပါဦးမယ် ။ အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ … လင်းဒီပ မေတ္တာဝေသည် ပြည်သူတွေ ကျန်းမာကြပါစေ :P)
Friday, November 4, 2011
ဗီလိန်
ကျန်စစ်သားနဲ့ မဏိစန္ဒာ ဝှက်ထားတဲ့ စကားထာပဲ ။
“မင်းရဲ့အချစ်တို့ ရရှိဖို့
အလှပဆုံးသော ပန်းတစ်ပွင့် အချိုသာဆုံးစကား
နှုတ်ခမ်းပါးက အပြုံးအတုနဲ့ ငါ မုသား သုံးလိုက်”
မာရဇ္ဇရဲ့သီချင်းတစ်ပုဒ် ။
တောက်လောင်တဲ့အရာကို ရဖို့
ညစ်နွမ်းတဲ့လက်တစ်စုံ
လူဆိုးကြီး ဗိုလ်အောင်ဒင် ငိုလိုက်မိသလား ။
မိန်းမဖျက်ရင် ပြည်ပျက်သတဲ့
အလိုရမ္မက်များ ခိုင်းစေရာ
မြို့ကြီးများ ကျဆုံးစေဖို့ ။
ည ကို မီးမှိတ်လိုက်ပြီ
အမှားကို ပိပိရိရိ ကျူးလွန်ဖို့
လွန်ကျူးတတ်သောစိတ်များ တွားတက်
ခြေသံလုံသော စင်းလဲမှုများ တဖွားဖွား
(ညမွှေးပန်းကလေးရေ)
မင်းရနံ့မှာ ငါ့ရမ္မက်က အပျော်လွန်ခဲ့ပေါ့ ။
လင်းဒီပ
၀၄.၁၁.၁၁
ဆရာမောင်သာနိုးက ကျန်စစ်သားနဲ့ မဏိစန္ဒာအကြောင်းကို “ခိုးစားတဲ့သစ်သီး”ဆိုပြီး အက်ဆေးတစ်ပုဒ်ရေးခဲ့ဖူးပါတယ် ။ အဲဒီစာသားလေးကို ကြိုက်လို့ ယူသုံးထားပါတယ် ။
Monday, October 31, 2011
ရှင်သန်ခြင်းမှတ်စုတို
ဘဝက အမြင့်ကြီး
လှိုင်းစီးသလိုလား ရိုလာကိုစတာစီးသလိုလား
ဘဝက အမြင့်ကြီး
နဂို အမြင့်ကြောက်တဲ့စိတ်နဲ့ အစွန်နား သွားငေးမကြည့်ရဲဘူး
အမြင့်ရောက်လို့ ဘဝင်မမြင့်တတ်ပေမယ့် ပြုတ်ကျမှာတော့ ကြောက်တယ် ။
ဘဝက အမြင့်ကြီး
သူလည်း အမြင့်ကြီး ငါလည်းအမြင့်ကြီး
ဘဝက ရဟတ်စီးသလိုကြီး တဝှီးဝှီးနဲ့ မြင့်တက်သွားရ
ဘဝက အမြင့်ကြီး
တချို့ကိစ္စများအတွက် တဟီးဟီး (မြင်းကြီးလို ဟီလာတိုက်ပြီးပျော်)
တချို့ကိစ္စများအတွက် တဟီးဟီး(ကျက်သရေမရှိအောင် ငို)
ငယ်တုန်းတော့ ပျော်တာပေါ့ ဘဝအမြင့်ကြီးကို စီးရတာ စိတ်လှုပ်ရှားဖို့ကောင်း
ဂျင်းဘောင်းဘီ စီးကရက်လက်ကြားညှပ် ကဗျာဖတ်လို့
ချောကလက်နံ့သင်းတဲ့ နှင်းဆီခင်းများလည်း ရှိလို့
ကြီးတော့ ကြောက်တတ်လာတယ်
အလှုပ်အရှား အထိုင်အထတွေ မကောင်း
ရောက်တဲ့နေရာ ပြုတ်မကျအောင် ပေကပ်နေရ
တောက်တဲ့လို တွယ်ကပ်ထားရ
တဟီးဟီးတော့ တဟီးဟီးဖြစ်နေတုန်းပဲ ။
သိကြတဲ့အတိုင်း
နေလို့ ထိုင်လို့မရ
တခါတလေ ဘုရားလေး ပြေးရှိခိုးလိုက်
တခါတလေ ပုလင်းကလေးနဲ့ အမောဖြေလိုက်
ဒီလိုပဲ ကြောက်စိတ်ကို အာသာဖြေနေရ
မမြင်ရတဲ့တစ္ဆေများက ဘဝအခန်းအမြင့်ကြီးထဲ ခြောက်လှန့်
ဘဝက အမြင့်ကြီး။
လင်းဒီပ
၃၁.၁၀.၁၁
Sunday, October 2, 2011
ချစ်သူ့ဖတ်စာ(၁၀)
ငါ့ကို လူယဉ်ကျေးလို့ မင်းလက်ခံမယ်ဆို
ခြံစည်းရိုးအမြင့်ကြီးတွေ ထပ်မလိုပါဘူး ။
စက္ကူပန်းကလေးလို
ရနံ့တွေ ဖွက်ဖွက်ပြီး ငါ့ကို စိတ်ကောက်ချင်တုန်းလား ။
တစ်ယောက်နဲ့တစ်ယောက်တွေ့ဖို့
လူကူးမျဉ်းကျားရှာရမယ့် အရွယ်တွေမှ မဟုတ်တော့တာ ။
ကံကောင်းချင်တော့
မင်းနဲ့တွေ့မယ့်နေ့မှ ငါ့မျက်မှန်ကြီးလည်း ကွဲသွားတယ် ။
အခု အသည်းအားဆေးတွေ သောက်နေရတာ
ငယ်ငယ်က ခဏခဏ အသည်းကွဲခဲ့တဲ့ဒဏ်တွေလို့
မင်းကို စချင် နောက်ချင်လို့ ။
ဘုရားသွားကျောင်းတက်ဖော်ကြီးရယ်
ကိုယ့်လမ်းကိုယ်လျှောက်
ကံရှိသလောက် ဝေးခဲ့ကြဖူးတာ
ထားလိုက်ပါစို့ကွယ် ။
လင်းဒီပ
၀၂.၁၀.၁၁
Thursday, September 29, 2011
မသိခြင်းပစ်မှတ်များ
လေထဲ
ရည်ရွယ်ရာမဲ့ ပစ်လွှတ်ခဲ့
မိတ်ဆွေများလည်း ထိသွားနိုင်သည် ။
ရန်သူများလည်း ထိသွားနိုင်သည်။
မမှတ်မိတော့ပါ
မြားဦးမှာ အဆိပ်လူးခဲ့သလား ။
မမှတ်မိတော့ပါ
မြားဦးမှာ မေတ္တာလူးခဲ့သလား ။
မုန်းသူများလည်း ချစ်သွားနိုင်သည် ။
ချစ်သူများလည်း မုန်းသွားနိုင်သည် ။
(မမှတ်မိတော့ပါ)
တစ်ဘဝလုံး
မြားများစွာ
ရည်ရွယ်ရာမဲ့ ပစ်လွှတ်ခဲ့ဖူးပြီ ။
လင်းဒီပ
၂၉.၀၉.၁၁
Monday, September 26, 2011
မီးသေနေတဲ့နေ့များ
မပျော်တဲ့စိတ်ကလေး
အရည်ပျော်မသွားဖို့အရေး
အားတင်းအေးခဲ....
မပျော်တဲ့စိတ်ကလေး
အရည်ပျော်မသွားဖို့အရေး
အေးခဲအားတင်း....
နေရင်းက
မပျော်ပါဘူးကွယ် ။
လင်းဒီပ
၂၆.၀၉.၁၁
Wednesday, September 21, 2011
ဖတ်မိတော့လည်းကဗျာ(၆)
တူပြီ အော်တဲ့လူနဲ့
မြေလှန်ရှာတဲ့လူနဲ့
ကမ္ဘာကြီးရဲ့ ကစားနည်းတွေက ဟိုတုန်းကအတိုင်း ။
နောက်တစ်ခါ မင်း ထပ်မရှုံးမချင်း မင်းနိုင်တယ်
နောက်တစ်ခါ ငါ ထပ်မရှုံးမချင်း ငါနိုင်တယ် ။
နိုင်တဲ့သူ အလံစိုက်
ရှုံးတဲ့သူ အံကျိတ်ကြေကွဲ
ငြိမ်းချမ်းခြင်းဆိုတာ မိုးပြေးလေးပါပဲ ။
လင်းဒီပ
၂၁.၀၉.၁၁
Tuesday, August 30, 2011
ဘာသာပြန်
ကျွန်တော်တို့ နေစဉ်ဘဝ/နေ့စဉ်ဘဝ တွေကို မြင်သလို ဘာသာပြန်ကြည့်တာကို စာရေးတာလို့ပင် ပြောရမည် ထင်ပါသည် ။ ကျွန်တော်တို့ဘဝကို လာရောက်ထိခတ်လာသမျှ အပူအအေးခံစားမှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ရသည် ။ တကယ်ဆို ကျွန်တော်တို့ အားလုံးသည် လွတ်လပ်သူများ မဟုတ်ကြ ။ တစုံတရာထက် မကသော ချည်နှောင်မှုတွေ ရက်ဖောက်ပြီး တတိတိစားနေတဲ့ အချိန်နာရီတွေကြားမှာ ဘဝဆိုတဲ့ ပညတ်တစ်ခုစီကို ပိုင်ဆိုင်ထားရသည် ။ မလွတ်လပ်သူများဆိုသော စကားကို အနည်းငယ် ပြောလိုပါသည် ။ ကျွန်တော်တို့ ဘဝကို ရကတည်းက မသိသာစွာပင် ရှင်သန်ချင်စိတ် ရှင်သန်ခြင်း၏ချည်နှောင်မှု ခံခဲ့ရသည် ။
ထိုထိုဤဤဖြတ်သန်းကြီးပြင်းရင်း ချစ်သူ ခင်သူများ၏ အမုန်းကို မခံယူရဲသောစိတ် ၊ ပိုင်ဆိုင်ချင်သော သက်ရှိသက်မဲ့များကို အဆုံးရှုံး မခံရဲသောစိတ် ၊ သေခြင်းကို ရင်မဆိုင်ချင်သေးသောစိတ် စသည်တို့ဖြင့် နေထိုင်ခဲ့ကြသည် ။ ထိုသို့သော ချည်နှောင်မှုများ မလွတ်လပ်မှုများကြောင့်ပင် အမှားများ မရိုးသားမှုများကိုလည်း ကြံခဲ့ ပြောခဲ့ ပြုခဲ့ မိကြသည် ။ တစ်နေ့တာလုံး ဖြောင့်မှတ်စွာ ဖြတ်သန်းမိပါရဲ့လား မုသားကင်းကင်း နေထိုင်ခဲ့ပါရဲ့လားဟု စမ်းစစ်မိသောအခါ မဖြူသော အပြုအမူများအတွက် ဝမ်းနည်းမိသည် ။ လူနဲ့အင်္ကျီသီချင်းလေးကို အဖန်ဖန် ညည်းမိသည် ။ မလွတ်လပ်ခြင်းတွေကြောင့်ပဲ ထပ်ပြန်တလဲလဲ မှားယွင်းကာ သမုဒယ နှောင်ကြိုးများကြားမှာ သံသရာကို အခါခါ လည်မိစေခဲ့သည်ပင် ။ လွတ်လပ်လာသောတစ်နေ့တွင် ဖြူသောစကား ဆိုမိပေမည် ။
မဖြူသောဘဝ မဖြူစင်သူများ အချင်းချင်း ရစ်ပတ်နှောင်ဖွဲ့ ပျော်ရွှင်ဝမ်းနည်းကြရင်း စိတ်များစီးဆင်းရာကို ဘာသာပြန်ခြင်းအမှုအဖြစ် ကျွန်တော်စာရေးခဲ့သည် ။ ကျွန်တော့်စာများသည် ကျွန်တော့်ဘဝရောင်စုံနေ့စွဲ့များ ခံစားမှုများကို တစ်ခုသော အတိုင်းအတာထိ ထင်ဟပ်မိပေမည် ။ ကျွန်တော့်ပျော်ရွှင်မှု ကျွန်တော့်ဝမ်းနည်းမှု ကျွန်တော့်ကောင်းမှု ကျွန်တော့်ဆိုးမှု များကို ချရေးစရာ စာမျက်နှာလေးတစ်ခုအဖြစ် ဘလောဂ့်လေးကို ကျွန်တော်ချစ်ခင်ခဲ့သည် ။ ကျွန်တော့်မရိုးသားမှုများကို ရိုးသားစွာ ဝန်ခံချင်စိတ်ရှိသောအခါ ဝန်ခံပြီး တခါတလေတော့လည်း ထိန်ဝှက်စွာ(လှပစွာ) စာပန်းချီ ရေးခြယ်မိသည် ။
အခုနောက်ပိုင်း ရိုးသားမှု လွတ်လပ်မှုအကြောင်းကို အရင်ထက် ပိုတွေးမိသည် ။ ဘာလုပ်လုပ် ရိုးသားကြကွာလို့ ပြောကြသူများကိုယ်တိုင် ရာနှုန်းပြည့် ရိုးသားဖြူစင်ဖို့ မလွယ်ကူကြောင်း တွေးမိသောအခါ လူအဖြစ်၏ အားနည်းချက်ကို ကျွန်တော် သတိချပ်မိသည် ။ မမြင်နိုင်သော ချည်နှောင်မှုတွေ ကြားမှာ ကျွန်တော်တို့က ကြိုးဆွဲရာ ။ စွန်လွတ်သောအခါ စွန်ကလေးကို ချည်နှောင်ထားသော(ဆိုင်းကြိုး) ကြိုးတစ်ချောင်းသာ ရှိသည် ။ ထိုကြိုးကလေး ပြတ်လျှက် လေထဲ ဝဲလွင့်သွားသော စွန်ကလေး လွတ်မြောက်သွားခဲ့ပြီ ။ ကျွန်တော်တို့ကတော့ စွန်ကလေးတစ်ကောင်ထက် ဆိုင်းကြိုးတွေ ပိုများခဲ့သည် ။ ထိုဆိုင်းကြိုးများနှင့်….လောကဓံရှစ်ပါး ကိုယ်လေးလက်ဝန်နှင့် ။ ထိုသို့ ဖြတ်သန်းရင်း ဘဝနေ့ရက်များ ထွက်ပေါက်တစ်ခုအဖြစ် ထုံဆေးကောင်းကောင်းလေးတစ်မျိုး ၊ လေရှုရှိုက်စရာ ပြတင်းတံခါးလေးတစ်ခုအဖြစ် စာရေးခြင်းအမှု ကျွန်တော်မက်မောခဲ့ပေသည် ။
ကျွန်တော်ငယ်ငယ်က ဒိုင်ယာရီထဲမှာ စာရေးသည် ။ နောက်တော့ ကဗျာစာအုပ်ကလေးတွေမှာ ရေးသည် ။ အခုလို အင်တာနက်ခေတ်ရောက်လာတော့ အွန်လိုင်းပေါ်မှာ စာရေးဖြစ်တော့သည် ။ ဆိုရလျှင် အခုပြတင်းပေါက်က ပိုကျယ်သည် ။ ကျွန်တော့်ပြတင်းပေါက်မှ ကျွန်တော်က မိတ်ဆွေများကို မြင်ရသလို ကျွန်တော့်ကိုလည်း မိတ်ဆွေများက မြင်ရသည် ။ အခုဆိုလျှင် ကျွန်တော့်ဘလောဂ့်လေးပင် သုံးနှစ်ပြည့်တော့မည် ။ စိတ်အမောများကို ဖြည်ချရင်း တဖက်အမောများကို မျှဝေခံစားရင်း ခေတ်ကြီးထဲ ကိုယ်စီးဆင်းမိသလို စီကုံးထားသော စာမျက်နှာလေးတစ်ခု သုံးနှစ်ရှိခဲ့ပြီ ။ ကျွန်တော့်ဘလောဂ့်လေးကို အချိန်ပေးဖတ်ရှုကြသော သူငယ်ချင်း ညီအစ်ကို မောင်နှမ အားလုံးကို အမှန်ပင် ကျေးဇူးတင်မိပါသည် ။
တကယ်တော့ မြစ်တစ်စင်း၏ စီးဆင်းမှုမျိုးမျှသာ ဖြစ်ပါသည် ။ ကျွန်တော်က ချိုသောသစ်သီးများကို ယူလာခဲ့သလို အမှိုက်သရိုက်များကို သယ်ဆောင်ခဲ့မိပေလိမ့်မည် ။ အမှိုက်ဖြစ်ခဲ့လျှင် တောင်းပန်လိုပြီး ချိုသောသစ်သီးများအဖြစ် စာချစ်သူများ ချိုမြိန်စေသောအခါ ကျွန်တော် တကယ်ပျော်ရွှင်မိကြောင်းတော့ ပြောလိုပါသည် ။ ဒီဘက်နှစ်မှာ ကျွန်တော် စာရေးအားလျော့လာသည် ။ မြစ်တစ်စင်း ရေစီးနှေးလာသည်ပဲ ဆိုပါတော့ ။ ဆက်လက်တော့ စီးဆင်းနေဦးမည်ဟု စီးဆင်းခွင့်ပြုပါလို့လည်း ကျွန်တော်ပြောလိုပါသည် ။ တတ်နိုင်သရွေ့ ချိုသောသစ်သီးများသာ ယူဆောင်ခဲ့လိုပြီး အမှိုက်များပါလာခဲ့လျှင်တော့ မြစ်တစ်စင်းက တောင်းပန်လိုပါသည် ။
မပျော်ရွှင်စရာတွေထဲမှာ ပျော်ရွှင်အောင်နေတတ်ဖို့ မတည်ငြိမ်စရာတွေထဲမှာ တည်ငြိမ်အောင်နေတတ်ဖို့ ဘဝကို ကျွန်တော်တို့တွေ ရရှိခဲ့တာလို့ပဲ နားလည်လက်ခံမိပါသည် ။ နှောင်ကြိုးများကို အတတ်နိုင်ဆုံး တွေ့မြင်ဖြေလျော့ရင်း လွတ်လပ်သော ဘဝကိုယ်စီ ပိုင်ဆိုင်ဖို့ ရိုးသားမှုများကို လေးမြတ်ရင်း ဘလော့ဒေးအမှတ်တရအဖြစ် ကျွန်တော်ရေးလိုက်ပါသည် ။
(ကိုအောင်(ပျူနိုင်ငံ)တဂ်ထားတဲ့ ဘလောဂ့်ဒေးအမှတ်တရ ပိုစ့်ပါ ။ ကိုအောင် ကျေနပ်မယ်လို့ ထင်ပါတယ် ခင်ဗျား :) )
လင်းဒီပ
၃၀.၀၈.၁၁
Sunday, August 14, 2011
ဘဝလည်ပြန်
အခါခါလွဲခဲ့ပေါ့ …
ပုဂ္ဂိုလ်ခင်လို့ မင်ခဲ့တဲ့တရားများ
မမြင်ဖူးလို့ ထင်ခဲ့တဲ့မူးမြစ်များ
အငှားခန္ဓာမှာ အစွဲမစဲ
အဝိဇ္ဇာရေခဲမြစ်ထဲ ဘဝက ထုံကျင်အေးခဲ ။
မင်းကို မှားနေတယ် ပြောရအောင် ငါကလည်း မမှန်ဘူး ။
ဒီလမ်း မဟုတ်ဘူး ငြင်းရအောင် ဘယ်လမ်းမှန်း ငါလည်း မသိဘူး ။
ပုံရိပ်ယောင်တွေ
ကဗျာတစ်ပုဒ်ထင်ရင်း ရွတ်ကြည့်လိုက်
ပုံရိပ်ယောင်တွေ
ဟာသတစ်ခုထင်ရင်း ရယ်မောလိုက်
ပုံရိပ်ယောင်တွေ
ဒေါသထွက်စရာတစ်ခုထင်ရင်း ပေါက်ကွဲလိုက်
ပုံရိပ်ယောင်တွေ
သနားစရာတစ်ခုထင်ရင်း စာနာလိုက်
ငါစားနေတဲ့အသီးက သေခြင်းတရားနဲ့ နီးတယ် ။
ငါနေတဲ့မြို့က ငရဲကြီးရှစ်ထပ်နဲ့ နီးတယ် ။
ငါချစ်နေတဲ့ မိန်းမက…
ငါသွားနေတဲ့ခရီးက …
ငါမှားနေတဲ့အမှားက…
စွန့်လွှတ်လို့ မရသေးတော့ စွန်လွှတ်နေရတယ် ။
ပြတ်သားလို့ မဖြစ်နိုင်သေးတော့လည်း ပြန်မှားနေရတော့တာပဲ ။
လင်းဒီပ
၁၄.၀၈.၁၁
Thursday, August 11, 2011
လမ်းခွဲတေး(၂)
အမှား ခိုနားမိခဲ့တဲ့
မလိမ်မိုးမလိမ်မာငှက်ကလေး ။
“မလိုအပ်ဘဲ စကားတွေ အများကြီး ပြောခဲ့မိတာ
မလိုအပ်ဘဲ ဆေးထိုးသလိုပဲ”
ရင်မခုန်ကြေး ဆိုတဲ့
နားလည်မှုစာချွန်လွှာလေး အခါခါ စုတ်ဖြဲခဲ့မိ ။
အငြင်းဝါကျတွေက
တစ်ချက်တည်း ကျင်းဝင်နေကျမို့
ဘာမှ ထပ်မပြောချင်တော့ ။
ပျော်မယ် မဟုတ်လား…
မလွမ်းတတ်သူများ ကြီးစိုးရာမှာ
မတောင်းဘဲ ပေးခဲ့တာတွေနဲ့
တောင်းပြီး မပေးခဲ့တာတွေအတွက်
ကျေးဇူးတင်ပါတယ် ။
လင်းဒီပ
၁၁.၀၈.၁၁
“လမ်းခွဲတေး”ဆိုတဲ့ ကဗျာလေးကို ဒီမှာ ရေးခဲ့ဖူးပါတယ် ။
အကင်းမသေသေးတဲ့ ခံစားချက်တွေအတွက် ဒါလေး ထပ်ရေးပါတယ် ။
Sunday, July 31, 2011
လူပျော်လေးချစ်သူ
ဒီမြို့လေးကို ရောက်တော့မှ ကျွန်တော်သိထားတာထက် ကမ္ဘာရဲ့ လည်နှုန်းက ပို မြန်နေတဲ့အကြောင်း မေမေ့ကို ဖုန်းထဲမှာ ပြောမိတော့ မဟုတ်ဘူးသားရဲ့ မင်းရောက်နေတဲ့ မြို့လေးက မေမေတို့မြို့မှာထက် ကမ္ဘာရဲ့လည်နှုန်းက ပိုမြန်တာ ။ တကယ်လို့ နောက်ထပ်မြို့ကြီးတစ်ခုကို မင်းရောက်သွားတဲ့အခါ အဲဒိမြို့လေးမှာထက် ပိုမြန်တဲ့ လည်နှုန်းတစ်ခုကို ရင်ဆိုင်ရလိမ့်ဦးမယ်လို့ မေမေက ပြန်ဖြေတယ် ။ ဆက်ပြီးတော့ … သား ကမ္ဘာရဲ့လည်နှုန်းကို သတိထားမိဖို့ထက် ကိုယ့်စိတ်ရဲ့ အရွေ့အသွားကို သတိချပ်နေဖို့က ပို အရေးကြီးတယ်နော် လို့ ဖုန်းထဲကနေ တခုတ်တရ မှာပါတယ် ။
(ခ)
မနေ့ညက ဖြူနဲ့ ဖုန်းပြောတော့ ကိုအလုပ်အကိုင် အဆင်မပြေဘူးလို့ ဟိုတစ်ခါ ပြောတာနဲ့ မမကြီးကို ပြောမိတယ် ။ မမကြီးက သူ့သူငယ်ချင်းတွေရှိတဲ့ နောက် တစ်နိုင်ငံကို ထပ်ကူးမလားလို့ မေးတယ် ။ ကို ဘယ်လို သဘောရလဲ ။ ကြိုးစားကြည့်ချင်လား ။ ကျွန်တော်လည်း အံသြသွားပါရဲ့ ။ တချိန်လုံး သူနဲ့အတူတူ ပြန်နေဖို့ချည့် နားပူနားဆာလုပ်နေတဲ့ ဖြူ့ပါးစပ်က စကားအဆန်းတွေ ကြားရလို့ပါ ။
မကူးချင်ပါဘူး ဖြူရဲ့ ။ ထပ်ကူးရင် ဖြူနဲ့ ပိုဝေးသွားမှာပေါ့ ။ အခုအတိုင်းက လေယာဉ်တစ်ဆင့်ပဲ စီးရတယ်လေ ။ ကိုက ဖြူနဲ့ အဝေးကြီးမှာ မနေချင်ဘူး ။ နီးနီးလေးမှာလည်း မနေချင်ဘူး ။ နားငြီးလို့ ။
ကျွန်တော့်ကို ပြောလို့မရတဲ့ ဖြူကတော့ ထုံးစံအတိုင်း ရယ်လို့ပေါ့ ။ ပြီးမှ ထပ်ပြောတယ် ။
ကိုက ဖြူကို ရည်းစားထားတာလား ။ insurance ထားတာလား တဲ့ ။
ဘာလို့လဲ ။
ဟုတ်တယ်လေ ။ ကို ဘဝမှာ တချိန်ကျ အထီးမကျန်အောင် မိန်းကလေးတစ်ယောက်တော့ ရှိသေးတယ် ဆိုပြီး လုပ်ထားတာ မဟုတ်လား ။ တကယ်တမ်းကျတော့ ကို့ ဘဝ၊ ကို့အချိန်အတော်များများကို သူငယ်ချင်းတွေ အလုပ်တွေ နောက် ကိုဝါသနာပါတာတွေ ကို့ဘဝတိုးတက်ဖို့ ဆက်လုပ်ရမှာတွေ အတွက်ပဲ သုံးနေတာ မဟုတ်လား ။
ခပ်တုံးတုံး ကောင်မလေးတစ်ယောက်လို့ နားလည်ထားတဲ့ ချစ်သူဆီက စကားအဆန်းတွေ ကြားလိုက်ရတော့ အတော်လန့်သွားတယ် ။ တကယ်ပဲ သူ့ကို insurance ထားသလို တွဲနေမိပြီလား ။
တခါတလေဆို ဖြူ.. ကို့ချစ်သူ မဖြစ်ချင်ဘူး ။ ကို့သူငယ်ချင်းတစ်ယောက်ယောက်ပဲ ဖြစ်ချင်တယ် ။ ကိုသူ့ငယ်ချင်းတစ်ယောက်ယောက်က လှမ်းခေါ်လိုက်တာနဲ့ ဖြူနဲ့ အွန်လိုင်းမှာ ချိန်းထားလည်း မစောင့်တော့ဘူး ။ ကို လစ်ပြီ ။ သူငယ်ချင်းတွေနဲ့ သာ သွားနေ စားနေ သောက်နေရမယ် ဆို ဘယ်လောက် အချိန်တွေ ကုန်ကုန် ။
အာ… သူငယ်ချင်းတွေက ဖြူလို ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေ မရှိပါဘူး ။ ကျွန်တော် ပြန်ငြင်း ကြည့်သေးတယ် ။
ကို မှတ်မိလား ။ ဖြူလာလည်တုန်းကလည်း ကို့အရင်အလုပ်က သူငယ်ချင်းတွေနဲ့ အိမ်တစ်အိမ်မှာ ချက်ပြုတ်စားသောက်ပြီး ဖြူတစ်ခုမှ မသိတဲ့ engineering အကြောင်းတွေ ငြင်းကြခုန်ကြ ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး ရယ်ကြနဲ့လေ ။ ဖြူမှာတော့ ငုတ်တုပ် ။ ဟာ … ဖြူသူငယ်ချင်းတွေနဲ့ ရန်ကုန်မှာ မုန့်သွားစားတော့လည်း ကိုမသိတဲ့လူတွေနဲ့ လိုက်ထိုင် ဝင်ရော ဒီလိုပဲ ရင်းနှီးသွားတာပဲဟာ ။ ဖြူကိုက လူမှုရေးညံ့တာ ။
ကဲ…ထားတော့ဖြူ ။ အခုကော ဘာလို့ ကို့ကို ပြန်လာဖို့ မတိုက်တွန်းဘဲ ပိုဝေးတဲ့ နေရာဆီ သွားခိုင်းနေတာလဲ ။ ရန်ကုန်မှာ နောက်တစ်ယောက် တွေ့နေပြီလား ။
တော်ပါပြီ ။ ကို့တစ်ယောက်နဲ့တင် အတော်လန့်နေပြီ ။
ကိုက လူဆိုး မဟုတ်ပါဘူး ။ မကောင်းတာပဲ ရှိတာ ။
ဟုတ်တယ်လေ ကိုလုပ်တဲ့ မကောင်းတာတွေက ထုတ်ပြလို့ မရတဲ့ ဟာတွေ ။ ကိုက လူလည် … အပြစ်ရှာမရအောင် လုပ်ထားတယ် ။
ဒီတစ်ပတ်ကော အိမ်မှာ နေမှာလား ။
နေမှာပေါ့ ဘယ်မှ မသွားဘူး ။
ပြောတာပဲ ။ pfingo နဲ့ခေါ်လိုက်ရင် လမ်းပေါ်က ပြန်မလာသေးဘူး ။
အဲလောက်ဖြစ်နေလည်း ကိုနဲ့ လာနေပါလား ။ ရွှေပြည်ကြီးကို အတော်ချစ်တာပဲလား ။
တော်ပါ လာနေဖို့ မဖြစ်တဲ့လူကို အတင်းခေါ်နေ ။ ကို့ဘာသာ ပျော်သလောက်သာနေ ။ ပျော်တာတွေသာ လျှောက်လုပ် ။
မေမေကို သွားတိုင်မနေနဲ့ဦး ။
မတိုင်ပါဘူး တိုင်လည်း ရှင့်အမေက ရယ်နေတာ ။ သူ့သား ဘာမှ ပြောတာ မဟုတ်ဘူး ။
ချစ်တာကိုး ကလေးမရဲ့ ။
နောက်တော့လည်း ဖုန်းချသွားပါတယ် ။ မဟုတ်ပါဘူး ဖုန်းကျသွားတာပါ ။ ဖုန်းကဒ် ကုန်သွားလို့ ။စကားကတော့ ဖုန်းကဒ် ဆယ်ကဒ်ပေါင်း ဆက်တောင် ကုန်မှာ မဟုတ်ပါဘူး ။
(ဂ)
ဖြူနဲ့ ဖုန်းပြောပြီးမှ ပြီးခဲ့တဲ့အခေါက် ရန်ကုန်ပြန်တဲ့နေ့က အဖြစ်လေးကို အမှတ်ရပါတယ် ။ လေယာဉ်ပေါ်မှာ မတွေ့တာ အတော်ကြာတဲ့ သူငယ်ချင်းအင်ဂျင်နီယာမတစ်ယောက်နဲ့ မထင်မှတ်ဘဲ flight တစ်ခုတည်းတွေ့ပြီး တလမ်းလုံး စကားများလာပါတယ် ။ ရန်ကုန် ရောက် luggage ရွေးတဲ့ နေရာမှာ သူ့ luggage က အတော်နဲ့ ထွက်မလာတာ ကူစောင့်ပေးနေ စကားတွေ ပြောနေ ရယ်နေတာကို လာကြိုတဲ့ ဖြူက အပြင်ကနေ အစအဆုံး မြင်ပေရဲ့ ။ တလမ်းလုံး စကားမပြောဘဲ အိမ်ကျတော့ မေမေ့ကို သွားတိုင်တော့ မေမေက ပါးစပ်ပါတော့လည်း စကားပြောမှာပေါ့ သမီးရယ် ဆိုပြီး ခပ်ပြုံးပြုံးနဲ့ ပြန်ပြောပါတယ် ။ အဲဒီကတည်းက တိုင်လည်း သိပ်မထူးဘူးဆိုတာ ဖြူသိသွားပုံရတယ် ။
မေမေကတော့ ကိစ္စအထွေအထူးမဟုတ်ရင် ဘာမှ ပြောလေ့မရှိဘူး ။ ဖေဖေကလည်း ငယ်ငယ်က နောက်နောက်ပြောင်ပြောင်နေတတ်ပေမယ့် အသက်ကြီးတော့ အေးအေးဆေးဆေး ပဲ ။ ကျွန်တော်ကတော့ အခုထိ ပျော်ပျော်နေတတ်တုန်း ဆိုတော့ ဖြူမှာ ကျွန်တော့် မကျေနပ်ရင် ဘယ်တိုင်လို့ တိုင်ရမှန်းမသိ။ တကယ်ဆို ကျွန်တော်လည်း ဖြူကို ချစ်ပါတယ် ။ ဆရာမဂျူးစကား ငှားသုံးရရင် အချစ်ဆိုတာ ကြိုးနဲ့ သီထားဖို့မလိုတဲ့ ပန်းကလေးတွေလို့ ကျွန်တော်က မြင်တယ် ။ မသီဘဲထားတာ နည်းနည်း များနေပြီလားတော့ မသိဘူး ။
တခါတလေတော့ အဲဒီ insurance လေးကို တအားလွမ်းတယ်ဗျ ။ ဒါပေမယ့်လည်း ကမ္ဘာကြီး အလည်မရပ်သရွေ့ သူ့လည်ပတ်နှုန်းကို စဉ်းစားရင်း ကျွန်တော်ကလည်း တယ် အလုပ်များသကိုး ။
လင်းဒီပ
၁၅.၁၀.၁၀
Wednesday, July 27, 2011
ပိန်ခြောက်ခြောက်ပေါင်မုန့်များ
အရိုးမှာကပ်နေတဲ့ အသားဖတ်လေးကို ငတ်မွတ်တွယ်ကပ်ရင်း
ကိုယ့်မှာ အချိုရည်မကုန်သေးသရွေ့ ကြံရည်စက်လို လုပ်ငန်းစုကြီးတွေထဲ
စိတ်ရောကိုယ်ရော ထိုးထည်ြ့ကိတ်လိုက်
ကျေးဇူးတင်ပါတယ် ဆိုတာ တယ်လီဖုန်းအချမှာ Sign Out လုပ်တဲ့စကားတခွန်း
လစာနည်းပေမယ့် အတွေ့အကြုံရတယ် ဆိုရအောင်
မင်းအတွေ့အကြုံစုနေတာ ဒီအရွယ်ထိ မပြီးသေးဘူးလား
ငါးအကြီးကြီးတွေက ငါးအသေးလေးတွေကို စားပေါ့
နိုင်ငံဝဝကြီးတွေက နိုင်ငံပိန်ပိန်လေးတွေကို စားပေါ့
လုပ်ငန်းစုကြီးတွေက လုပ်ငန်းစုလေးတွေကို စားပေါ့
ဂလိုဘယ်လိုက် ၊ တံခါးဖွင့်စီးပွားရေး ၊ ဒီမိုကရေစီ ၊ ဗဟိုချုပ်ကိုင်မှု လျော့ချဖို့ စတာတွေ စတာတွေ
ကွန်ပျူတာ မသုံးတတ်လို့ ကွန်ပျူတာကို မုန်းသလို
သိမ်ငယ်စိတ်က အမုန်းကို အလေ့ကျ အပင်ပေါက်အောင်လုပ်တယ် ။
ငါ့မြို့ငါ့ရွာက ငါ့နှမလေးရယ် ဆက်ဆက်တောင်းရမ်းယူမယ့်အကြောင်း
သားမှတ်မှတ် မယားမှတ်မှတ် အဝေးကနေ ပေါင်းသင်းနေမယ့်အကြောင်း
လည်ပြန်ငေးကြည့်လိုက်တော့လည်း သစ်တောသစ်ပင်ချစ်ခင်တဲ့လူမျိုးမှာ အရိုးပြိုင်းပြိုင်း
အတုမြင်သမျှ လိုက်သင်ရင်း အစစ် ပျောက်ဆုံးသွားသူများကို အထိတ်တလန့်
ငရဲပြည်ရောက်သွားမှ နိဗ္ဗာန်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ မေးမိ
အဆင်ပြေလားဆိုတဲ့မေးခွန်းက ဘယ်တော့မှ စာမေးပွဲ မအောင်ဘူး ။
အမြင်ကြီး မြင့်နေတဲ့တိုက်ထဲမှာ အနိမ့်ကြီးနိမ့်ကျတဲ့ စိတ်နဲ့
အတွေးတွေက ဆီလို အပေါက်ရှာပြီး စီးကျလို့
ကိုယ့်ဘဝကိုယ် မိန်းချပြီးမှ ဘယ်သူ့ပယောဂနဲ့မှ ထပ်မမှောင်တော့ ။
ဖြစ်ပါတယ်
လှိုင်းစီးရင်း ပျော်တတ်သူများ လှိုင်းစီးရင်းပျော်ပါစေ
ရေနွေးအိုးထဲက ဖားကလေးတွေလိုပဲ
တို့တွေက မေ့လွယ်ပျောက်လွယ်နဲ့ ကစားခုန်စား မပျက်ဘူး
ကျက်ကျက်ဆူမယ့် အပူချိန်ဆိုတာ မနက်ဖြန်ရောက်လာမှာမှ မဟုတ်သေးတာ
ကျားကြီးတော့ ခြေရာကြီး အသက်ကြီးတော့ အမှားကြီးတယ် ။
လင်းဒီပ
၂၇.၀၇.၁၁